Selfie အမ်တီဗီအကြောင်း ပြည့်ပြည့်စုံစုံ ပြောပြသွားတဲ့ ၀ိုင်းလေး


မေလ ၁၅ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော် Single Song Selfie Music Video နဲ့ပတ်သက်ပြီး ထင်ထားတာထက် ရောင်းအားတက်ခဲ့တယ်လို့ပြောလာသူကတော့ ၀ိုင်းလေးပါ။ အဆိုပါသီချင်းတစ်ပုဒ်ထဲကိုထုတ်ဖြစ်တာက ပရိသတ်နဲ့အဆက်အသွယ် မပြတ်အောင်အမြည်းအနေနဲ့ ထုတ်ရောင်းဖြစ်ခဲ့တာလို့သိရပြီး Selfie ခွေရဲ့ အမ်တီဗီကိုတော့ သြဂုတ်လမှာထွက်ဖို့ရည်ရွယ်ထားကြောင်းပြောပါတယ်။ ဒါ့အပြင် Miss Myanmar World 2016 ရဲ့ ဘန်ကောက် ချင်းမိုင်ခရီးစဉ်နဲ့အတူ တစ်ပတ်ကြာ သွားရောက်ကူညီပေးဖြစ်တဲ့ ၀ိုင်းလေးက နယ်ရှိုးတွေလဲ သွားဖို့ရှိသေးသလို သြဂုတ်လမှာထွက်ရှိမဲ့ Selfie အမ်တီဗီအတွက်ပြင်ဆင်နေတယ်လို့သိရတာကြောင့် သူမနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်သမျှကတော့

-အခုလက်ရှိ ဂီတလှုပ်ရှားမှုအနေနဲ့ဘာတွေလုပ်ဖြစ်နေလဲ။

အခုလောလောဆယ်မှာ ၀ိုင်းလေး ရှိုးတွေဆိုဖြစ်နေတယ်။ ရန်ကုန်ရှိုးရော၊ နယ်ရှိုးရောပေါ့။ ဇွန်လထဲမှာ မန္တလေးရယ်၊ ပြင်ဦးလွင်ရယ် သွားဖို့ရှိပါတယ်။ မေလ ၁၅ ရက်နေ့ကလဲ ၀ိုင်းလေးရဲ့ တစ်ကိုယ်တော် Single Song Selfie ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ထွက်ထားတယ်။ အခုနောက်ပိုင်းတော့ ရှိုးတွေဆိုဖြစ်နေပါတယ်။

-တစ်ပုဒ်ထဲထွက်ထားတဲ့ Music Video အခြေအနေကရော ဘယ်လိုမျိုးရှိလဲ။

လောလောဆယ်တော့ တစ်ပတ်အတွင်းမှာ အော်ဒါ ၁၈၀၀ ထပ်တက်တယ်။ ညီမထုတ်ထားတာက ၃၀၀၀ ပဲဆိုတော့ နယ်က Preorder 1800 ထပ်တက်တယ်။ နောက်ထပ် ၁၀၀၀ ထပ်ထုတ်ထားတယ်။ ရောင်းတာကတော့ မြန်မာနိုင်ငံအနေအထားနဲ့ဆိုရင်တစ်ပုဒ်တည်းထုတ်တာက အခုမှစပြီးတော့ အနုပညာရှင်တွေကြိုးစားကြတာဆိုတော့ ပရိသတ်တွေက ပိုဝယ်ချင်တာပေါ့။ ဒါပေမဲ့ အခုလို တစ်ပုဒ်တည်းထွက်ပေမဲ့လဲ ၀ိုင်းလေးကို အားပေးနေတဲ့ပရိသတ်တွေကတော့ အားပေးကြတယ်ပေါ့နော်။ သူ့ပရိသတ်နဲ့သူပါပဲ။ ၀ယ်ပြီးအားပေးကြပါတယ်။ ဈေးနှုန်းကတော့ ၁၀၀၀ နဲ့ပဲရောင်းပါတယ်။

-Single Song အနေနဲ့ တစ်ပုဒ်တည်း ထုတ်ဖြစ်တာကရော ဘယ်လိုကြောင့်လဲ။

ဒီ Single Song က ညီမရဲ့ ပထမဆုံး ထွက်ခဲ့တဲ့ စီဒီမှာတုန်းက Title သီချင်းမပါသေးတဲ့အတွက် ပထမထွက်ထားတဲ့ Selfie အခွေရဲ့ အမ်တီဗီတစ်ခွေလုံးမထွက်ခင်မှာ ပရိသတ်နဲ့အဆက်မပြတ်သွားအောင် အမြည်းသဘောအနေနဲ့ထုတ်ဖြစ်ခဲ့တာပါ။ အမှန်ဆို ညီမရဲ့ စီဒီက ဇွန်လ ၁၃ ရက်နေ့ဆို တစ်နှစ်ပြည့်ပါပြီ။ တစ်နှစ်မတိုင်ခင် ဗီစီဒီတစ်ခွေလုံးမထွက်ခင်မှာ ညီမတစ်ပုဒ်တည်း Title သီချင်းကို ပရိသတ်တွေနဲ့မရင်းနှီးသေးတဲ့အတွက် တစ်ခါတည်း ပဲတန်းထုတ်လိုက်တာပါ။

-တခြားအခွေတွေမှာရော ၀င်ရောက်သီဆိုထားတာရှိဦးမလား။

ဘိုဘို အင်တာတိန်းမန့်ရဲ့ အခွေမှာ Featuring ၀င်ဆိုပေးထားတယ်။ ရက်ပ်ပါအဆိုတော်တွေနဲ့ပေါ့။ နောက် City FM အခွေလဲထွက်ဖို့ရှိတယ်။ နောက် ရွှေ FM မှာလဲ အမ်တီဗီ တစ်ပုဒ်ကိုရဲလေးနဲ့သရုပ်ဆောင်ပေးထားတယ်။

-Selfie အမ်တီဗီကရော ဘယ်တော့လောက်ထွက်ဖြစ်မလဲ။

ညီမ ဒီနှစ်ထဲမှာထွက်ဖို့စီစဉ်ထားတယ်။ သြဂုတ်လောက်ပေါ့။ အစက ဇွန်လထဲမှာထွက်ဖို့မှန်းထားတာ ဒါပေမဲ့ ရာသီဥတုကလဲ မုန်တိုင်းတွေဘာတွေရှိတယ်ကြားလို့မထွက်ဖြစ်တော့ပဲ နောက်ဆုတ်လိုက်တယ်။ အဲ့ဒါကြောင့် အားလုံးအဆင်ပြေတဲ့အချိန်သူတို့စိတ်အေးလက်အေးနားထောင်နိုင်မဲ့အချိန်မှ ညီမထွက်ဖို့နောက်ရွှေ့လိုက်တာပါ။ ထွက်မဲ့အချိန်ကို ညီမကို ထုတ်ပေးတဲ့ MRTV 4 Channal 7 ကနေလဲကြေညာပေးပါမယ်။ ရိုက်တာက အားလုံးပြီးသွားပြီ ။ အခွေထွက်ဖို့ပဲကျန်တော့တာပါ။ ဆင်တာတင်ထားပါတယ်။ ဒါရိုက်တာကတော့ Forever BEC ကလူတွေပါပဲ။

-သရုပ်ဆောင်တွေအနေနဲ့ရော ဘယ်သူတွေပါမလဲ။

ညီမကိုယ်တိုင်လဲသရုပ်ဆောင်ထားတယ်။ ခါရာ၊ အလင်းရောင်၊ အောင်မင်းခန့်၊ အိမ်စည်၊ ကိုင်ရွှန်ပါမယ်။ မင်းသမီးထဲမှာဆို မေမြင့်မိုရ်၊ နန်းစန္ဒာလှထွန်း၊ ပိုးကြာဖြူခင် အပြင်အခြားသရုပ်ဆောင်တွေလဲအများကြီးပါပါတယ်။ ရန်ကုန်အပြင် ညီမပြင်ဦးလွင်မှာပါသွားရောက်ရိုက်ကူးထားပါတယ်။

-အမ်တီဗီကိုရော ဘယ်လိုမျိုးထူးထူးခြားခြားရိုက်ကူးထားလဲ။

အမ်တီဗီကတော့ဇာတ်လမ်းပုံစံများတယ်။ တစ်ခွေလုံးမှာက သီချင်းမြူးတာဆိုလို့ ၄ ပုဒ်လောက်ပဲပါတော့လေ။ အကတွေပါတယ်။ Band နဲ့ရိုက်တာများတယ်။ Story Mood တွေများတယ်။ ပရိသတ်တွေကြိုက်တဲ့သဘောကျတဲ့ လက်ခံပြီးသားသီချင်းဆိုရင် ၅ ရက်ရိုက်ရတယ်။ အဲ့ဒါကတော့ ဒါရိုက်တာကိုသားကြီးကရိုက်ပေးတယ်။ မေမြင့်မိုရ်နဲ့ အောင်မင်းခန့်နဲ့ပါ။ ညီမရဲ့အဆိုကဒ်တွေလဲပါတယ်။ အဲ့ဒီသီချင်းဆို ၅ ရက်ဆိုတော့ တော်တော်လဲ ကုန်တယ်။ အချိန်လဲပေးထားရတယ်။ သီချင်းတစ်ပုဒ်စီတိုင်းကို အချိန်ယူပြီးသေချာရိုက်ကူးထားပါတယ်။

-စီဒီတစ်ခွေလုံးကိုရိုက်တာလား။ လျှော့ရိုက်တဲ့ သီချင်းတွေရောပါဦးမလား။

၁၆ပုဒ်ထဲမှာ ၁၁ ပုဒ်ပဲရိုက်ဖြစ်တယ်။ အဲ့ဒီ ၁၁ ပုဒ်က ပရိသတ်တွေရင်ထဲရောက်ပြီး Current ဖြစ်တဲ့သီချင်းလေးတွေကို ပရိုဂျူဆာနဲ့တိုင်ပင်ပြီးရိုက်ဖြစ်တာပါ။ ၁၆ ပုဒ်လုံးမရိုက်ဖြစ်ဘူးဆိုတာကလဲ တချို့သီချင်းတွေကျတော့ ပရိသတ်သိပ်မသိတာမျိုးရှိတယ်။ အဲ့ဒီသီချင်းလေးတွေကိုတော့ link တွေအင်တာနက်မှာ တင်ပေးထားတယ်။ ပရိသတ်တွေသဘောကျတဲ့သီချင်းတွေကျတော့လဲ အမ်တီဗီရိုက်ထားပါတယ်။

-ဟိုတလောကလဲ Miss Myanmar World နဲ့ဘန်ကောက်ကိုသွားတာတွေ့ရတယ်။ အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။

ညီမတို့ Miss Myanmar World 2016 က မေလ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာကန့်သွင်းတယ်။ ချင်းမိုင် ဘန်ကောက်မှာ Activities တွေသွားလုပ်ရတယ်။ အဓိက ဘာတွေသွားလုပ်ရလဲဆိုတော့ ညီမတို့ကန့်သွင်းတဲ့အချိန်မှာ Oversea Trip သွားလို့ရှိရင် သူတို့ရဲ့ Personality text တွေလုပ်တယ်။ စည်းကမ်းပိုင်းဆိုင်ရာ ပါမယ်။ ဘယ်သူတွေကစည်းကမ်းပိုရှိလဲ။ နောက် Communication ပိုင်းဆိုင်ရာတွေ အကုန်လုံးစစ်ဆေးတာပေါ့။ အဲ့ဒီကို ညီမရယ် Miss Myanmar World 2015 ခင်ရတနာသိန်းမြင့်ရယ်လိုက်သွားတယ်။ လိုက်ပြီးတော့ ဟိုမှာလိုအပ်တာတွေကူညီပေးတယ်။ ၁ပတ်တိတိ Activities တွေသွားလုပ်ကြတယ်။ ပွဲကြီးကတော့ ဇွန်လ ၄ ရက်နေ့ Ganamar Wholesale Grand Ballroom မှာလုပ်မှာပါ။

-ပြိုင်ပွဲဝင်တွေကိုရော ဘယ်လိုမျိုးအကြံဥာဏ်တွေ၊ အတွေ့အကြုံတွေ ဝေမျှပေးဖြစ်လဲ။

Miss World ဆိုတာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးပြိုင်ပွဲဆိုတော့ ပြိုင်ပွဲရဲ့ Image ကလဲ အရမ်းကြီးတယ်။ ရည်ရွယ်ချက်ကလဲ ပရဟိတနဲ့ကိုယ့်ရဲ့ Talent ပိုင်းဆိုင်ရာ အရေးကြီးတဲ့ပွဲဆိုတော့ ဒီပြီးခဲ့တဲ့ ၂၆ ရက်နေ့ကလဲ Talent show မှာသူတို့ရဲ့ talent တွေပြပြီးသွားပြီဆိုတော့ ၄ရက်နေ့ကျရင်တော့ ဘယ်သူက Talent ရှိတယ်။ မြန်မာနိုင်ငံကိုယ်စားပြုဖြစ်မလဲဆိုတာကိုတော့သိရတော့မှာပေါ့။ ပြိုင်ပွဲကတော့ တော်တော်လေးခရီးရောက်နေပါပြီ။ အားလုံးကြိုးစားနိုင်ပါစေလို့ဝိုင်းလေးဆုတောင်းပေးပါတယ်။

-ဆံပင်အတိုလေးလဲ ညှပ်ထားတာတွေ့ရတယ်နော်။

အဲ့ဒါကတော့ ဖက်ရှင်တစ်ခု ပြောင်းလဲမှုတစ်ခုအနေနဲ့ လုပ်လိုက်တာပါ။ အမြဲတမ်းကြီးကျတော့ ဆံပင်အရှည်ကြီးနဲ့ဆို ပရိသတ်တွေအတွက်လဲရိုးတယ်လေ။ အဲ့ဒါကြောင့် ပြောင်းလဲမှုတစ်ခုအနေနဲ့ညှပ်လိုက်တာပါ။

-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။

အေးဆေးပါပဲအစ်မ။ အရင်ကတည်းလဲ အဲ့ဒီအပိုင်းကို စိတ်မ၀င်စားတော့ ကိုယ့်အလုပ်ကိုပဲ ကိုယ်ဦးစားပေးဖြစ်နေပါတယ်။

-အားပေးနေတဲ့ ပရိသတ်ကြီးကိုရေိာသြဂုတ်လမှာ ထွက်မဲ့ Selfie အခွေနဲ့ပတ်သက်ပြီး ဘယ်လိုပြောပြချင်သေးလဲ။

အခွေကတော့ ဖြစ်နိုင်ရင် ပရိသတ်လက်ထဲကို မြန်မြန်ပေးချင်ပါတယ်။ ဒါပေမဲ့ ညီမဖက်ကလဲ ပထမဆုံး ဒီဗီဒီ အယ်လ်ဘမ်ဖြစ်တဲ့အတွက် ညီမဖက်က သေချာလေးစီစဉ်နေတယ်။ ပရိသတ်အတွက်လဲ ထူးထူးခြားခြားအစီအစဉ်တွေလုပ်ပေးချင်နေတဲ့အတွက် စဉ်းစားနေတယ်။ ညီမပရိုမိုးရှင်းကျရင်လဲ လာရောက်အားပေးကြပါလို့၊ ဖြစ်နိုင်ရင်ရန်ကုန်၊ မန္တလေးအပြင် တခြားနယ်တွေထိပါ ပရိုမိုးရှင်းလိုက်လုပ်ဖို့ကြိုးစားပါ့မယ်။ လာရောက်အားပေးကြပါဦးလို့ပဲပြောချင်ပါတယ်။

ခင်ဆွေသက် - Trend Myanmar
Previous
Next Post »
Powered by Blogger.