ယခုနှစ် အာဇာနည်နေ့တွင် မြင်တွေ့ရမည့် လွန်ခဲ့သောနှစ်ပေါင်း၃၀ကျော်က ရေးဆွဲခဲ့သည့် အာဇာနည်ကြီးများ ကြွေလွင့်ဟန်ဗိသုကာဒီဇိုင်းမူရင်းပုံစံ |
အာဇာနည်ဗိမာန်ကို မူလဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်ပြုပြင်နေစဉ်။ (ဓာတ်ပုံများ− လင်းဘိုဘို/အီးပီအေ) |
အာဇာနည်ဗိမာန်ကို မူလဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်ပြုပြင်နေစဉ်။ (ဓာတ်ပုံများ− လင်းဘိုဘို/အီးပီအေ) |
အာဇာနည်ဗိမာန်ကို မူလဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်ပြုပြင်နေစဉ်။ (ဓာတ်ပုံများ− လင်းဘိုဘို/အီးပီအေ) |
အသိဉာဏ် နုံ့နဲ့သူများလုပ်ကြံခဲ့သဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ တန်ဖိုးရှိလှသော အသက်များ ဖျက်ဆီးခံခဲ့ရသည်။ အသိဉာဏ်နုံ့နည်းသူများကြောင့်ပင် အာဇာနည်ဗိမာန်သည် ၁၉၈၃ အောက်တိုဘာ ၉ ရက်တွင် ဗုံးခွဲဖျက်ဆီးခံရပြန်သည်။ အာဇာနည် ဗိမာန်သို့ ဂါရ၀လာပြုမည့် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို ရည်ရွယ်၍ မြောက်ကိုရီးယားအကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်သည်။
ဗုံးပေါက်ကွဲပြီးနောက် ပြန်လည်တည်ဆောက်သည့် အာဇာနည်ဗိမာန်သည် အာဏာပိုင်များကြောင့် ဗိသုကာပညာရှင်များရေးဆွဲပေးသော ဒီဇိုင်းမှာ အပြည့်အ၀ရုပ်လုံးပေါ်မလာခဲ့ပေ။ စင်စစ် ၁၉၄၈ ကတည်းက အလေးပြုခဲ့သော အာဇာနည်ဗိမာန်ကို ပြန်လည်တည်ဆောက်ရန် ၁၉၈၂ ခုနှစ်ကတည်းက အစိုးရကဒီဇိုင်းများ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကိုယ်စားပြုဗိသုကာပညာရှင် ဦးဆန်းဦးခေါင်းဆောင်သည့် အဖွဲ့ရေးဆွဲသော ဒီဇိုင်းက ရွေးချယ်ခံခဲ့ရသည်။ ယင်းကာလအတွင်းမှာပင် အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
‘‘ဗုံးကို အမိုးထဲ ထည့်သွားတာဆိုတော့ ဒီဇိုင်းမှာ ခေါင်မိုးမလိုချင်ဘူး။ ဘာကလိုင်၊ ဘာအပေါက်မှ မလိုချင်ဘူးဆိုလို့ ဒီဇိုင်းပြောင်းပေးရတယ်’’ဟု ဦးဆန်းဦးက ပြောသည်။
အာဏာပိုင်များက ရွေးချယ်ထားသော ဒီဇိုင်းကို အမိုးဖြုတ်ပြီး တည်ဆောက်ရန် ကြံရွယ်ခဲ့သော်လည်း ဗိသုကာပညာရှင်များက ရဲဝံ့စွာငြင်းဆန်ခဲ့ကြသည်။
‘‘ဒီတိုင်း ဟာလာဟင်းလင်းကြီးတော့ မပေးနိုင်ဘူး။ ဗုံးပေါက်မှာကြောက်ရင် ဗုံးထည့်လို့မရတဲ့ ဟာလုပ်ပေးမယ်ဆိုပြီး နောက်ထပ်ဒီဇိုင်းကို အမြန်ဆွဲပေးခဲ့ရတယ်’’ဟု ဦးဆန်းဦးက ပြန်ပြောင်းပြောသည်။
ယင်းမှာ ယနေ့အလေးပြုနေကြရသည့် အမိုးအကာမပါသော အာဇာနည်ဗိမာန်ဒီဇိုင်းပေါ်ပေါက်လာရသည့်အစပင် ဖြစ်သည်။
သို့သော် ပညာရှင်များ၏စိတ်ကူးစိတ်သန်းများကို အထက်လူကြီးများက ၀င်ရောက်စွက်ဖက်ကြသည်။ စာအထောက်အထားကျန်မည်စိုး၍ နှစ်ဦးချင်းတွေ့ပြီး အာဇာနည်ကြီးများ၏ ဂူများကို ဒီဇိုင်းသဘောဖြင့် ဖျောက်ဖျက်ပစ်ရန် ညွှန်ကြားချက် (နှုတ်မိန့်) ကျလာသည်။ သို့ဖြင့် ဂူများကို ငုံပစ်လိုက်ရသည်။ သို့သော် ဗိသုကာပညာရှင်များက နောက်ခံနံရံကားချပ်တွင် အာဇာနည် ကိုးဦးကို ကိုယ်စားပြုသည် အမြောင်းကိုးခုထည့်ပေးလိုက်သည်။
‘‘သူတို့က ဖျောက်ရမယ်ဆိုတော့ ကျွန်တော်က ရူးသလို ပေါသလိုနဲ့ အမြှောင်းကိုးခု လုပ်ပေးလိုက်တာ။ သူတို့မသိလိုက်ဘူး’’ ဟု ဦးဆန်းဦးက ပြန်ပြောင်းပြောပြသည်။
ထို့ပြင် အာဇာနည်ကိုးဦးကို ညွှန်းဆိုသည့်အမည်နှင့် ကိုယ်ရေးအကျဉ်းရေးသားထားသည့် ကျောက်တုံး ကိုးခုကို ဒီဇိုင်းရေးဆွဲခဲ့သည်။ အုတ်ဂူများ မတွေ့ရတော့သဖြင့် အာဇာနည်များကို ရည်စူးပြီး အလေးပြုရန် ရည်ရွယ်ရင်းဖြစ်သည်။ သို့သော် အစိုးရက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆိုပါသင်္ကေတကျောက်တုံးများ မထည့်ခဲ့သည့်အပြင် မည်သည့် အာဇာနည်ကြီးများ၏ အမည်မျှ ကမ္ပည်းမှမထိုးဘဲ ဗြောင်သက်သက်ပင် ဆောက်လုပ်ခိုင်းစေခဲ့သည်။ အာဇာနည်ဗိမာန်သို့ လာရောက်ဂါရ၀ပြုသည့် မိသားစုဝင်များမှာ နှစ်ပေါင်းများစွာယဉ်ကျေးမှုဝန်ကြီးဌာန၀န်ထမ်းများ၏ ပြသမှုဖြင့်သာ လွမ်းသူ့ပန်းခွေချခဲ့ရရှာသည်။ ဦးသိန်းစိန်အစိုးရလက်ထက်ရောက်မှကြေးပြားပေါ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မွေးသက္ကရာဇ်နှင့် ကျဆုံးသည့်သက္ကရာဇ်ကို ပြန်လည်ဖော်ပြခဲ့သည်။
ဗိသုကာပညာရှင်များသည် အာဇာနည်ဗိမာန်၏ နောက်ခံနံရံကားချပ်ပေါ်တွင် ကြယ်ပွင့်သဏ္ဌာန်အပေါက်ဖောက်ပြီး မြက်ခင်းပေါ် ကြယ်ကြွေကျနေသည့် ဒီဇိုင်းကိုရေးဆွဲပေးခဲ့သည်။ အာဇာနည်ကြီးများ ကြွေလွင့်ခဲ့ရသည်ကို ဆိုလိုရင်း ဖြစ်သည်။ သို့သော် ထိုစဉ်က ဆောက်လုပ်ခဲ့သူများက အပေါက်မဖောက်ဘဲ ကြယ်ပုံသဏ္ဌာန်အချိုင့်သာလုပ်ခဲ့ကြသည်။ အလံတိုင်ကို ဘေးဘက်တွင်ထားရန် ဒီဇိုင်းဆွဲပေးခဲ့သော်လည်း‘‘အလံကို ဘေးမှာထားတာမကောင်းဘူး’’ဟု ၀န်ကြီးတစ်ဦးက ဆိုသဖြင့် အလယ်သို့ ရွှေ့ခဲ့ကြပြန်သည်။ ထိုသို့သော အခြေအနေမျိုးတွင်ဗိသုကာပညာရှင်များက အာဇာနည်ဗိမာန်တွင်ရှိသင့်သော ပြတိုက်၊ အာဇာနည်ကြီးများ၏ ပန်းပုရုပ်တုများနှင့် ပန်းခြံတို့ကို ဒီဇိုင်းထဲတွင်အင်္ဂလိပ်လို ထည့်ရေးဆွဲခဲ့ရသည်။
‘‘အဲဒီတုန်းက အခွင့်မသာလို့ မသိမသာနဲ့ထည့်ပေးခဲ့ရတာတွေ ရှိတယ်။ သူတို့က ကြားကိုမကြားချင်ခဲ့တာ’’ဟု ဦးဆန်းဦးက ပြောသည်။
ထိုသို့သော လုပ်ရပ်များကြောင့် ထိုစဉ်က လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကို ဖျောက်ဖျက်လိုသူဟုအစဉ်တစိုက်ပြောဆိုခံခဲ့ရသည်။
‘‘သူတို့ကိုသာသာထိုးထိုး တွေးပေးရရင် ဒီဗိမာန်ကို သူရဲကောင်းတွေအားလုံး ကိုယ်စားပြုတာကွာလို့ တွေးပေးလို့ရတယ်။ အဲဒီလိုမှမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းကို သက်သက်မှိန်အောင်လုပ်တာဆိုရင် ဘာကြောင့်လဲဆိုတော့ လူထုက သူတို့ဘက်မှာ မရှိဘူး။ ဗိုလ်ချုပ်ဆိုရင် သဲသဲလှုပ်ပဲ။ အဲဒီတော့ ကြုံတုန်းရာဇ၀င်ပါ ဖျောက်မယ်ကွာဆိုပြီး မနာလိုလို့ ဒါတွေပါ ဖျောက်မယ်ကွာ၊ ဗိမာန်ပဲထား၊ ကြာတော့မေ့သွားမှာပေါ့ဆိုတာလည်း ဖြစ်နိုင်တယ်။ တပ်အပ်တော့ မပြောနိုင်သေးဘူး’’ ဟု ဦးဆန်းဦးက ပြောကြားသည်။
သို့သော် သေချာတာတစ်ခုမှာ အာဇာနည်ပုဂ္ဂိုလ်တစ်ဦးချင်းကို ဖော်ပြခြင်းမပြုရန်ညွှန်ကြားခဲ့ခြင်းပင်ဖြစ်ကြောင်း ၎င်းကအတည်ပြုသည်။
သို့ဖြစ်ရာ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဂူများရှိရာ အာဇာနည်ကုန်းသည် နှစ်ပေါင်းများစွာကြာ တိတ်ဆိတ်ခြောက်သွေ့ခဲ့သည်။
ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးချိန်မှစ၍ အနယ်နယ်အရပ်ရပ်မှ မြန်မာများသည် ရန်ကုန်သို့ ရောက်လျှင် ရွှေတိဂုံစေတီတော်ကို ဖူးမြော်ပြီးသည်နှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား သွားကန်တော့ကြမြဲဖြစ်သည်။
‘‘ဟိုတုန်းကဆိုရင် လင့်လမ်းကတက်၊ အဲဒီလမ်းမှာ ရေတွင်းလေးရှိတယ်။ အမောပြေသောက်။ အခု အညတရ သူရဲကောင်းဗိမာန်လုပ်ထားတဲ့ နေရာက လွင်ပြင်ပဲ။ အဲဒါကိုဖြတ်လျှောက်ပြီးရင် အာဇာနည်ဗိမာန်ရောက်ပြီ။ အဲဒီတုန်းက ဗိုလ်ချုပ်တို့ အုတ်ဂူတွေကို ထိုင်ကန်တော့ကြတာဗျ။ အခုလို အာဇာနည်ဗိမာန်မှာ အလေးလာပြုသလိုမဟုတ်ဘူး။ ကျွန်တော်တို့တုန်းက အုတ်ဂူတွေကို ထိုင်ကိုကန်တော့ကြတာ’’ ဟု ဗုံးပေါက်ကွဲမှုဖြစ်မီက အာဇာနည်ဗိမာန်သို့ သွားရောက်ဖူးသူ ဦးသိန်းဌေးက ပြောသည်။
အဆိုပါ အာဇာနည်ဗိမာန်ဟောင်းကို ၁၉၄၈ မတ်လ ၂၇ ရက်တွင် စတင်အုတ်မြစ်ချတည်ဆောက်ပြီး ဧပြီ ၁၁ ရက်တွင် ဈာပနအခမ်းအနား ကြီးကျယ်ခမ်းနားစွာ ကျင်းပကာ ပြောင်းရွှေ့မြှုပ်နှံခဲ့ကြသည်။ ၁၉၄၈ လွတ်လပ်ရေး ရပြီးနောက်တွင် အာဇာနည်ဗိမာန် တည်ဆောက်ရေးကော်မတီကို ဥက္ကဋ္ဌအဖြစ် ၀န်ကြီးချုပ် ဦးနုက ဦးဆောင်ဖွဲ့စည်းပြီး ဆာဘဦး (နိုင်ငံတော်တရားဝန်ကြီးချုပ်)၊ ဦးသိမ်းမောင် (လွှတ်တော်တရားဝန်ကြီးချုပ်)၊ ဦးစံလွင် (စာရင်းစစ်မင်းကြီး)၊ ဦးသန်းစိန် (ပါလီမန်အမတ်)၊ ဦးထွန်းတင် (မြို့တော်ဝန်)၊ ဦးစိန် (ကရင်နီ (ကယား) ရေးရာ ပါလီမန်အတွင်းဝန်)၊ ဒေါ်လှမေ၊ ဦးကျော်စိန်နှင့် ဦးအုန်းကြိုင် (အင်ဂျင်နီယာ) တို့ ပါဝင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအချို့ကဆိုသည်။
အာဇာနည်ဗိမာန် တည်ဆောက်ရေးအတွက် အာဇာနည်ဗိမာန်အက်ဥပဒေကို ၁၉၄၉ ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပသော သတ္တမမြောက် တိုင်းပြည်ပြုလွှတ်တော် (ပါလီမန်) အစည်းအဝေးတွင် တင်သွင်းရာ ပါလီမန်ကအတည်ပြုပေးခဲ့သည်။ ၁၉၆၂ တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌအမိန့်ဖြင့် အဆိုပါဥပဒေကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် ၁၉၈၃ တွင် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရသည်။ အာဇာနည်ဗိမာန်အသစ်တည်ဆောက်ပြီးနောက် အာဇာနည်ဗိမာန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမည်မှာ နှစ်ပေါင်းများစွာ ဖျောက်ဖျက်ခံခဲ့ရသည်။ ဒီမိုကရေစီစနစ် ပြောင်းခဲ့သည့်တိုင် ဦးသိန်းစိန်သည်လည်း သူ၏ သမ္မတသက်တမ်းငါးနှစ်အတွင်း အာဇာနည်ခေါင်းဆောင်ကြီးများကို အာဇာနည်ဗိမာန်အထိ သွားရောက်အလေးမပြုခဲ့ပေ။
‘‘အာဇာနည်ကုန်း အလေးသွားမပြုတိုင်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို မလေးစားဘူးလို့တော့ ပြောလို့မရဘူး။ ကျွန်တော်တို့တပ်မတော်သားတွေဆိုတာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဆိုပြီး နေ့တိုင်းအလေးပြုနေကြတဲ့သူတွေပါ’’ ဟု တပ်မတော်သားဟောင်းတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကပြောသည်။
အာဏာရှင်များ၏ စိတ်တွင် မည်သို့ပင် ရှိလင့်ကစား အာဇာနည်နေ့နှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို ပြည်သူများက မမေ့ခဲ့ကြပါ။ စစ်အစိုးရမှ ဒီမိုကရေစီစနစ်ပြောင်းပြီးနောက် အာဇာနည်ကုန်းကို ပြန်လည်တက်ရောက်ခွင့်ပြုခဲ့ရာ ပြည်သူများက မိုးထဲရေထဲမှာပင် လာရောက်အလေးပြုခဲ့ကြသည်။
ထို့အပြင် အာဇာနည်နေ့ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလက သူမကိုမြင်တွေ့လိုသည့် ပြည်သူများက တစ်နှစ်တစ်ကြိမ် စောင့်ကြည့်ခဲ့ရသည့် နေ့လည်းဖြစ်သည်။
‘‘အမေစုကို တွေ့ချင်လို့ အာဇာနည်နေ့ ၈ နာရီသတင်းမှာ တီဗီရှေ့မှာ စောင့်ကြည့်ခဲ့ရတာ မမေ့နိုင်သေးပါဘူး။ တကယ်ကို ဖျတ်ခနဲ တွေ့ရတာ’’ ဟု အသက် (၃၀) အရွယ် ကိုအောင်အောင်က ပြောသည်။
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ‘အာဇာနည်မျိုး သေရိုးမရှိ’ ဟု ကြွေးကြော်ခဲ့သည်။
‘‘တချို့ကဆိုရင်လည်းကျွန်မကို ပြောပါတယ်။ အခုနောက်ပိုင်းဆိုရင် လူငယ်တွေက အာဇာနည်နေ့အကြောင်းလည်း မသိကြဘူး။ အာဇာနည်ကြီးတွေ အကြောင်းလည်း မသိကြဘူးဆိုပြီးတော့ ဒီကိစ္စကို စိုးရိမ်တယ်၊ ပူပန်တယ်ဆိုပြီးတော့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝစိုးရိမ်ပူပန်မှု မရှိပါဘူး။ တကယ့်အာဇာနည်ဆိုတာ ကျွန်မတို့ရဲ့ ဆောင်ပုဒ်လိုပေါ့နော်။ အာဇာနည်မျိုး သေရိုးမရှိဆိုတာလိုပဲ။ ဘယ်တော့မှ သေမှာလည်း မဟုတ်ဘူး။ တစ်ခဏပဲ မှေးမှိန်ရင် မှေးမှိန်သွားမယ်။ မှေးမှန်သွားခဲ့ တာဆိုတာကလည်း အခြေအနေအရ၊ အကြောင်းကြောင်းအရဖြစ်လာတဲ့ကိစ္စပဲ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
မှေးမှိန်ခဲ့သည့်အချိန်များမှာ ကုန်လွန်ခဲ့ပြီဖြစ်သည်။ ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရစစ်စစ်လက်ထက်တွင် ဗိသုကာပညာရှင်များက အာဇာနည်ကြီးများအတွက် ရည်စူးပြီး ဖန်တီးပေးခဲ့မှုများ ပြန်လည်အသက်ဝင်လာတော့ မည့်အချိန်သို့ရောက်ရှိလာပါပြီ။
လက်ရှိတွင် မြို့တော်စည်ပင်က အာဇာနည်ဗိမာန်နောက်ခံနံရံချပ်ကို ကြယ်ပွင့်သဏ္ဌာန် အပေါက်ပြန်ဖောက်ပြီး မြက်ခင်းပေါ်သို့ ကြယ်ကြွေကျနေသည့် ဒီဇိုင်းကို ပြန်လည်ပြုပြင်နေသည်။
အာဇာနည်ကြီးများ၏ အမည်၊ မွေးသက္ကရာဇ်နှင့် ကျဆုံးသည့် ခုနစ်တို့ကို ရေးထိုးထားသော ကြေးပြားတပ်ဆင်ထားသည့် ကြယ်ပွင့်သဏ္ဌာန်ကျောက်သားသင်္ကေတကိုးခုကို ပြန်လည်တွေ့မြင်ရတော့မည် ဖြစ်သည်။ ပြည်သူများမှာ အာဇာနည်ကြီးများကို ရည်စူးပြီး ဦးညွှတ်နိုင်တော့မည်ဖြစ်သည်။
အာဇာနည်ဗိမာန် နောက်ခံနံရံများကို အာဇာနည်ကိုးဦးအား ရည်စူးပြီး အမြှောင်းကိုးခုပုံဖော်ထားရာ ယင်းအပေါ်တွင် အာဇာနည်အထိမ်းအမှတ် သင်္ကေတအဖြစ်ကျောက်တုံးတစ်တုံးစီ ထားရှိမည်ဖြစ်သည်။
လာမည့်ဇူလိုင် ၁၉ ရက်တွင် အာဇာနည်ဗိမာန်၌ အာဇာနည်များ၏ မိန့်ခွန်းတို (သို့မဟုတ်) ထူးခြားသည့် အကြောင်းအရာများကို ရုပ်ပုံကားချပ်များနှင့်တကွ ပြသမည်လည်း ဖြစ်သည်။ ထို့အပြင် ဆောက်လုပ်သူများက နိုင်ငံတော်အလံကို အလယ်တည့်တည့်၌ ထားခဲ့ရာ ယခုနှစ်၌ ဘေးသို့ ပြန်ထားမည်ဖြစ်သည်။
ထိုသို့သော ပြုပြင်ပြောင်းလဲလာမှုများအတွက် အစိုးရနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ကျေးဇူးတင်မိသည်ဟု ဦးဆန်းဦးကပြောသည်။
မှေးမှိန် ပျောက်ကွယ်ခဲ့ရသော အာဇာနည်များအတွက် ရည်စူးမှုအနုပညာသည် တစ်ဖန်ပြန်လည် နိုးထခွင့်ရလာပြီ ဖြစ်သည်။
အာဇာနည်နေ့လွန်မြောက်လျှင်လည်း နိုင်ငံတော်အဆင့် ဗိမာန်ကြီးကို သူ၏ ဂုဏ်သိက္ခာနှင့် လျော်ညီသည့် ဖန်တီးတည်ဆောက်မှုများကို ပညာရှင်များနှင့် အစိုးရက ပြုလုပ်ကြဦးမည်ဖြစ်သည်။
‘‘အခုတော့ အချိန်ကျပါပြီ’’ ဟု ဦးဆန်းဦးက တက်ကြွမှုအပြည့် အ၀ဖြင့်ပြောသည်။
‘‘ငါတို့တော့ သမိုင်းတစ်ခု ရေးထိုးခွင့်ရပြီဆိုပြီး တစ်ဖွဲ့လုံး အကောင်းဆုံးလုပ်ခဲ့ကြတာပါ’’ ဟု ဦးဆန်းဦးကပြောသည်။
သို့သော် အကောင်းဆုံး လုပ်ဆောင်ခဲ့မှုများ အပြည့်အ၀ ပုံမပေါ်ခဲ့မှုကို မချင့်မရဲ ဖြစ်ခဲ့ရသည်ဟု နှစ်ပေါင်းများစွာ မချင့်မရဲဖြစ်ခဲ့ရကြောင်း သူကဆိုသည်။
နန္ဒ - 7day
Sign up here with your email
ConversionConversion EmoticonEmoticon