ဘဝအတွက် စစ်မှန်တဲ့လက်တွဲဖော်ကို ပိုင်ဆိုင်ထားကြောင်း သက်သေပြနေတဲ့ အချက် (၅)ချက်



အချစ်စစ်ဆိုတာ ရှာတွေ့ဖို့ အလွန်ခက်ပါတယ်။ တစ်ဘဝလုံးစာအတွက် စစ်မှန်တဲ့ လက်တွဲဖော်ကိုရှာတွေ့ဖို့ဆိုရင်တော့ ပိုခက်ခဲတာပေါ့။ တချို့တွေကျတော့လည်း ကိုယ့်ဘဝအတွက် စစ်မှန်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတယ်ဆိုတာ ကိုယ့်ကိုယ်ကို မသိတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ အခုဖော်ပြမယ့် အချက်တွေနဲ့ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သင်ဟာ သင့်ဘဝအတွက် စစ်မှန်တဲ့လက်တွဲဖော်ကို ပိုင်ဆိုင်ထားပါပြီ။

(၁) ဖွင့်ပြောဖို့မလိုဘဲနားလည်နေကြပြီ

တစ်ယောက်နဲ့တစ်ယောက် ကိုယ်စီခံစားချက်တွေကို အပြန်အလှန် နားလည်တဲ့အထိဖြစ်လာပြီ။ ကိုယ်ဘာဖြစ်နေတယ်ဆိုတာ ဖွင့်ပြောပြဖို့မလိုဘဲ သူ့ဘက်က သိနားလည်နေပြီးတော့ ဝမ်းနည်းနေရင် နှစ်သိမ့်ပေးတယ်၊ အားငယ်နေရင် အားပေးတယ်၊ ပျော်ရွှင်တဲ့အခါလည်း အတူတူလိုက်ပါပျော်ရွှင်ပေးတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သင့်ချစ်သူ၊ အိမ်ထောင်ဖက်က သင့်အတွက် စစ်မှန်တဲ့သူတစ်ယောက်လို့ သိထားလိုက်ပါတော့။

(၂) အနာဂတ်အတွက် တူညီတဲ့ရည်မှန်းချက်တွေရှိနေကြပြီ
နှစ်ယောက်လုံးက စီးပွားရေးမှာအောင်မြင်ဖို့ဆိုတဲ့ ရည်မှန်းချက်မျိုးမှာတူတာကို ဆိုလိုချင်တာမဟုတ်ပါဘူး။ နွေးထွေးတဲ့မိသားစုလေး တည်ဆောက်ကြမယ်၊ အသက်ကြီးလာရင် ဘယ်လိုပုံစံလေးနေသွားမယ်ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်မျိုးရှိတာကို ဆိုလိုတာပါ။

(၃) အပြန်အလှန်အထောက်အပံ့ဖြစ်နေကြပြီ

တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က သိပြီး နောက်ကွယ်ကနေထောက်ပံ့ပေးတယ်။ အားနည်းချက်ကို အားသာချက်ဖြစ်အောင် အကြံပေးတတ်တယ်၊ ပြုပြင်ပေးတတ်ကြတယ်။ သင်နဲ့ သင့်ချစ်သူ၊ အိမ်ထောက်ဖက်ကလည်း ဒီလိုမျိုး တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းထောက်ပံ့ပေးတတ်နေပြီဆိုရင် သင်တို့နှစ်ယောက်က စစ်မှန်တဲ့လက်တွဲဖော်တွေဖြစ်ပြီး လိုက်ဖက်မှုလည်းရှိတဲ့သူတွေပါ။

(၄) အပိုတွေလုပ်ပြစရာမလိုဘဲပြီးပြည့်စုံတယ်လို့ ခံစားနေရပြီ

ချစ်တဲ့အကြောင်း ဘယ်လိုပြောမှ၊ ဘာတွေလုပ်ပေးမှ ဆိုတာမျိုးမဟုတ်တော့ဘဲ အသေးအဖွဲလေးတွေ ဂရုစိုက်တာကအစ တန်ဖိုးထားတတ်ပြီး နှစ်ယောက်အတူ ရှိနေရုံ၊ ဘာလုပ်လုပ် သူ့အတွက် ကိုယ့်အတွက် ထည့်စဉ်းစားပေးပြီး အလေးအနက်ထားရင်ပဲ ပြီးပြည့်စုံတယ်လို့ ခံစားနေရပြီဆိုရင် သင်တို့နှစ်ယောက်က ဘယ်သူ့ကြောင့်၊ ဘာကြောင့်မှ မဝေးနိုင်တော့ပါဘူး။

(၅) တစ်ယောက်မရှိရင်တစ်ယောက်မနေနိုင်ဘူး

တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် သည်းသည်းလှုပ်နေတာမျိုးတော့ မဟုတ်ပေမယ့် တစ်ယောက်မရှိဘဲ တစ်ယောက်မနေနိုင်ကြပါဘူး။ တစ်နေ့တာဖြစ်သမျှ သူ့ကိုပြောပြလိုက်ရမှ၊ မကျေနပ်တာတွေ သူ့ကို ရင်ဖွင့်လိုက်ရမှဆိုတာမျိုးပေါ့။

RAY

Credit:Aunty May
Previous
Next Post »
Powered by Blogger.