ရှေးဟောင်းမြို့တော် ပုဂံ၏ ညနေဆည်းဆာနေ၀င်ချိန်တွင် ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက မသင်္ကာစရာလူတစ်ဦးကို အပူတပြင်း လိုက်လံရှာဖွေနေသည်။
ဇူလိုင်လ ၁၉ ရက် မွန်းလွဲပိုင်းက ပုဂံမြို့ ရွာဟောင်းကြီးဘုရားအနီးတွင် လည်ပတ်နေသည့် ဗီယက်နမ်နိုင်ငံ သူ လေးဦးထံမှ ပစ္စည်းများလုယူသွားသောသူကို လိုက်လံရှာဖွေနေကြခြင်း ဖြစ်သည်။
ဗီယက်နမ်ခရီးသွားလေးဦး ပစ္စည်းများလုယူခံရမှုသည် ယခုနှစ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးမြို့သို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများ ဒုတိယအကြိမ်မြောက် ပစ္စည်းလု ယူခံရခြင်းဖြစ်သည်။
ပုဂံမြို့သို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားများ၏ ပစ္စည်းများလုယူခံရခြင်းသည် မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး ၂၀၁၃ ဖေဖော်ဝါရီလမှစ၍ ၁၈ လအတွင်း ၁၁ ကြိမ် အလုခံရခြင်းဖြစ်သည်။
ယင်းကဲ့သို့ လုယူမှုများ မကြာခဏ ဖြစ်ပွားနေသောကြောင့် ခရီးသွားလုပ်ငန်းကိုသာ မှီခို၍ စီးပွားရေးလုပ် ကိုင်နေကြသော ပုဂံ၊ ညောင်ဦးဒေသခံတို့သည် စီးပွားရေးလုပ်ငန်းများနှင့် ပုဂံပုံရိပ် ထိခိုက်မည်ကို စိုးရိမ်နေ ကြသည်။ ထို့အတူ ခရီးသွားများကြား ပျံ့နှံ့နေသော သတင်းများကြောင့် ဧည့်သည်များကလည်း စိုးရိမ်ပူပန် လာကြသည်။
တစ်ချိန်တည်းမှာပင် ကျောင်းသားအရွယ်လူငယ်များက ကျူးလွန်နေကြခြင်းသည်လည်း ဒေသခံလူငယ် များအနာ ဂတ်အတွက် စိတ်ပူစရာဖြစ်သည်။
လုယက်မှုများ ဆက်တိုက်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများသည် ပြစ်မှုကျူးလွန်သော တရားခံများကို ဖမ်း ဆီးနိုင်မှုမရှိခြင်း၊ ပစ္စည်းလုယူခံရသော နိုင်ငံခြားသားများက ရဲစခန်းတွင် အမှုဖွင့်မတိုင်ကြားခြင်း၊ လူနည်းပါး ပြီး ဧရိယာကျယ်ဝန်းသော စေတီပုထိုးများကြားရှိ လမ်းသွယ်၊ လမ်းမများတွင် လူပြတ်ချိန်၌ ပစ္စည်းများလုယူ ရန် လွယ်ကူနေခြင်းတို့ကြောင့် ဖြစ်သည်။
‘‘ဆက်တိုက်ဖြစ်နေရင် ပုဂံရဲ့ပုံရိပ်တွေ ထိခိုက်မယ်။ နိုင်ငံခြားသားတွေ ပုဂံကိုလာရင်လည်း ကြောက် စိတ်တွေဝင်နေမယ်’’ဟု ပုဂံမြို့တွင် ခရီးသွားများ မကြာခဏ လုယက်ခံနေရခြင်းအပေါ် ပုဂံဒေသတွင်း ဧည့် လမ်းညွှန်များ အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက မှတ်ချက်ပြုသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပင် ပုဂံဘုရားများအကြား စက်ဘီးဖြင့် သွားလာနေသော ခရီးသွားများ ထံမှ ပစ္စည်းလုယူမှု သုံးကြိမ်ဆက်တိုက်ဖြစ်ပွားပြီး တစ်လအတွင်း အများဆုံးဖြစ်ခဲ့သည်။
ထိုသုံးမှုထဲမှ နောက်ဆုံးဖြစ်ပွားခဲ့သော ဖေဖော်ဝါရီလ ၁၆ ရက်က ဖြစ်ပွားခဲ့သည့် ရွှေလိပ်တူးဘုရားအနီး အင်္ဂလန်နိုင်ငံသူနှစ်ဦးထံမှ ပစ္စည်းများလုယူသွားသူများမှာ ဆယ်ကျော်သက်အရွယ် လူငယ်လေး ဦးဖြစ်နေပြီး ကိုးတန်းကျောင်းသားနှစ်ဦးနှင့် ဆယ်တန်းကျောင်းသားလူငယ်တစ်ဦးတို့ ပါဝင်နေသည်။
မတ်လ ၁၄ ရက်တွင် ပုဂံဘုရားများကြား ဓာတ်ပုံရိုက်ကူးနေသော သြစတြေးလျနိုင်ငံသူ အမျိုးသမီးတစ်ဦး ထံမှ အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦးက ပစ္စည်းများလုယူသွားခဲ့သလို နောက်နှစ်လအကြာတွင် ဗြိတိန်နိုင်ငံသားနှစ်ဦးထံမှ ပစ္စည်းများ ထပ်မံအလုခံရပြန်သည်။
ထို့အတူ ညောင်ဦးမြို့ ဆူးလေကုန်းဘုရားများအနီး လှည့်လည်နေသော ပြင်သစ်နိုင်ငံသူတစ်ဦးကို တုတ်ဖြင့်ရိုက်၍ ပစ္စည်းများလုယူမှု ဖြစ်ပွားခဲ့ပြန်သည်။ အသက်(၂၂)နှစ်အရွယ် လူငယ်တစ်ဦးက လုယူ ခဲ့ခြင်းဖြစ်သည်။
ပုဂံညောင်ဦးမြို့ ဒေသခံများက လုယူမှုကျူးလွန်သူများမှာ ဒေသခံများမဟုတ်ဘဲ အခြားနယ်များမှ ဖြစ်သည် ဟု ပြောဆိုသုံးသပ်မှုများရှိသည်။ သို့သော်လည်း တရားခံဖမ်းဆီးမိခဲ့သည့် အမှုသုံးမှုတွင် နှစ်မှုက ပုဂံညောင်ဦးဒေသမှ လူငယ်များဖြစ်နေသည်။
ယခင်က လုယူမှုများဖြစ်ပွားလေ့မရှိသော ပုဂံမြို့တွင် ၂၀၁၃ ခုနှစ်အတွင်းက လုယူမှုကိုးမှုအထိ ဖြစ်ပွား ခဲ့သောကြောင့် ထိုနှစ် မတ်လတွင် ကမ္ဘာလှည့်ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့များ စတင်ချထားပေး ခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့အင်အား မလုံလောက်မှုကြောင့် ဇူလိုင် ၁၀ ရက်က ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့ ၂၂ ဦး ထပ်မံတိုးမြှင့်ချထားပေးခဲ့သည်။ ထိုသို့ တိုးမြှင့်ချထားပေးသော်လည်း ယခုနှစ် ပုဂံမြို့ခရီး သွားရာသီမတိုင်မီတွင် နိုင်ငံခြားသားများထံမှ ပစ္စည်းလုယူမှု နှစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
‘‘ကျွန်တော်တို့က လုံခြုံရေးအတွက် လုပ်နေတာမဟုတ်ဘူး။ လုပ်ပိုင်ခွင့်လည်း အပြည့်အ၀မရှိဘူး။ လာတဲ့ ခရီးသွားတွေကိုပဲ ကူညီစောင့်ရှောက်ဖို့ တာဝန်ချထားတာပါ။ ဧည့်သည်တွေ လာရောက်တာများနေ ရင်တော့ ဖြစ်ဖို့များမှာပဲ’’ဟု ပုဂံမြို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
သူ၏အဆိုအရ ကမ္ဘာလှည့်ခရီးသွား လာရောက်မှုများလျှင် လုယူမှုဖြစ်ပွားနှုန်းလည်း မြင့်တက်လာမည် ဟု ကောက်ချက်ချခြင်းဖြစ်သည်။
ပုဂံဒေသသည် ခရီးသွားလုပ်ငန်းကိုသာ မှီခိုပြီး စီးပွားရေးလုပ်ငန်းအများစု လုပ်ကိုင်နေ၍ ဟိုယခင်က ယခုကဲ့သို့ ခရီးသွားများအား လုယူနှောင့်ယှက်မှုများမရှိဘဲ ကူညီစောင့်ရှောက်မှုများသာရှိကြောင်း ပုဂံညောင်ဦးဒေသခံများက ဆိုသည်။
‘‘အခုအချိန်မှာတော့ ဧည့်အ၀င် ထိခိုက်တာတော့ မရှိသေးဘူး။ ဆက်ဖြစ်နေရင်တော့ ထိခိုက်မှာပဲ။ အရင်တုန်းက ပုဂံမြို့က သီးခြားမြို့လေးလိုနေတာ။ အခုတော့ လမ်းတွေကပွင့်သွားပြီး လူတွေကလည်း စုံနေတယ်။ အဲဒါကြောင့်လည်း ပါမယ်ထင်တယ်’’ဟု ပုဂံညောင်ဦးမြို့ ၀က်ကြင်းအင်းကျေးရွာတွင် ကမ္ဘာလှည့်ခရီးသွားများ အများဆုံးစားသောက်သော နန္ဒာစားသောက်ဆိုင်ပိုင်ရှင် ဦးတင့်ဆွေက ပြော သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်သို့ ကမ္ဘာလှည့်ခရီးသွား လာရောက်မှုမှာ နှစ်စဉ်တစ်သိန်းအထက်ရှိနေပြီး ပြီးခဲ့သည့် ၂၀၁၃ တွင် နှစ်သိန်းနီးပါး လာရောက်ခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် တစ်နေ့ လူဦးရေတစ်ရာ ၀န်းကျင် လာရောက်နေကြောင်း ပုဂံမြို့ရှေးဟောင်းသုတေသနဦးစီးဌာနမှ သတင်းရရှိသည်။
ပုဂံတွင် ခရီးသွားများထံမှ လုယူခံရမှု ၁၁ ကြိမ်လုံးတွင် စက်ဘီးဖြင့် လှည့်လည်သော ခရီးသွားများသာ လုယက်ခံခဲ့ရခြင်းဖြစ်သည်။ မြင်းလှည်းဖြင့် လှည့်လည်သူများ၊ ကားဖြင့်လှည့်လည်သူများတွင်မူ ပြဿ နာတစ်စုံတစ်ရာ မရှိခဲ့ပေ။
ပစ္စည်းများလုယူခံရသော ခရီးသွားများသည် ပုဂံဒေသသို့ ကုမ္ပဏီအစီအစဉ်ဖြင့် အဖွဲ့လိုက်လာရောက်သူ (Package Tour)များမဟုတ်ဘဲ ကိုယ်ပိုင်အစီအစဉ်ဖြင့် လာရောက်သည့် FIT များတွင် ဖြစ်ပွားနေခြင်းဖြစ် သည်။
‘‘ခရီးသွားရဲတွေ လုံခြုံရေးယူတာက နာမည်ကြီးဘုရားတွေမှာပဲ လုံခြုံရေးယူတာ။ အဲဒီလိုဘုရားတွေမှာက လူများတယ်လေ။ ယူစရာမလိုဘူး။ အခု ပုဂံမှာဖြစ်နေတာက လူပြတ်တဲ့နေရာတွေမှာ ဖြစ်နေတာ။ လူစည် ကားတဲ့နေရာ လုံခြုံရေးယူထားတော့ ဘာထူးမှာလဲ။ တင်းတင်းကျပ်ကျပ် လုပ်သင့်နေပါပြီ’’ဟု ပုဂံချစ်သူ များအသင်းမှ ကိုမင်းနိုင်အောင်က အကြံပြုပြောဆိုသည်။
လုယူမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပုဂံညောင်ဦးမြို့တွင် လုံခြုံရေးတိုးမြှင့်ချထားမှု ရှိ၊ မရှိနှင့် တရားခံများဖမ်း ဆီးမှု အခြေအနေများကို သိရှိရန်အတွက် ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ခရိုင်ရဲတပ် ဖွဲ့က ဖြေဆိုခွင့်ပေးမထားကြောင်း ညောင်ဦးမြို့နယ် မြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုကဲ့သို့ ပုဂံမြို့၌ လုယူမှုဖြစ်စဉ်များသည် အိမ်နီးချင်းခရီးသွားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မဆိုသာသဖြင့် စိုးရိမ်မှုလွန်ရန်မလိုဟု ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ် မှုများသော အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ၎င်းတို့နိုင်ငံများသို့ လာရောက်လည် ပတ်သော ခရီးသွားများ လုယူခြင်းခံရလေ့ရှိပြီး အသက်အန္တရာယ်ပေးမှုများပါ ကြုံတွေ့နေရကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
‘‘ပုဂံဒေသက နည်းတယ်လို့တောင် ပြောရဦးမယ်။ ဒါပေမဲ့ ပုံရိပ်တော့ ထိခိုက်တာပေါ့။ အခုတောင် ခရီးသွားတွေကို ပုဂံမှာ လုယူမှုတွေရှိနေတယ်လို့ လက်တို့ပြောရမယ့် အခြေအနေတွေ ဖြစ်နေပြီ။ လုယူမှုတွေဟာ ဧည့်အ၀င်ထိခိုက်တာ မဖြစ်နိုင်ပေမယ့် ပုဂံမြို့ အမည်းစက်တစ်ခုတော့ ဖြစ်လာနိုင်တယ်’’ ဟု ပုဂံမြို့တွင် ခရီးသွားများအား လုယူခံရခြင်းများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဒေါ်စပယ်အောင်က သုံးသပ်ပြောဆိုသည်။
ပုဂံမြို့ရှိ ခရီးသွားစောင့်ရှောက်ရေး ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ဗီယက်နမ်နိုင်ငံ သူလေးဦး ပစ္စည်းလုယူခံရသည့် ဇူလိုင် ၁၉ ရက် ညနေပိုင်းက လုယူသွားသော တရားခံကို အပူတပြင်း လိုက်လံရှာဖွေနေကြသော်လည်း ဇူလိုင် ၂၀ ရက်တွင် သာမန်နေ့ရက်အတိုင်းသာ တာဝန်ထမ်းဆောင်နေ ကြသည်။
‘‘လုယူတဲ့တရားခံတွေကို ဖမ်းမမိသရွေ့တော့ နိုင်ငံခြားဧည့်သည်တွေ ထပ်အလုခံနေရဦးမှာပဲ’’ဟု ဦးဇော် ၀င်းချို က စိုးရိမ်စိတ်ဖြင့်ပြောသည်။
ငြိမ်းချမ်း | 7day
Sign up here with your email
ConversionConversion EmoticonEmoticon