တိုက်ပွဲများဖြစ်ပွားပြီး ၁၀ရက်ကျော်အကြာတွင် ရခိုင်ဒုက္ခသည်များအား INGO များသွားရောက်ကူညီ

စစ်တွေမြို့ရှိ Unicef အဖွဲ့မှ ထောက်ပံ့သည့် ပစ္စည်းများကို ရွေှ့ပြောင်းနေစဉ်။ (ဓာတ်ပုံ - ခိုင်ဖြိုး / RNA)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာတွင် ခိုလှုံနေသော ရခိုင် စစ်ဘေးရှောင် ဒုက္ခသည် ငါးရာကျော်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) များက သွားရောက် ကူညီမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ သွားရောက်ကူညီ ထောက်ပံ့မည့် INGO များသည် ကျောက်တော်မြို့သို့ ရောက်ရှိနေပြီး ယနေ့ (ဧပြီ ၂၉) တွင် စပါးဆိပ်ကျေးရွာသို့ သွားရောက်ရန်
ပြင်ဆင်နေကြောင်း ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက် က Rakhine News Agency သို့ပြောသည်။

“အန်ဂျီအို အဖွဲ့တွေကတော့ ရောက်နေပြီ။ အဖွဲ့တွေကို လုံခြုံရေးနဲ့ အဲ့ဒီနေရာ(စပါးဆိပ်ကျေးရွာ)ကိုပို့ပေးဖို့ လုပ်နေပါတယ်” ဟု ၄င်းကပြောသည်။

ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှာ ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef)၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) တို့ဖြစ်ကြောင်း သိရသည်။

“လောလောဆယ်တော့ အခုရောက်နေတဲ့ သုံးဖွဲ့ကိုပဲ ပို့ပေးဖို့စီစဉ်နေတယ်။ တစ်ခြား အန်ဂျီအိုတွေကတော့ ကျွန်တော်တို့ကို ဆက်သွယ်လာတာ မရှိသေးဘူး” ဟု ဦးဇော်မင်းထိုက် ကပြောသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ ဒေသအချို့တွင် မြန်မာအစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့သည် ဧပြီလ ဒုတိယပတ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွား ခဲ့သောကြောင့် ပတ်ဝန်းကျင် ကျေးရွာများမှ
စစ်ရှောင်ဒုက္ခသည်များသည် စစ်ဘေးဒဏ် လွတ်ကင်းသည့် စပါးဆိပ်ကျေးရွာသို့ လာရောက်ခိုလှုံနေသည်မှာ ၁၀ရက်ကျော် ကြာမြင့်နေပြီဖြစ်သည်။

ရခိုင်ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ အချိန်မီထောက်ပံ့နိုင်ရန်အတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ မြန်မာအစိုးရအား ဧပြီလ ၂၇ရက်တွင် တောင်းဆိုခဲ့ပြီးနောက် စစ်တွေမြို့ရှိ INGO များက ရခိုင်ဒုက္ခသည်များအား ကူညီပေးရန် ကျောက်တော်မြို့သို့ ရောက်ရှိလာခဲ့သည်။

စစ်တွေမြို့ရှိ Unicef အဖွဲ့မှ စပါးဆိပ်ကျေးရွာရှိ စစ်ရှောင် ဒုက္ခသည် အိမ်ထောင်စု ၁၁၅ စု၊ လူဦးရေ ၅၇၅ဦး အတွက် အ၀တ်အထည်၊ အိုးခွက်ပန်းကန်၊ ခြင်ထောင်၊ စောင်၊ အိပ်ရာ စသည့် အဓိက အသုံးအဆောင်ပစ္စည်း ၂၆ မျိုးပါဝင်သော အထုပ် ၁၁၅ထုပ်ကို ကူညီထောက်ပံ့မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီရခြင်းသည် မိမိတို့ အဖွဲ့အနေဖြင့် ဤဒေသအတွက် ပထမခြေလှမ်းဖြစ်ကြောင်း၊ အကယ်၍ အဆိုပါဒုက္ခသည်များ အချိန်ကြာမြင့်စွာရှိနေဦးမည် ဆိုပါက ကိုယ်တိုင်သွားရောက် လေ့လာအကဲဖြတ်၍ လိုအပ်သည်များကို ဆက်လက်ကူညီမည်ဖြစ်ကြောင်း UNICEF အဖွဲ့မှ စစ်တွေရုံးခွဲ တာဝန်ခံ Ms.Yosi Burckhardt ကပြောသည်။

စပါးဆိပ်ကျေးရွာရှိ စစ်ဘေးရှောင် ရခိုင်ဒုက္ခသည်များအား ကူညီထောက်ပံ့ပေးခဲ့သည့် နိုင်ငံတကာ အန်ဂျီအိုများသည် ကျောက်တော်မြို့နှင့် မိုင် ၇၀ခန့်ဝေးသော ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင်
ရုံးခန်းနှင့် ကူညီထောက်ပံ့ရေး ပစ္စည်း သိုလှောင်ရုံများ ကို ဖွင့်လှစ်ထားသည်။

ခိုင်ဖြိုး ၊ လှရွှေ - ‎RakhineNewsAgency‬
Previous
Next Post »
Powered by Blogger.