လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ကျ မြန်မာနိုင်ငံသားနှစ်ဦး၏ အယူခံနောက်ဆုံးရက်မှာ ဧပြီ ၂၂ ရက် ဖြစ်သော်လည်း အယူခံကာလ ထပ်မံတိုးမြှင့်ပေးရန် ယနေ့ ထပ်မံတောင်းဆိုမည်


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ကျ မြန်မာနိုင်ငံသားနှစ်ဦး၏ အယူခံတက်ရောက်ရန် ကာလကို ထပ်မံတိုးမြှင့် သတ်မှတ်ပေးရန်အတွက် ထိုင်းနိုင်ငံ အယူခံရုံးသို့ ဧပြီ ၁၉ ရက် (ယနေ့) တွင် ထပ်မံတောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ ထံမှ သိရသည်။

သေဒဏ်ကျ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်း နှင့်ဝင်းဇော်ထွန်းတို့အတွက် အယူခံတက်ရောက်ရန် နောက်ဆုံးရက်မှာ ဧပြီ ၂၂ ရက်ဖြစ်ပြီး ထိုသို့ အယူခံကာလကို ထပ်မံတိုးတောင်းရခြင်းမှာ မြန်မာနိုင်ငံသားများဘက်မှ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံရှေ့နေများကောင်စီအဖွဲ့ နှင့် အစိုးရရှေ့နေများအဖွဲ့တို့အကြား ဥပဒေရေးရာကွဲလွဲမှုများကို ပိုမိုပြည့်စုံစွာ ဖြည့်စွက်တင်ပြရန်အတွက် ဖြစ်သည်ဟု မြန်မာသံရုံးအထူးအဖွဲ့မှ ဦးအောင်မျိုးသန့်က ဧပြီ ၁၈ ရက် က ပြောကြားသည်။

“အယူခံရက် နောက်ဆုံးသတ်မှတ်ပေးလိုက်တဲ့ ရက်က ဧပြီ ၂၂ ရက်ပါ။ လာမယ့် သောကြာနေ့ပေါ့။ အဲ့ဒီနေ့မှာ တင်ရမှာပါ။ တင်ဖို့လည်း အဆင်သင့်ရှိနေပါပြီ။ ဒါပေမဲ့ အန်ကယ်တို့ ဧပြီ ၁၉ ရက်မှ အယူခံရုံးမှာပဲ အယူခံရက်ကို ထပ်တိုးမြှင့်ပေးဖို့ ကြိုးစားကြည့်ဦးမှာပါ။ တကယ်လို့ရမယ်ဆိုရင်တော့ ရက်ထပ်တိုးရမှာပေါ့။ မရခဲ့ဘူးဆိုရင်လည်း ဧပြီ ၂၁ ရက်မှာ အယူခံကို တင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ဦးအောင်မျိုးသန့်က ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက“ဘာကြောင့် အယူခံရက် တိုးတောင်းရတာလဲဆိုတော့ ထိုင်းနိုင်ငံရှေ့နေများကောင်စီအဖွဲ့နဲ့ တရားရုံးရှေ့နေများအဖွဲ့နဲ့ ဥပဒေရေးရာ သုံးသပ်ချက် ကွဲလွဲမှုတွေကို တစ်ဖက်နဲ့တစ်ဖက် အမြင်မကြည်လင်တာလေးတွေ ပြင်ပြီး ဥပဒေရေးရာ ဆောင်ရွက်တာကို ရှေ့နေများကောင်စီကလည်း ပြည့်စုံအောင် အဆုံးထိ ဆောင်ရွက်နိုင်အောင်ဆိုတဲ့ သဘောပါပဲ” ဟု ပြော ကြားသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံ အပန်းဖြေကျွန်းဖြစ်သည့် လိပ်ကျွန်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုတွင် သံသယဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်း တို့ကို ကော့စမွီခရိုင် တရားရုံးမှ မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှုအပါအ၀င် အမှုပေါင်း ခုနစ်မှုဖြင့် ၂၀၁၅ခု နှစ် ဒီဇင်ဘာ ၂၆ ရက်က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဉာဏ်ဝင်းရှိန် / eleven news
Previous
Next Post »
Powered by Blogger.