ထိုင်ဝမ်သို့ ဦးတည်ပြီး စူပါတိုင်ဖွန်း မုန်တိုင်းကြီးတစ်ခု ရွေ့လျားနေ


ထိုင်ဝမ်နိုင်ငံသည် ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ဝင်ရောက်တိုက်ခတ်မည့် စူပါတိုင်ဖွန်းအဆင့် မုန်တိုင်းကြီး တစ်ခု၏ဒဏ်ကို ကာကွယ်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းကြီးသည် ဒေသစံတော်ချိန်အရ ဇူလိုင် ၇ ရက် ညနေပိုင်းတွင် ကျွန်းနိုင်ငံငယ်သို့ ဝင်ရောက် တိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းမဝင်မီ ၄၈ နာရီအတွင်း နီပါတက်ခ်သည် အပူပိုင်း မုန်တိုင်းအဆင့်မှ စူပါတိုင်ဖွန်း အဆင့်ထိ မြန်မြန်ဆန်ဆန် အားကောင်းလာဖွယ် ရှိနေကြောင်း ထိုင်ဝမ် မိုးလေဝသ ပညာရှင်များက သတိပေးထားသည်။

အဆိုပါ မုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ မိုင် ၇၀ ရှိခဲ့ရာမှ တစ်နာရီ မိုင် ၁၅၀ ထိ တိုးမြင့်လာနေပြီး ထို့ထက်ပင် ပိုမို အားကောင်းလာဖွယ် ရှိနေကြောင်း သိရသည်။ ပစိဖိတ် အနောက်မြောက်ပိုင်း ဒေသတွင် ၂၀၁၅၊ ဒီဇင်ဘာနောက်ပိုင်း ရက်ပေါင်း ၂၀၀ နီးပါးမျှ မုန်တိုင်းများ ဖြစ်ပေါ်ခြင်း မရှိခဲ့ဘဲ နီပါတက်ခ်က ပစိဖိတ် မုန်တိုင်းရာသီကို ကြောက်မက်ဖွယ် ပြင်းထန်မှုဖြင့် စတင် ဖွင့်လှစ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရာသီက ထိုင်ဝမ်တွင် တိုင်ဖွန်းမုန်တိုင်း အချို့၏ ဒဏ်ကို ခံစားခဲ့ရပြီး အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့သလို လူ ၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ နီပါတက်ခ်ကြောင့် ထိုင်ဝမ် တနံတလျားတွင် မိုးသည်းထန်မှု၊ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ပြီး မိုးရေချိန် ၁၀၀ မီလီမီတာ အထက်ထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။

အဆိုပါ စူပါတိုင်ဖွန်းသည် ဂူအမ်တောင်ပိုင်း၊ သမုဒ္ဒရာ ရေပြင်တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ဇူလိုင် ၃ ရက်၌ စတင် ပေါ်ပေါက်ခဲ့ပြီး ထို့နောက်တွင် အနောက်မြောက်ဘက်သို့ တောက်လျှောက် ဦးတည်ရွေ့လျားရင်း အားကောင်းလာခြင်း ဖြစ်သည်။ နီပါတက်ခ်သည် ထိုင်ဝမ်သို့ ကုန်းတွင်း ဝင်ရောက်ချိန်တွင် လက်ရှိ စူပါတိုင်ဖွန်းအဆင့် လေတိုက်နှုန်းကို ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Ref: CNN
7day
Previous
Next Post »
Powered by Blogger.