မြီးရှည်လုပ်စားရအောင်


လုပ်ရတာ အမယ်များပြီး လျှာရှည်လွန်းလို့ မြီးရှည်လို့ အမည်ရထားတယ်လို့ ထင်ပါတယ်ရှင်…. grin emoticon ဒါပေမယ့်လည်း လုပ်ပြီးတဲ့နောက် စားရတဲ့အချိန်မှာ ကောင်းလွန်းလို့ နောက်တစ် ကြိမ်ပြန်ပြီးလုပ်စားဖို့ တက်ကြွစေတဲ့ မြီးရှည်လေးပါ……။ 

မြီးရှည်ကို မြို့ပေါင်းစုံ၊ နယ်ပေါင်းစုံမှာ နည်းလေးတွေ အနည်းငယ်ကွဲပြီး မြို့နာမည်လေးတွေတပ်ပြီး စားသုံး
ကြပါတယ်။ ကျွန်မ ကတော့ တောင်ကြီးသူဖြစ်ပေမယ့် တောင်ကြီးမြီးရှည်ပုံစံလည်းမဟုတ်ပဲ မြို့ပေါင်းစုံမြီးရှည်တွေထဲက ကျွန်မကြိုက်တာတွေရွေးပြီးထည့်ထားတာမို့ မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည်လို့ အမည်ပေးပါရစေရှင်….

မြီးရှည် တစ်ပွဲစာ အတွက် လိုအပ်တာလေးတွေ…

1. နန်းလတ်မုန့်တီဖတ် – တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခန့်
2. ရိုးရိုးလေး ရှမ်းမုန်ညင်းချဉ် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
3. ရေနွေးဖျောထားသော ပဲပင်ပေါက် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
4. ကော်ရည် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
5. နူးအိနေအောင် ပြုတ်ထားသော ဝက်သုံးထပ်သား – ထမင်းစားဇွန်း ၄ ဇွန်းခန့် (များများထည့်ရင် ပိုကောင်းပါတယ်။)
6. ဆီတိုဟူးကြော် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
7. ပဲငပိ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့်
8. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ (ပဲငပိ နှင့် ဆီတိုဟူးကြော်၏ အပေါ့၊အငံပေါ်မူတည်ပြီး လိုအပ်မှ ထည့်ပါ။)
9. ငရုတ်သီးကြော် နှင့် ငရုတ်သီးကြော်၏ ဆီ – ချင့်ချိန်ထည့်ပေးပါ
10. ပဲငံပြာရည် အကျဲ (thin soy sauce) – ထမင်းစားဇွန်း တစ်ဝက်ခန့်
11. ပဲငံပြာရည် အပျစ် (sweet soy sauce) – ထမင်းစားဇွန်း တစ်ဝက်ခန့်
12. နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် – ထမင်းစားဇွန်း ၁ ဇွန်း
13. နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် – ထမင်းစားဇွန်း တစ်ဝက်ခန့်
14. ပါးပါးလှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း တစ်ဝက်ခန့်
15. ဝက်သားပြုတ်ရည် – ထမင်းစားဇွန်း တစ်ဝက်ခန့်
လိုအပ်သည့် အမယ်များအားလုံးကို အောက်တွင်ဖေါ်ပြထားသော နည်းများအတိုင်းလုပ်ကာ မြီးရှည် တစ်ပွဲအတွက် အထက်တွင်ရေးထားသော နံပါတ်စဉ်လေးများ အတိုင်း အစီအစဉ်တကျထည့်ပြီး လှလှပပလေး နှင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

** မြို့အစွဲမရှိတဲ့ မြီးရှည် (သို့) မြို့မပါတဲ့ မြီးရှည် အတွက် လိုအပ်တာလေးတွေကို အောက်ပါနည်းများအတိုင်း လုပ်ကြရအောင်….

ရိုးရိုးလေးရှမ်းမုန်ညင်းချဉ်ကို ဝယ်၍ မရပါက အဆင်ပြေသလိုရှာကြံပြီးတစ်ခြားတံဆိပ်တွေကိုအသုံးပြုပါ။
ဆီတိုဟူးကြော် အတွက် ဆီတိုဟူး (preserved chilli beancurd – 130 g) နှင့် ဆီ (ထမင်းစားဇွန်း ၃ ဇွန်း) ကို ဖိချေမွှေကာ low heat ဖြင့် ကြော်ပေးပါ။ လိုအပ်လျှင် ရေအနည်းငယ်ထည့်ကြော်ပေးပါ။ 

(ကျွန်မ သုံးတဲ့ ဆီတိုဟူးဗူးမှာ ရေအတော်လေးပါတာမို့ ကျွန်မက ရေမထည့်ပဲကြော်တာပါ။)

နှမ်း နှင့် ချောက်ကော၊ ပါးကော ဆီချက် အတွက် အတော်လေးပူသော ဆီ (ဟင်းခပ်ဇွန်းကြီး ၃ ဇွန်း) ထဲ ချောက်ကော (အမည်းရောင် ဖာလာစေ့ (black cardamom)) – ၅ ခု၊ ပါးကော (နာနတ်ပွင့် (star anise)) – ၅ ပွင့်၊ မလှော်ရသေးသော နှမ်းဖြူ (ထမင်းစားဇွန်း ၃ ဇွန်း) ကို ထည့်ကာ ၁ မိနစ်ခန့်ကြော်ပြီး မီးဖိုမှချပါ။

နံနံပင်၊ ကြက်သွန်ဖြူ အချဉ်ရည် အတွက် ထောင်းထားသော ကြက်သွန်ဖြူ ( ထမင်းစားဇွန်း ၂ ဇွန်း)၊ နှုတ်နှုတ်စင်းထားသော နံနံပင် (ထမင်းစားဇွန်း ၂ ဇွန်း)၊ ရေ (ထမင်းစားဇွန်း ၃ ဇွန်း)၊ ရှာလကာရည် (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရောဖျော်ပေးပါ။

 (တစ်ရက်ခန့်ကြိုတင်ပြီးလုပ်ကာ ရေခဲသေတ္တာထဲသိမ်းပြီးမှ သုံးလျှင် ပိုကောင်းပါတယ်။)

ပွက်ပွက်ဆူနေသော ရေထဲ ထည့်ကာ နူးအိပြဲနေအောင်ပြုတ်ထားသော ဝက်သုံးထပ်သားကို ကြိုက်နှစ်သက်သလို လှီးထားပါ။ 

ဝက်ပြုတ်ရည်ကို မြီးရှည်ထဲထည့်စားရန် နှင့် ကြက်သွန်ပင်၊ အရသာမှုန့်အနည်းငယ် ထည့်ကာ ဟင်းရည်အဖြစ်သောက်ရန် ထားပါ။

ကော်ရည်အတွက် tapioca flour (ထမင်းစားဇွန်း ၃ ဇွန်း) ကို ရေ (375 ml ) ဖြင့် ကြေအောင်ဖျော်ပြီး အရောင်အားလုံးကြည်သွားအောင် low heat ဖြင့် ကျိုပြီးလျှင် မီးဖိုမှချထားပါ။

ငရုတ်သီးဆီချက်အတွက် အတော်လေးပူနေသော ဆီ (ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း) ထဲ ငရုတ်သီးအကြမ်းမှုန့် (ထမင်းစားဇွန်း ၂ ဇွန်း) ထည့်ကာ အနည်းငယ်မွှေပေးပြီး မီးဖိုမှချပါ။

ပွက်ပွက်ဆူနေသော ရေထဲ ၁ မိနစ်ခန့်စိမ်ထားသော ပဲပင်ပေါက်ကို ဆယ်ထုတ်ကာ ရေအေးထဲ ပြန်စိမ်ပြီး ရေစစ်ထားပါ။

ကြက်သွန်ပင် ပါးပါးလှီးထားပါ။

နန်းလတ်ဖတ်ကို အထုတ်ပါ အညွှန်းအတိုင်းပြုတ်ထားပါ။

ဘာမှလုပ်ထားရန် မလိုသော ပဲငပိ (soy bean paste) ကို ဒီအတိုင်း သုံးပါ။

အားလုံး ပြင်ဆင်ပြီးနောက် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Chaw Su's Food Friends
Previous
Next Post »
Powered by Blogger.