terragalleria.com |
ဇူလိုင် ၈ ရက် တရားခွင်တွင် အသက် ၃၃ နှစ်အရွယ် ကျော်မျိုးသန်းသည် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ရင်သားကို လက်ဖြင့်ထိကိုင်ရန် ကြိုးစားခဲ့သည့် ပြစ်မှုအတွက် ထောင်ဒဏ် ၇ လ ကျခံရမည်ဟု တရားရုံးက အပြီးသတ် စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကျော်မျိုးသန်းသည် မန္တလေးနည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပြီး စင်ကာပူတွင် စက်မှုနှင့်လျှပ်စစ်ဆိုင်ရာဦးစီးအရာရှိတစ်ဦးအဖြစ် အလုပ်လုပ်လျက် ရှိသည်။
တရားလိုအမျိုးသမီးက ကျော်မျိုးသန်းသည် စင်ကာပူအရှေ့ပိုင်းနှင့် အနောက်ပိုင်းကြား ပြေးဆွဲသည့် MRT ရထားလိုင်းတစ်ခုပေါ်တွင် ပြီးခဲ့သည့်နှစ်၊ မေလအတွင်းက သူမကို ကိုယ်ထိလက်ရောက် နှောင့်ယှက်ခဲ့ကြောင်း တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေ ၈ ရက်က ရထားသည် တန်ဂျောင်ပါဂါမှ မြို့တော်ခန်းမဘူတာသို့ ခုတ်မောင်းနေစဉ် အမျိုးသမီးက ကျော်မျိုးသန်း၏ ညာဘက်ဘေးတွင် ဝင်ထိုင်ခဲ့သည်။ သူမက လက်ကိုင်အိတ်ကို ပေါင်ပေါ်တင်ထားရာ သူမ၏ ဘယ်ဘက် ချိုင်းကြားနေရာအနီးတွင် ရှိနေခဲ့သည်ဟု ထွက်ဆိုသည်။
ထို့နောက်တွင် ဘယ်ဘက်ရှိ အမျိုးသားက သူမဘက်သို့ ပိုမိုတိုးကပ်လာသည့်လှုပ်ရှားမှုကို သတိပြုမိခဲ့သည်ဟု ဆိုသည်။ မကြာမီတွင် သူမ၏ ဘယ်ဘက်ရင်သားပေါ်၌ တစ်စုံတစ်ခု ရွေ့လျားနေသည့် ခံစားချက်ကိုပါရရှိလာရာ အမျိုးသမီးက လက်ကိုင်အိတ်ကြောင့်ဟုယူဆပြီး အိတ်ကိုရှေ့ဘက်သို့ ရွှေ့လိုက်သည်။
သို့သော် တန်ဂျောင်ပါဂါ ဘူတာအရောက်တွင် ထိုလှုပ်ရှားမှုကို သူမနောက်တစ်ကြိမ် ခံစားမိလာသည်။ ထိုတစ်ကြိမ်သည် ပိုမိုသိသာရဲတင်းလာကြောင့် သူမက ထွက်ဆိုခဲ့သည်။ ထို့နောက်တွင်မူ သူမ၏ ဘယ်ဘက်ရင်သားပေါ်တွင် ကျော်မျိုးသန်း၏ လက်ချောင်းသုံးချောင်းရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း အမျိုးသမီးက စွပ်စွဲခဲ့သည်။ သူမက မော့ကြည့်သည့်အခါ ကျော်မျိုးသန်းက ပြုံးပြကြောင်းလည်း ဆိုသည်။ မြို့တော်ခန်းမဘူတာမှ ရထားထွက်ခွာလာချိန်တွင် သူမက ချက်ချင်းထကာ ဘူဂစ်ဘူတာ၌ဆင်းလိုက်ရာ ကျော်မျိုးသန်းက လိုက်လာသည်ဟုလည်း သိရသည်။
ထိန်လန့်နေသည့် အမျိုးသမီးသည် ဝမ်းကွဲညီအစ်မတစ်ဦးထံ ဖုန်းဆက်ပြီး သူမနှင့်ဖုန်းအဆက်အသွယ်ဖြင့် တောက်လျှောက်စကားပြောပေးနေရန် တောင်းဆိုခဲ့သည်။ ထိုတစ်ချိန်လုံး ကျော်မျိုးသန်းက သူမနောက်လိုက်နေခဲ့ပြီး သူမ၏အလုပ်ခွင်သို့ ရောက်သည့်အခါမှ ပြန်လှည့်သွားကြောင်း အမျိုးသမီးက ထွက်ဆိုသည်။ ထို့နောက်တွင် အမျိုးသမီးက အစ်ကိုဖြစ်သူထံဖုန်းခေါ်ပြီး ငိုယိုတိုင်ကြားခဲ့ရာ ၎င်းက သူမကို မိနစ် ၂၀ မျှ အချိန်ယူချော့မော့ခဲ့ရသည်။ နောက်တစ်နေ့တွင် အမျိုးသမီးက အဆိုပါဖြစ်ရပ်ကို ရဲတပ်ဖွဲ့ထံ အသိပေးတိုင်ကြားခဲ့သည်။
ထိုအမှုမှာ လအတန်ကြာသည့်နောက် ပြီးခဲ့သည့်လတွင်မူ တရားရုံးက ကျော်မျိုးသန်းတွင် အပြစ်ရှိသည်ဟုဆုံးဖြတ်ခဲ့ပြီး ဇူလိုင် ၈ ရက်တွင်မူ ထောင်ဒဏ် ၇ လ စီရင်ချက်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ကျော်မျိုးသန်းက ထိုအချိန်တွင် အမျိုးသမီးကို ရည်ရွယ်ချက်ရှိရှိ ထိကိုင်ခဲ့ခြင်းမဟုတ်ဘဲ ၎င်းအနေဖြင့် အိပ်ငိုက်နေခဲ့ကြောင်း ဆိုသည်။ အကယ်၍ သူမကို ထိမိသည်ဆိုပါက မတော်တဆသာဖြစ်မည်ဟုလည်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လတွင် တရားရုံးက ကျော်မျိုးသန်း၌ အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခဲ့ရာ၌ တရားသူကြီး အက်ဒီသမ်းက ကျော်မျိုးသန်းသည် ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံထွက်ဆိုရာ၌ အလွန်ရှင်းလင်းမှုရှိခဲ့ကြောင်း ဆိုသည်။ ကျော်မျိုးသန်းအနေဖြင့် ရထားပေါ်တွင် အိပ်ချင်နေပြီး လက်ပိုက်ထားခဲ့ကြောင်း၊ ၎င်း၏ဘယ်လက်သည် ညာဘက် ချိုင်းအောက်တွင်ရှိနေရာ အမျိုးသမီး၏ စွပ်စွဲထွက်ဆိုချက်နှင့် ကိုက်ညီနေကြောင်း တရားသူကြီးက လက်ခံသည်။
သို့သော် တရားခွင်တွင် ကျော်မျိုးသန်း လျှောက်လဲရာ၌ ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည့် အခြေအနေမှ လုံးဝခွဲထွက်သွားပြီး ၎င်းအနေဖြင့် စွပ်စွဲထားသည့်အမှုအတိုင်း ကျူးလွန်မှုမရှိဟုသာ အခိုင်အမာခုခံခဲ့ကြောင်း တရားသူကြီးက ပြောကြားသည်။ “ဒီတော့ စွပ်စွဲခံရသူဟာ သူ့ဘယ်ဘက်လက် ညာဘက်ချိုင်းအောက်မှာ ရှိနေချိန်မှာ PW1 (စွပ်စွဲသူ အမျိုးသမီး) ရဲ့ ဘယ်ဘက်ရင်သားဧရိယာကို သူ့ဘက်လက်က လက်ချောင်းသုံးချောင်းနဲ့ အမှန်တကယ် ထိကိုင်ခဲ့သလားဆိုတာကို ဖော်ထုတ်ဖို့ဟာ ကျွန်ုပ်အတွက် ပြဿနာတစ်ခု မဟုတ်တော့ဘူး” ဟု တရားသူကြီးက နောက်ဆုံးစီရင်ချက် ချမှတ်ချိန်တွင် ပြောကြားခဲ့သည်။
၎င်းက ထိခိုက်ခံရသူအနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရည်ရွယ်ချက်ပါသည်ဖြစ်စေ၊ မတော်တဆဖြစ်စေ ယခုလို စော်ကားထိခိုက်ခံရသည့် အခြေအနေမျိုး ကြုံတွေ့ရခြင်းမှ ကာကွယ်ရန် အလေးအနက် တားမြစ်လုပ်ဆောင်သင့်ကြောင်း အစိုးရရှေ့နေ ဂျိမ်းစ်လို တင်သွင်းသည့် အဆိုပြုချက်ကိုလည်း လက်ခံခဲ့သည်။ ယခုအမှုတွင် တရားလိုအနေဖြင့် တရားခံ ကျော်မျိုးဟန်၏လက်ကို သူမ၏ရင်သားပေါ် သေချာပေါက်မတွေ့မြင်မီထိ တရားခံဘက်ကို သံသယအကျိုးခံစားခွင့် ပေးထားခဲ့ပြီး ဖြစ်ကြောင်းလည်း တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။
ယခုအမှုအတွက် အမြင့်ဆုံး ဖြစ်နိုင်ခြေ ပြစ်ဒဏ်သည် ထောင်ဒဏ် ၂ နှစ်၊ သို့မဟုတ် ငွေဒဏ်နှင့် ကြိမ်ဒဏ်၊ သို့တည်းမဟုတ် ယင်းတို့ နှစ်ရပ်ပေါင်း ချမှတ်မှုမျိုးဟုလည်း သိရှိရသည်။
Ref: Straits Times
7day
Sign up here with your email
ConversionConversion EmoticonEmoticon