ဘူဇွာဗိုက်၊ ဘီယာဗိုက်


ဗိုက်ရွှဲနေသူတွေကို မြင်ရင် ငယ်စဉ်တုန်းက ဘူဇွာ လို့ ခေါ်ကြပေမယ့် အခုတော့ ဘီယာဗိုက်လို့ လှောင်ကြ တဲ့ ခေတ်အခါ ဖြစ်နေပါပြီ။

ဝလို့ လှလို့ မဟုတ်တော့ဘဲ ရောဂါတွေ သယ်ဆောင်လာမယ့် နိမိတ်ဆိုတာ သိလာကြပါပြီ။ တကယ်တမ်း အစားအသောက် ခုံမင်သူတွေကိုယ်တိုင်ပဲ စားချင်သောက်ချင် အာသာငန်းငန်း ဖြစ်တတ်ကြပေမယ့် ဗိုက်တော့ မရွှဲချင်ကြပါဘူး။

ဗိုက်ရွှဲတယ် ဆိုတာက အဆီတွေ လာစုနေလို့ပါပဲ။ အဲဒီ ဗိုက်ရွှဲတာနဲ့ ပတ်သက်ပြီး သိချင် တာလေးတွေ ရှိနေကြမယ်ထင်ပါတယ်။

ဗိုက်က အဆီက တခြားနေရာက အဆီတွေထက်ပိုဆိုးပါတယ်။ ပိုလျှံနေတဲ့ အဆီတွေ တင်ပါးလို အခြား နေရာတွေမှာ စုနေတာထက် ဗိုက်မှာ လာစုနေတာက ပိုဆိုးပါတယ်။ ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်တဲ့ နှလုံး၊ လေဖြတ်၊ ဆီးချို အစရှိတာတွေက ဗိုက်က အဆီတွေနဲ့ ပတ်သက်နေလို့ပါ။ မျိုးရိုးဗီဇအရ အဆီပိုတွေ စုတဲ့ နေရာ ကွာတတ်ပေမယ့် နေထိုင်မှုပုံစံက လှုပ်ရှားမှုနည်းတဲ့ ပုံစံ ဖြစ်နေရင်တော့  ဗိုက်မှာ အဆီ ပိုစုတတ် ပါတယ်။

အဆီပါတဲ့ အစာတွေစားတိုင်း ဗိုက်မရွှဲပါ...

ထောပတ်၊ ချိစ်၊ အဆီများတဲ့ ဝက်သား စတာတွေ စားတာနဲ့  ဗိုက်ရွှဲတာက တိုက်ရိုက်တော့ မသက် ဆိုင်လှ ပါဘူး။ ကယ်လိုရီ များလွန်းတဲ့ အစားအသောက်တွေကို စားတာကသာ ဗိုက်ပိုရွှဲစေပါတယ်။ အကြောင်းရင်း တခုတည်း ကြောင့် ဗိုက်ရွှဲတာတော့ မဟုတ်ပါဘူး။ မျိုးရိုး၊ အစားအသောက်၊ အသက်အရွယ်၊ နေထိုင်တဲ့ ပုံစံ တွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ အစားအသောက်အကျင့်ကို ပြင်ရင် ဗိုက်ရွှဲတာ သက်သာစေနိုင် ပါတယ်။ ပြည့်ဝအဆီတွေ လျှော့၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းဟင်းရွက်တွေ ပိုစား၊ စားတဲ့ အကြိမ်ရေနဲ့ ပမာဏကို ထိန်းနိုင်ရင် ဗိုက်ရွှဲတာ သက်သာစေ ပါလိမ့်မယ်။

ဘီယာဗိုက် ဆိုတာ အမှန်ပါ...

တခြား ကယ်လိုရီတွေထက် အယ်လ်ကိုဟော ဆိုတဲ့ အရက်နဲ့ ပတ်သက်တာတွေ၊ အချိုရည်တွေမှာ ပါတဲ့ ကယ်လိုရီ တွေက ဗိုက်ပိုပြီး ရွှဲစေပါတယ်။ ခန္ဓာကိုယ်က ကယ်လိုရီ မဖြစ်မနေ လိုအပ်တာ မှန်ပေမယ့် အယ်လ်ကိုဟောမှာ ပါတဲ့ ကယ်လိုရီ ကတော့ အဆီတွေမှာ ပါတာထက်ကို ပိုများပါ သတဲ့။

အရက်က ဗိုက်ရွှဲတာနဲ့  ဆက်စပ်နေတာလို့  ယူဆ ထားကြပါတယ်။ ယေဘုယျအားဖြင့်လည်း အရက် သောက်လိုက်တဲ့အခါ အသည်းက အရက်ကို ချေဖျက်နေရတာနဲ့ အဆီကို ချေဖျက်မှု လျော့နည်း လာပြီး ဘီယာဗိုက် ဖြစ်လာပုံပါပဲ။

နောက်တခုက အရက်က ဆာလောင်မှုထိန်းချုပ်တဲ့ ဟော်မုန်းတွေ အပေါ် အကျိုးသက်ရောက်စေပြီး အစားလွန်တတ်တဲ့ သဘာဝရှိလို့ ပါပဲ။

အသွင်ပြောင်းဆီတွေက ကိုယ်အလေးချိန်တက်စေ၊ ဗိုက်ရွှဲစေပါတယ်၊ သုတေသန ပြုချက်တွေရဲ့ အဆို အရတော့ အသွင်ပြောင်းဆီ (Trans Fat) တွေက ဗိုက်မှာ အဆီတွေပိုလာစေသလို တခြားနေရာက အဆီ တွေကိုပါ ဗိုက်ရှိရာ ပို့ပေးပါ သတဲ့။ အသွင်ပြောင်းဆီ အများဆုံး ပါဝင်တာကတော့ မာဂျရင်းတွေ၊ ဘီစကစ် (ကွတ်ကီ၊ ခရက်ကာ အားလုံး) နဲ့ ကြော်ထားတဲ့ အသင့်စား အစာတွေပါပဲ။

ဗိုက်ကအဆီတွေ လျော့စေတဲ့ အရာတွေ...

ဗိုက်ရွှဲတာကို လျော့စေချင်ရင် သုံးဆောင်မှီဝဲရမှာတွေ ရှိပါတယ်။ လေ့လာချက်တွေအရ ရေနွေးကြမ်း (Green Tea) များများ သောက်ပြီး ကိုယ်လက်လှုပ်ရှား လုပ်တာလေးပါ တွဲပေးရင် ဝိတ်ကျစေပါသတဲ့။ အဲဒီ လက်ဖက်စိမ်း မှာပါတဲ့ Catechins ဆိုတဲ့ ဓာတ်ပစ္စည်းတွေက ကယ်လိုရီတွေ လောင်ကျွမ်းတာ မြန်ဆန် စေပြီး ဗိုက်က အဆီတွေ လျော့စေလို့ ပါတဲ့။ ဘယ်ရီသီးတွေ ကလည်း ဗိုက်က အဆီလျော့ကျစေဖို့  အသုံးတည့်တယ် လို့ ဆိုပါတယ်။

အသင့်စား အစာတွေကလည်း ဗိုက်ရွှဲစေတယ်...

အသင့် အလွယ် စားဖို့ လုပ်ထားတဲ့ အစာတိုင်းမှာ အဆီတွေများသလို ကယ်လိုရီတွေလည်း အရမ်းများ ပါတယ်။ များများစားလေ ပိုဆိုးလေပေါ့။ ဟမ်ဘာဂါတွေ၊ အာလူးကြော်တွေ စတဲ့ အသင့်အလွယ်စား အားလုံးကို မကြာခဏ စားလေ ဝိတ်တက်ပြီး ဗိုက်ထွက်လာလေ ဖြစ်မှာပါ။

Diet ဆိုတဲ့ အချိုရည်တွေ ကလည်း စိတ် မချရပါဘူး...

ကယ်လိုရီ နည်းအောင် စီမံထားပါတယ် ဆိုတဲ့ Diet အမည်ခံ အချိုရည်တွေနဲ့ ပတ်သက်ပြီး အမေရိကန် နှလုံးရောဂါ အဖွဲ့ကြီးက သတ်မှတ်ထားတာက မှတ်သားစရာပါ။ အချိုရည်အားလုံးဟာ အမေရိကန်မှာ သကြားအကြွယ်ဝဆုံး နံပါတ် ၁ တွေပါ တဲ့။

သကြား ဖြည့်ထားတာက ကယ်လိုရီတွေ ပိုစေတာမို့ ဗိုက်မရွှဲချင်ရင် အဲဒါတွေ ဝေရာမဏိ လုပ်ဖို့ လိုပါတယ်။ အခု ပြောင်းဖူးက လုပ်တဲ့ သကြားနဲ့ အစားထိုးကြည့်ကြပေမယ့် အဲဒါကလည်း ဝစေတာပဲ လို့  ဆိုနေကြပြန် ပါပြီ။ အချိုအတုနဲ့ ထုတ်ထားတဲ့ ဆိုဒါတွေကို ဝိတ်လျှော့ဖို့  သုံးကြပေမယ့် အဲဒါတွေကပဲ ဝိတ်တက် လာစေ ပြန်တယ် လို့ လေ့လာချက်တွေက ဆိုကြပြန်ပါတယ်။

အမျှင်ဓာတ်တွေ များများစားပေးသင့်တယ်...

ဒါကတော့ တကယ်ကို ဗိုက်ချပ်စေတဲ့ နည်းလမ်းတခုလို့ ဆိုကြပါတယ်။ ဆန်တွေ၊ ဂျုံတွေကို အနုမစားဘဲ အကြမ်း တွေ စားတာမျိုးပေါ့။ အဲသလို အကြမ်းထည်တွေနဲ့ပဲ စီမံထုတ်လုပ်ထားတဲ့ စားစရာတွေကလည်း ကယ်လိုရီ နည်းပါးပြီး ဗိုက်ရွှဲတာကို လျော့ပါးစေနိုင်ပါတယ်။ ပြောင်းဖူးပေါက်ပေါက်လို အစာမျိုးက အမျှင် ဓာတ်တွေ အများကြီး ပါဝင်ပါ တယ်။ ဖြစ်နိုင်ရင် ဆီလုံးဝမပါတဲ့ ပြောင်းဖူးပေါက်ပေါက်မျိုးက အကျိုးကျေးဇူး များလှပါသတဲ့။ အမျှင်ဓာတ်ပါတဲ့ အစာ တွေရဲ့ အကျိုးတခုက ဆာလောင်မှု နည်းစေပြီး အစားအသောက် လျော့စေတာပါပဲ။

ယောက်ျားတွေက ပိုပြီး ဗိုက်ရွှဲလေ့ ရှိကြပါတယ်...

မ ဟော်မုန်းရဲ့ အစွမ်းကြောင့် ယောက်ျားတွေက ခါးနဲ့ဗိုက်မှာ အဆီတွေ ပိုစုတတ်ပါတယ်။ အမျိုးသမီးတွေမှာ မ ဟော်မုန်း အီစထရိုဂျင်ကြောင့် အသက် ၄၀ မတိုင်မီ ဆိုရင် အဆီတွေက တင်နဲ့ ပေါင်တွေမှာ စုတတ်တာ ပါ။ အဲဒါ ကြောင့်လည်း တတုံးတခဲကြီးတွေ ဖြစ်သူ ဖြစ်ကြတာပေါ့။ ဒါပေမယ့် အဲဒါကို ဂုဏ်ယူတကြီး အိပ်လိုက်၊ စားလိုက် သိပ်လုပ် မနေပါနဲ့ ။ အသက် ၄၀ ကျော်လို့ ဟော်မုန်းပမာဏ လျော့နည်းလာတာနဲ့ အမျှ ဗိုက်မှာ အဆီတွေ စုလာတော့မှာ အသေအချာပါ။

ဗိုက်အဆီတွေက လျှော့ချဖို့  မခက်လှပါဘူး...

ဗိုက်ရွှဲနေတာကို တခြားနေရာက အဆီတွေလို လျှော့ချဖို့ မလွယ်ဘူးလို့ ထင်ကြတာ မမှန်ပါဘူး။

ဝိတ်လျှော့ရင် ဗိုက်လည်း အချိုးအစားလိုက်ပြီး လျော့လာမှာပါ။ တကယ်တမ်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ရယ်၊ ကိုယ်လက် လှုပ်ရှားမှုရယ် နည်းမှန်၊ လမ်းမှန် ဆောင်ရွက်လို့ ရပါတယ်။ ဗိုက်ရွှဲတာ အတွက် အားကစားလုပ်ရုံနဲ့ တော့ ဗိုက်ချပ်လာမှာ မဟုတ်ပါဘူး။ ဝမ်းဗိုက်ကြွက်သားတွေ အတွက် သက် သက်လုပ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရုံနဲ့လည်း အဆင် မပြေလှပါဘူး။ အစားအသောက် ထိန်းတာနဲ့ ကိုယ်လက်လှုပ်ရှားမှု တွဲပြီးလုပ်မှ ဗိုက်ချပ်လာမယ် ဆိုတာတော့ သတိပြုပါ။

ဗိုက်ရွှဲခြင်းရဲ့ နောက်ဆက်တွဲတွေ...

ဗိုက်ရွှဲလာသူတွေ အနေနဲ့ အဓိက ဆိုးကျိုးကတော့ နှလုံး၊ သွေးကြော ရောဂါတွေ ဝင်လာတတ်တာ ပါပဲ။ ဒါတင်လား ဆိုတော့လည်း မဟုတ်ပါဘူး။ အရိုးပွ အရိုးပျော့၊ သူငယ်ပြန် မေ့လျော့ ခေါ်တဲ့ အယ်လ်ဇိုင်းမား၊ ဆီးချို၊ အူမကြီး ကင်ဆာ၊ သွေးတိုး အစရှိတာတွေကလည်း ဝမ်းဗိုက်အဆီစုသူတွေအတွက် ဆက်စပ်ဖြစ်ပွား လာမယ့် အန္တရာယ်တွေပါ။

ဗိုက်ရွှဲသူတွေ အတွက် စိတ်မသက်သာစရာတွေ များလှပေမယ့် ကြိုးစားလျှော့ချလို့ ရနိုင်တယ် ဆိုတာလေး လည်း လက်ဆောင် ပါးချင်ပါတယ်။ ကယ်လိုရီ နည်းနိုင်သမျှ နည်းအောင်စား၊ ကိုယ်လက်လှုပ်ရှားမှု များများ လုပ်ရင်ဖြင့် အဆင်ပြေမှာ ပါ။ ဆန်၊ ဂျုံ အကြမ်းတွေ၊ သစ်သီးတွေ၊ ဟင်းရွက်တွေ၊ အဆီလျှော့ထားတဲ့နို့နဲ့  လုပ်ထားတဲ့ အစား အစာတွေ၊ ပဲအမျိုးမျိုး၊ အစေ့အဆံ၊ အဆီလွတ်အသား၊ ငါး၊ ဥ နဲ့ ကြက်သားတွေကို မျှတအောင် သင့်တင့်တဲ့ ပမာဏ နဲ့ စားကြပြီး တပတ်မှာ အနည်းဆုံး ၃ ရက် လောက် နာရီဝက်စာ ကိုယ်လက်လှုပ်ရှားမှုလေးတွေ မှန်မှန်လုပ်ကြ ရင်ဖြင့် ဗိုက်ချပ်ပြီး ကြည့်ကောင်းလာမယ် ဆိုတဲ့အကြောင်း ကြေငြာမောင်းခတ်လိုက်ပါတယ်။ ။

ဒေါက်တာသက်ဦး
Previous
Next Post »
Powered by Blogger.