အင်းစိန်အကျဉ်းထောင်နှင့် အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ−စိုင်းဇော် |
အထူးသဖြင့် နိုင်ငံရေးအ ကျဉ်းသားဟောင်းများ ပါဝင်ထားသည့် ဒီချုပ်အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး၏ ယခုရက်ပိုင်းအတွင်း ပြောကြားချက်က နိုင်ငံရေး
အကျဉ်းသားများ အသိုင်းအဝိုင်း အကြား ဝေဖန်စရာ ဖြစ်ခဲ့သည်။
‘‘ဒီမိုကရေစီအစိုးရ လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား မရှိစေရဆိုတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စိတ်ရင်းစေတနာ၊ မူဝါဒနဲ့ လမ်းညွှန်မှုကို ကျွန်တော်တို့က ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ တဲ့သဘောပဲဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသား ဆိုတာနဲ့ ပတ်သက်လို့တော့ ပြင်ပအဖွဲ့အစည်း တွေရဲ့ စာရင်းဇယားအရ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒအရ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုတွေ အပေါ်မှာ အရေးယူခံရတာတွေကိုပဲ နိုင်ငံရေး အကျဉ်းသားအဖြစ် လက်ခံပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။
နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုအပေါ် အရေးယူခံရမှု ကိုသာ နိုင်ငံရေး အကျဉ်းသား အဖြစ် လက်ခံသည်ဟု ဇွန်လ ၂၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပထမရက် ၁၀၀ စီမံကိန်းများနှင့် ပတ်သက်၍ ပြည် ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံပိုင်သတင်းစာများ၌ ပြောကြားခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး၏ အဆိုပါပြောကြားမှုကို ဖြေ ရှင်းဆောင်ရွက်ပေးရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS)တို့က ဇွန်လ ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ထံသို့ မေတ္တာရပ်ခံစာပေးပို့ တောင်းဆိုခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး၏ ပြောကြားချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည့် ပုံစံဖြစ်နေသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒ၊ သဘောထားပါဝင်မှု ရှိ၊ မရှိ သိရှိနိုင်ရန် စာရေးသား တင်ပြ တောင်းဆိုခြင်းဖြစ်ကြောင်း AAPP ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောသည်။
‘‘အရင်က ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေဆိုရင် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံခဲ့ရတာ ရှိတယ်။ လိုင်စင်မဲ့ ဆိုင်ကယ် အမှုတွေ၊ သစ်အမှုတွေ စတဲ့ပုံစံတွေ၊ ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတာတွေရှိတယ်။ ဒီလူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် မသတ်မှတ်ရင် နိုင်ငံရေးအကျဉ်း သားတွေကို စော်ကားလိုက်တာနဲ့ အတူတူပဲ’’ဟု ၎င်းက ဆိုသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသား မရှိစေရဟူသည့် မူဝါဒအရ အစိုးရသစ် တာဝန်ယူပြီးပြီးချင်း နိုင်ငံရေး အကျဉ်းသား ၈၃ ဦး လွှတ်ပေးခဲ့သည်။
သို့သော် နိုင်ကျဉ်းအဓိပ္ပာယ် သတ်မှတ်ချက် ဖွင့်ဆိုရေးမှာ မရေရာသေး။
ဗြိတိသျှ ကိုလိုနီလက်ထက် နှင့် ပါလီမန် ဒီမိုကရေစီခေတ် တစ်လျှောက်လုံးတွင် နိုင်ငံရေး အကျဉ်းသား အခွင့်အရေး သတ်မှတ်ချက်များ ရှိခဲ့သော်လည်း ၁၉၆၂ ဗိုလ် ချုပ်နေဝင်း အာဏာသိမ်းပြီးချိန်မှ စ၍ နိုင်ငံရေး အကျဉ်းသားများကို ဖိနှိပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အခွင့်အရေး သတ်မှတ်ချက်ကို လည်း ဖျက်သိမ်းခဲ့သည်။ နိုင်ငံရေး အကျဉ်းသား ဆိုသော အသုံးအနှုန်းကိုပင် မသုံးနှုန်းဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဟု ဆိုကာ ဖျောက်ဖျက်ရန်ပင် ကြိုးစားခဲ့သည်။
သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းတွင် နိုင်ငံရေး အကျဉ်းသားဟု တရားဝင်သုံး၍ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဖွဲ့စည်းခြင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS)နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့ (AAPP)တို့ကဲ့သို့ နိုင်ငံရေး အကျဉ်းသားအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများကို အသိအမှတ်ပြုကာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
FPPS အဖွဲ့က ဦးဆောင် ကော်မတီဝင် ဦးတင်မောင်ဦးက ‘‘ကျွန်တော်တို့က သီးခြားအခွင့်အရေး တောင်းဆိုနေတာ မဟုတ် ပါဘူး။ ဘယ်သူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး ဘယ်သူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် မသတ်မှတ်ဘူး ဆိုတာ တိတိကျကျ ပြဋ္ဌာန်းနိုင်ဖို့ အတွက် ပြောနေတာပါ။ အကျဉ်းထောင် ထဲမှာဆိုရင် ရာဇဝတ်အကျဉ်းသား ရှိတယ်။ တရားမ အကျဉ်းသား ရှိတယ်။ အဲဒါအပြင် နိုင်ငံရေးအကျဉ်းသားဆိုပြီး တစ်ခုသတ်မှတ် ပေးဖို့ တောင်းဆိုနေတာပါ’’ဟု ဆက်လက်ပြောကြားသည်။
နိုင်ငံရေးလှုပ်ရှားသူများ အကျဉ်းခံခဲ့ရပါက အကျဉ်းထောင်ထဲတွင် သိက္ခာရှိရှိ နေထိုင်နိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ဥပဒေပညာရှင်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ၈၈ မျိုးဆက်
(ငြိမ်း/ပွင့်)အဖွဲ့၊ AAPP၊ FPPS နှင့် နိုင်ငံတကာမှ ပညာရှင်များက ၂၀၁၄ တွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်၍ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် မည်သူ၊ မည်သည့် အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့် အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လှုပ်ရှား ဆောင်ရွက်ခြင်း၊ အားပေးကူညီ ခြင်း၊ ပူးပေါင်းကြံစည် ပါဝင်ခြင်း၊ ဆက်စပ် ပတ်သက်ခြင်းတို့ကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ် ချမှတ်ခံရသူများကို နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင်သုံးရပ်နှင့် လုပ် ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲများ၏ ရပ်တည်ချက်၊
ဆောင်ရွက်ချက်များ အပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ကန့်ကွက်ခြင်း၊ ဟောပြော ခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဌာန် တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်း အရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေ ဖမ်းဆီး ထိန်းသိမ်း ပြစ်ဒဏ် ချမှတ်ခံရသူများကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် အဆိုပါ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် သတ်မှတ်ထားသည်။
ထိုသို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တို့က ထုတ်ပြန် ကြေညာခဲ့ကြသည့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ပြည့်စုံသော်လည်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ပြောဆိုလိုက်သည့်စကားမှာ ယင်းအဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ကွဲလွဲမှုများရှိနေပြီး အပေါ်ယံ ပြောသလို ဖြစ်နေ ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက သုံးသပ်ခဲ့ကြသည်။
‘‘၀န်ကြီးပြောတဲ့စကားက နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို လက်မခံချင်ဘူး ဆိုတဲ့သဘော သက်ရောက်နေတယ်။ နောက်ပြီး အကျဉ်းထောင်ထဲမှာ လည်း နိုင်ငံရေးအကျဉ်းသားမရှိဘူး ဆိုသလိုမျိုးဖြစ်နေတယ်။
သူက ပုဒ်မ ၁၈ တစ်ခုတည်းကိုပဲ ပြောသွားပြီးတော့ ပုဒ်မ ၅၀၅ (ခ) တို့၊ အလုပ်သမား၊ လယ်သမား ဆန္ဒပြလို့ အမှုရင်ဆိုင် ဖြေရှင်းနေရသူတွေ မပါဘူးဖြစ်နေတာ။ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကြားမှာကွဲလွဲမှုတွေဖြစ်နေပါတယ်’’ဟု ပြည်မြို့မှ တရားလွှတ်တော်ရှေ့နေဦးမြင့်အေးက ပြောသည်။
၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ဥပဒေရေးရာတာဝန်ခံ ကိုမာကီက ‘‘အဓိကက တရားဥပဒေစိုးမိုးမှုရှိ ရင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်က တရားမျှတမှု ရှိလိမ့်မယ်။ အရင်အစိုးရ အဆက်ဆက်က နိုင်ငံရေးသမားတွေကို
ပုဒ်မအမျိုးမျိုး တပ်ပြီး မရရအောင် ဖမ်းပြီး နိုင်ငံအရေးအကျဉ်းသားအ ဖြစ် မသတ်မှတ်ခဲ့ဘူး။ ဒါကတရား ဥပဒေစိုးမိုးမှု အားနည်းတဲ့ အပိုင်းပေါ့။ နိုင်ငံရေးပြစ်မှုကျူးလွန်ရင် နိုင်ငံရေးပုဒ်မနဲ့ ဖမ်းမယ်။ ရာဇ၀တ်မှုကျူးလွန်ရင်
ရာဇ၀တ်မှုနဲ့ဖမ်းမယ်။ အဲဒီလို တိတိကျကျ ဆောင်ရွက်ခဲ့မယ် ဆိုရင် အခုလိုမျိုး နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်က ခက်ခဲနေစရာ အကြောင်း မရှိပါဘူး’’ဟု သုံးသပ်သည်။
ဒုတိယအကြိမ် လွှတ်တော် အသီးသီးတွင် နိုင်ငံရေးအကျဉ်း သားပေါင်း ၁၂၀ ကျော်ပါဝင်သော်လည်း လွှတ်တော် အစည်းအဝေးများတွင် နိုင်ငံရေး အကျဉ်းသားများအရေး ဆွေးနွေးမှုမှာ ယနေ့အထိ မရှိသလောက် ရှားပါးနေသည်။
ပြီးခဲ့သည့် ဇွန်လ ၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်းက ယခုအစိုးရလက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေး
အကျဉ်းသားစသည့် ဝေါဟာရများ အတွက် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းခဲ့မှု အပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ထိုသို့ ဝေါဟာရ အဓိပ္ပာယ်ဖွင့်ဆိုရန် အစီအစဉ် မရှိကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
ထိုသို့ ပြည်ထဲရေး ဒုတိယ၀န်ကြီး၏ ဖြေဆိုမှုကို နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် နိုင်ငံ ရေးအကျဉ်းသားဟောင်းများ အ ဖွဲ့အစည်းတို့က ကန့်ကွက်ခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့မေတ္တာရပ်ခံစာ ပေးပို့တင်ပြခဲ့ကြသေးသည်။
‘‘အရင်အစိုးရ လက်ထက်တုန်းက လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့်ကိုယ်တိုင် လွှတ်တော်ထဲမှာ မေးမြန်းခဲ့တယ်။ ပြန်ဖြေခဲ့တာလည်း ပြည်ထဲရေးဒုဝန် ကြီးက ဖြေခဲ့တယ်။ အခုရခိုင်လွှတ် တော်အမတ် ဦးဖေသန်းကထပ်မေးတယ်။ ပြည်ထဲရေးဒုဝန်ကြီးက ပြန်ဖြေခဲ့တယ်။ ဒါဟာ ပြည်ထဲရေး ၀န်ကြီးဌာနက နိုင်ငံရေး အကျဉ်းသားတွေ အပေါ် ထားတဲ့ မူဝါဒမပြောင်းလဲသေးဘူး။ နောက်ပြီး NLD အစိုးရတစ်ရပ် အနေနဲ့ ခေတ်အဆက်ဆက် မရှိခဲ့တဲ့ နိုင်/ကျဉ်း အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခု သက်တမ်းမှာ အဆင်ပြေအောင် တရားဝင်ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ဖို့အတွက်လည်း အန်ကယ်တို့ နိုင်ငံရေး အကျဉ်းသားအဖွဲ့တွေ ပူးပေါင်းပါ ၀င်ဆောင်ရွက်ဖို့ အသင့် ရှိပါတယ် ’’ဟု FPPS မှ နိုင်ငံရေးအကျဉ်းသားရေးရာ ကော်မတီအ တွင်းရေးမှူး ဦးထွန်းကြည်က သုံးသပ်ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှာ မူဝါဒပြောင်းလဲခြင်း မရှိသေးသည်ကို တွေ့ရှိရခြင်းကြောင့် ပြောင်းလဲချိန်တန်ပြီ ဆိုသည့် စကားနှင့်အညီ ခေတ်နှင့်လိုက်လျောညီထွေသော မူဝါဒဖြစ်စေရန် ပြောင်းလဲသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့တို့က အကြံပြု တိုက်တွန်းထားသည်။
ယခင်က အကျဉ်းထောင်များတွင် အေကလပ် (A Class)၊ ဘီကလပ် (B Class)၊ စီကလပ် (C Class) ဟူ၍ အတန်းအစားသုံးမျိုး ခွဲခြား ထားသော်လည်း တော်လှန်ရေးကောင်စီက ၁၉၆၄ ဇန်န၀ါရီ ၁၅ ရက်မှစ၍ အကျဉ်းသားများကို အဆင့်အတန်း ခွဲခြားခြင်းမပြုလုပ်ရန် နောက်ဆက်တွဲ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီးဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီးက ပြောဆိုထားသည်။
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အစိုးရက လုပ်ပိုင်ခွင့်မရှိဘဲ လွှတ်တော်ကသာ လုပ်ဆောင်ရမည်ဖြစ်ပြီး လွှတ်တော်တွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဥပဒေ တစ်ရပ်အဖြစ် တရားဝင်ပြဋ္ဌာန်းနိုင်ရန် တိုက်တွန်းတောင်းဆိုမှုများလည်း ရှိနေသည်။
‘‘အဓိကက ကျွန်တော်တို့နဲ့ အစိုးရကြားမှာ နှစ်ဖက်သဘောတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိဖို့ လိုတယ်။ ဒါမှ နိုင်ငံရေးအကျဉ်းသား ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း စဉ်းစားနိုင်မယ်။ ပြည်ထောင်စု ရွေးကောက်ပွဲအဆင့်မှာ ရာထူးအဆင့်ဆင့် တာဝန်ထမ်းဆောင်ဖို့ စေတနာ့ဝန်ထမ်းတွေ ခေါ်တဲ့နေရာမှာတောင် နိုင်ငံရေး ပြစ်မှုနဲ့ ထောင်ကျထားသူမဖြစ်စေရ ဆိုပြီး ထည့်သွင်းထားတယ်။ ဒါ တွေက နိုင်ငံရေးအကျဉ်းသားတွေကို ခွဲခြားထားတယ် ဆိုတဲ့သဘော သက်ရောက်နေတယ်’’ဟု ဦးတင်မောင်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁၉၈၉-၉၀ ၀န်းကျင်ကတည်းက မည်သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်သည်ဆို သည့် အချက်များ၊ မည်သည့်ပုဒ်မ များက နိုင်ငံရေး အကျဉ်းသားဖြစ်သည် ဆိုသည် တို့ကို တရားဝင်ထုတ်ပြန်ခဲ့သည်။
‘‘ဒီချုပ်အဖွဲ့မှာတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်ပြီး သတ်မှတ်ထားတာတွေ ရှိပါ တယ်။ နိုင်ငံရေးပုဒ်မအလိုက် သတ်မှတ်ထားတာပါ။ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုဖို့က အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်းသေသေချာချာ ဆွေးနွေးရမှာပါ။ အစိုးရရဲ့ အမြင်ကလည်း မတူဘူးလေ။ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဖို့ လိုပါတယ်’’ဟု ဒီချုပ်၏ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း လည်းဖြစ်သည့် ဒေါ်ဖြူဖြူသင်းက ပြောသည်။
လက်ရှိတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)၏ တစ် လတစ်ကြိမ် စာရင်းကောက်ယူ ထားချက်အရ အကျဉ်းထောင်များအတွင်း ထောင်ကျနေသည့် နိုင်ငံ ရေးအကျဉ်းသား ၈၂ ဦးကျန်ရှိနေပြီး အမှုရင်ဆိုင်နေရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၄၉ ဦး ရှိနေသေးကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တိတိကျကျ တရားဝင်ပြဋ္ဌာန်းနိုင်ပါက နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့ မိသားစုများအတွက် ပြန်လည် ထူထောင်ရေးလုပ်ပေးသည့် အခါတွင် အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုတိတိကျကျ သတ်မှတ်ပေးနိုင်မည်ဖြစ်ကြောင်း ကိုမာကီက ပြောသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့တို့ စုပေါင်းကာ အကျဉ်း ထောင်များ ဥပဒေကြမ်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေ၊ နိုင်ငံရေးအကျဉ်းသားများ အဓိပ္ပာယ်ဖွင့်ဆိုချက်များ စသည်တို့ကို တောင်းဆိုဆောင်ရွက်ရာ၌ အကျဉ်းထောင်များ ဥပဒေကြမ်းမှ ပြန်လည်ပြင်ဆင် ရေးဆွဲနေပြီး ငြိမ်းစုစီ ဥပဒေ ပြင်ဆင်ရာမှာလည်း လွှတ်တော်အဆင့် ဆွေးနွေးလျက်ရှိနေသည်။
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပြဋ္ဌာန်းပေးရန် တောင်းဆိုချက် တစ်ခုတည်းသာ အစိုးရအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားတို့အကြား ယနေ့အထိ သ ဘောထားကွဲလွဲလျက်ရှိနေရာ ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်
သတ်မှတ်နိုင်ရေးမှာ နိုင်ငံရေးအကျဉ်းသားအများစု လွှမ်းမိုးနေသော အစိုးရသစ်နှင့် လွှတ်တော်တို့အတွက် စိန်ခေါ်မှုဖြစ်လာမည်လား စောင့်ကြည့်ရမည်ဖြစ်သည်။
သက်အောင် - 7day
Sign up here with your email
ConversionConversion EmoticonEmoticon