ဦးခေါင်းမပါသည့် ကလေးငယ် တစ်ဦး၏ အလောင်းတွေ့ရှိမှုနှင့်အတူ ဆက်စပ်တွေ့ရှိသော ဦးခေါင်းခွံမှာ ကလေးငယ်ဦးခေါင်းနှင့် ကိုက်ညီမှု မရှိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ပုဇွန်တောင် ချောင်းလက်တက်အတွင်း ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က တွေ့ရှိခဲ့သည့် ဦးခေါင်းမပါသော ကလေးငယ် တစ်ဦး၏ အလောင်းနှင့် ဆက်စပ်တွေ့ရှိခဲ့သော ဦးခေါင်းခွံ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့က အမှုနှင့်ဆက်စပ် တွေ့ရှိခဲ့သည့် အသားစများ မပါရှိသော ဦးခေါင်းခွံအား ကလေး၏ ဦးခေါင်းဟုတ်မဟုတ် သိရှိနိုင်ရန် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ အဆိုပါ ဦးခေါင်းခွံမှာ မပြည့်စုံသည့်အပြင် အရွယ်အစား ကြီးမားပြီး ဆွေးမြည့်နေသောကြောင့် သေဆုံးသူ ကလေးငယ်၏ အသက်အရွယ်နှင့် ကိုက်ညီမှု မရှိဟု မှုခင်းဆရာဝန်က စစ်ဆေးတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“တွေ့ရှိတဲ့ ဦးခေါင်းကတော့ ဟောင်းနေတယ်။ ဦးခေါင်းမေးရိုးကလည်း ကလေးမေးရိုးနဲ့ မတူဘူး။ အဲဒီတော့ ဒီဖြစ်စဉ်တွေကို ဆက်လက်စုံစမ်း စစ်ဆေးနေတယ်။ လက်ရှိမှာတော့ သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ထားပါတယ်” ဟု ဒေါပုံမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။

ကလေးငယ်၏ အလောင်းတွေ့ရှိပြီး တစ်ရက်အကြာတွင် ပုဇွန်တောင်ချောင်းအတွင်း အလောင်းတွေ့ရှိခဲ့သော နေရာနှင့် ကိုက် ၇၀ အကွာတွင် ယင်းဦးခေါင်းခွံကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်က ဦးခေါင်းမပါဘဲ ပုပ်ပွနေသည့် ကလေးငယ်တစ်ဦး၏ အလောင်းကို ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ပုဇွန်တောင် ချောင်းလက်တက်အတွင်း ဒီရေတက်ချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းအလောင်းမှာ သာကေတမြို့၌ နေထိုင်သည့် အသက်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ကာ ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းတွင် နေအိမ်မှအပြင်သို့ ထွက်ကစားစဉ် ပျောက်ဆုံးသွားသဖြင့် မိသားစုဝင်များက သာကေတမြို့မ ရဲစခန်းတွင် လူပျောက်တိုင်ကြားထားကြောင်း ရဲမှုခင်း မှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်အား ဒေါပုံမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၃/၁၆) ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြည့်ဖြိုးအောင်၊ နေမျိုးဝင်း / eleven news
Previous
Next Post »
Powered by Blogger.