သူမလက်ကို ကိုက်ထားသည့် ငါးမန်းနှင့်အတူ ဆေးရုံရောက်ခဲ့သည့် အမေရိကန် အမျိုးသမီး


အမေရိကန်တွင် ငါးမန်းကိုက်ခံရသည့် မိန်းကလေး တစ်ဦးသည် သူမကို ကိုက်သည့် ငါးမန်းနှင့် တွဲလျက် ဆေးရုံသို့ ရောက်သွားခဲ့ကြောင်း သိရသည်။

မေ ၁၅ ရက်က ဖလော်ရီဒါတွင် ရေကူးနေစဉ် အသက် ၂၃ နှစ်အရွယ် မိန်းကလေး၏ လက်ကို Nurse Shark အမျိုးအစား ငါးမန်းတစ်ကောင်က ကိုက်ခဲ့သည်။ ငါးမန်း၏ အရွယ်အစားမှာ ၂ ပေမျှသာ ရှိသော်လည်း ချွန်ထက်သည့် သွားများ ပိုင်ဆိုင်ထားပြီး မိန်းကလေး၏ အသားထဲတွင် စွဲစွဲမြဲမြဲ စိုက်ဝင်နေသဖြင့် ဖယ်ထုတ်ရန် အခက်ကြုံခဲ့သည်။

ထို့ကြောင့် သူမကို ကူညီသူများက ငါးမန်းကိုပါ တွဲလျက်ထား၍ ဆေးရုံသို့ တင်ပို့ပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ဘိုကာ ဒေသဆိုင်ရာ ဆေးရုံတွင် ကုသမှု ခံယူနေသည့် မိန်းကလေး၏ အခြေအနေမှာ တည်ငြိမ်နေပြီဟု ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဘော့ဘ်လီမွန်းစ်က ပြောကြားခဲ့သည်။

မိန်းကလေးကို ကိုက်ခဲထားသည့် ငါးမန်းကို လူတစ်ဦးက သတ်ဖြတ်လိုက်သော်လည်း ငါးမန်းကို ဖြုတ်ထုတ်ရန် မည်သို့မျှ အဆင်မပြေသဖြင့် ဆေးရုံသို့ လူနှင့်ငါးမန်း တွဲ၍ ပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

Nurse Shark အမျိုးအစား ငါးမန်းများသည် သာမန်အားဖြင့် အနေအေးပြီး လူသားများကို ရန်ပြုရန် အလွန်ခဲယဉ်းကြောင်း သဘာဝ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ဌာနမှ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။ သို့သော် အဆိုပါ ငါးမန်းများတွင် ထက်မြေ့နေသည့် သွားများ ရှိနေတတ်ပြီး အကယ်၍ သားကောင်ကို ကိုက်မိပါက မိနစ်အတန်ကြာ ခဲထားပြီးမှ ပြန်လွှတ်ပေးတတ်သည့် စရိုက်မျိုး ရှိသည်။ များသောအားဖြင့်မူ အဆိုပါ ငါးမန်းများသည် လူတစ်ဦးကို အလွန်နက်ရှိုင်းသည့် ဒဏ်ရာမျိုး ရရှိအောင် ကိုက်ခဲသည့် အခြေအနေမျိုး မရှိတတ်ကြောင်းလည်း သိရှိရသည်။

Ref: Fox News
7day
Previous
Next Post »
Powered by Blogger.