ဂျပန်ငလျင် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အမေရိကန်စစ်တပ် ပူးပေါင်းကူညီ


ငလျင်ကြီးနှစ်ခု လှုပ်ခတ်မှု ကြုံခဲ့သည့် ဂျပန်နိုင်ငံတွင် အမေရိကန် စစ်တပ်က ကယ်ဆယ်ရေး လုပ်ငန်းများ၌ ပါဝင်ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရှိရသည်။

အမေရိကန် တပ်ဖွဲ့များသည် ဧပြီ ၁၈ ရက်မှ စတင်ကာ ဂျပန်ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် လက်တွဲပြီး ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်လာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း (ဧပြီ ၁၄ နှင့် ၁၇ ရက်များက) အင်အားပြင်းထန်သော ငလျင်နှစ်ခု ကူမာမိုတို မြို့အနီးတွင် လှုပ်ခတ်ခဲ့ရာ လူပေါင်း ၄၂ ဦးထက်မနည်း သေဆုံးပြီး ၁၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အနည်းဆုံး လူ ၁၀ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ဧပြီ ၁၇ ရက် ငလျင်အပြီးတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ ကယ်ဆယ်ရေးများက အပျက်အစီးပုံများ အောက်၌ အသက်ရှင်ကျန်သူများကို ရှာဖွေရန် အင်တိုက်အားတိုက် ဆောင်ရွက်နေသော်လည်း ငလျင်နောက်ဆက်တွဲ မြေလွှာတုန်ခါမှုများကြောင့် အခက်အခဲများ ကြုံနေသည်။

ဧပြီ ၁၈ ရက်တွင်မူ အမေရိကန် လေတပ်၏ UC-35 လေယာဉ်ကြီးတစ်စီးသည် ကူမာမိုတို အနီးရှိ အမေရိကန် စစ်စခန်းတွင် ဆင်းသက်ခဲ့ပြီး ကယ်ဆယ်ရေး ကဏ္ဍတွင် စတင်ပူးပေါင်း ကူညီပါဝင်ခဲ့သည်။ ရက်ပိုင်းမျှသာခြားပြီး လှုပ်ခတ်သော ငလျင်နှစ်ခုသည် ရစ်ခ်ျတာစကေး ၆.၄ နှင့် ၇.၃ ပြင်းအားစီ အသီးသီး ရှိခဲ့ကြသည်။

“ပျောက်နေတဲ့သူတွေ ရှိတုန်းပဲ။ အမေရိကန် တပ်ဖွဲ့တွေရဲ့ အကူအညီကြောင့် ကယ်ဆယ်ရေး ကဏ္ဍမှာ အတတ်နိုင်ဆုံး မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ဖြစ်အောင် ကြိုးစား ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဂျပန် ကာကွယ်ရေးတပ်မှ ဗိုလ်မှူးကြီး မာရှာဟီရို ဆူဂါဝါရာက ပြောကြားခဲ့သည်။

အမေရိကန် လေတပ်၊ ရေတပ်နှင့် မရိန်းတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀၀၀ မျှ ဂျပန်တွင် ရှိနေပြီး ၂၀၁၁ ခုနှစ်၊ မတ်လက ငလျင်လှုပ်ခတ်မှုနှင့် ဆူနာမီရေလှိုင်း ရိုက်ခတ်မှု ဖြစ်ရပ်ဆိုးကြီးများအတွင်း ဂျပန်တွင် အမေရိကန် စစ်တပ်က ကယ်ဆယ်ရေး ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင် ငလျင်ဘေးသင့် ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ လေကြောင်းမှ ပို့ဆောင်ရေးတွင် အဓိက ကူညီရန် ဂျပန်က အမေရိကန်ကို ပန်ကြားတောင်းခံထားကြောင်း သိရသည်။

7day
Previous
Next Post »
Powered by Blogger.