ပညာရေးဖြင့်သာ ချွန်းအုပ်ရမည့် အရိုင်းစိတ်


ရန်ကုန်မြို့လယ်ကောင် လူစည်ကားရာနေရာဖြစ်ပြီး လုံခြုံရေးဝန်ထမ်းအချို့လည်းရှိနေသည့် ဈေးဝယ်စင်တာကြီးတစ်ခုတွင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို အမျိုးသားတစ်ဦးက ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့သည့်ဖြစ်စဉ်တစ်ခုဧပြီ ၆ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့သည်။ လူမြင်ကွင်း ဈေးဝယ်စင်တာတွင် အမျိုးသမီးငယ်တစ်ဦး ယင်းသို့လက်နက်ဖြင့် အကြမ်းဖက်ခံရခြင်းမှာ ၂၀၁၆ အတွင်း ဒုတိယအကြိမ်လည်းဖြစ်သည်။

ကတ်ကြေးဖြင့် အထိုးခံရသည့်ဖြစ်စဉ်တွင် ဒဂုံစင်တာ (၂) ရှိ ONYX အလှပစ္စည်းအရောင်းဆိုင်မှအသက် (၂၀) ခန့်အရွယ် ဝန်ထမ်းအမျိုးသမီးသည် ဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ် အသက် (၂၃) နှစ်အရွယ် နေဒွေးဆိုသူ ရောက်ရှိလာပြီး အမျိုးသမီးငယ်၏မျက်နှာကို ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ ရဲမှူးဝင်းမြင့်ဦးက ပြောကြားသည်။

‘‘ကောင်မလေးနဲ့ သူနဲ့ ရည်းစားတွေလို့ ပြောတယ်။ ကောင်မလေးက သူ့ကို မတွဲချင်တော့ဘူး။ အဆက်ဖြတ်မယ်လို့ ဖုန်းဆက်ပြောတယ်။ အဲဒီလိုပြောလို့ မနေ့ကလည်း ကောင်မလေးကို ပါးရိုက်သေးတယ်။ ဒီနေ့တော့ ဆိုင်ကိုလိုက်လာပြီး ကတ်ကြေးနဲ့ ထိုးတာ။ ညာဘက်မျက်လုံးတစ်ဖက် ပျက်စီးသွားတယ်။ ရန်ကုန်ဆေးရုံ ကြီးကို တင်ပို့ပေးထားပါတယ်’’ ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံကဲ့သို့ ယဉ်ကျေးပြီး ကိုယ်ချင်းစာတရားလက်ကိုင်ထားသော တိုင်းပြည်ဟု ကမ္ဘာက အသိအမှတ်ပြုထားသည့် နိုင်ငံတွင် ယခုကဲ့သို့ လူမြင်ကွင်း၌ အမျိုးသမီးများအား အကြမ်းဖက်ခြင်း၊ ဓား၊ ကတ်ကြေး စသည်လက်နက်တို့ဖြင့် ထိုးခြင်းစသည့် ဆင်ခြင်တုံတရားကင်းမဲ့သည့် ဖြစ်ရပ်များသည် ယဉ်ကျေးသည့် လူ့ဘောင်ကို အကျည်းတန်စေသည့် အပြုအမူများဖြစ်ကြောင်း စာပေ၊ အနုပညာနှင့် ပညာရေးအပါအဝင် နယ်ပယ်အသီးသီးမှ ပညာရှင်များက သုံးသပ်ကြသည်။

‘‘အဓိကကလူတွေက ရိုင်းလာတယ်။ တိရစ္ဆာန်လေးတွေကအစ ယဉ်အောင်လုပ်ယူရတယ်။ ယဉ်အောင်လုပ်မှ ခိုင်းလို့ရမှာ။ လူတွေမှာလည်း အရိုင်းဆန်တဲ့ စိတ်တွေရှိတယ်။ အုပ်စုနဲ့တွေ့ရင် ရိုက်ချင်တာတို့၊ ချချင်တာတို့ ဖြစ်ကြတယ်’’ ဟု စာရေးဆရာ မောင်သာချိုက သုံးသပ်ပြောသည်။

ယနေ့ခေတ်တွင် ပြည်သူများသည် စားဝတ်နေရေးအဆင်မပြေမှုများကြောင့် ရုန်းကန်နေရသည့်အချိန်၌ အားလပ်ချိန်နှင့် စိတ်အပန်းဖြေချိန်ရှားပါးခြင်းနှင့် ဝင်ငွေမလုံလောက်ခြင်း အခက်အခဲများရှိနေပြီး ယင်းတို့က လူတို့၏ စိတ်နေစိတ်ထားအပေါ် သက်ရောက်မှုရှိကာ အရိုင်းစိတ်ဖြစ်ပေါ်ရန် အခြေခံတွန်းအားများဖြစ်လာကြောင်း ၎င်းက သုံးသပ်သည်။

‘‘တို့နိုင်ငံမှာ နောက်ပိုင်းမှာ လူတွေဟာ အဘက်ဘက်က ကျဆင်းလာတယ်။ လူတွေက မကောင်းတာလည်းပါတယ်။ ရိုင်းတာလည်းပါတယ်။ နောက်ပြီးတော့ စားဝတ်နေရေးအဆင်မပြေတဲ့အခါကျတော့ အနုပညာပစ္စည်းကောင်းကောင်းကိုလည်း မခံစားနိုင်တော့ဘူး’’ ဟု ဆရာမောင်သာချိုက ပြောသည်။

ထို့အပြင် ယခုလိုဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာခြင်းသည် အခြေခံပညာကျောင်းများတွင် အရေးကြီးသည့် အသိစိတ်ဓာတ်နှင့် စည်းကမ်းဆိုင်ရာများ၊ ပြည်သူ့နီတိကဲ့သို့ အခြေခံလူ့ကျင့်ဝတ်များကို လေ့ကျင့်သင်ကြားပေးမှု နည်းပါးလာခဲ့ပြီး ပညာရေးအခြေခံအား နည်းလာခဲ့ခြင်းကြောင့်ဟု ပညာရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။

‘‘ပညာရေးမှာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာလို့ သုံးထားပေမယ့် အခုလောလောဆယ်မှာ စိတ်ဓာတ်နဲ့ စည်းကမ်းက ပျောက်နေတယ်။ စိတ်ဓာတ်နဲ့ စည်းကမ်းကို လေ့ကျင့်ပေးတဲ့ ပြည်သူ့နီတိရဲ့လေ့ကျင့်သင်ကြားမှုက ပျောက်နေတယ်။ အဲဒီကနေ ကြီးလာတော့ စိတ်ဓာတ်တွေ ပျက်ပြားကုန်တယ်။ အဲဒီမှာ ကိုယ်ချင်းစာတရားမရှိတော့ဘူး။ အနိုင်ကျင့်လိုတဲ့ စိတ်ဓာတ်တွေက လွှမ်းမိုးလာတယ်။ အမှား၊အမှန်ဝေဖန်ပိုင်းခြားနိုင်မှုတွေ အားနည်းလာတယ်’’ ဟု ပညာရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိဦးငွေတိုးက ပြောသည်။

အမျိုးသမီးများကို ၎င်းတို့၏ ချစ်သူရည်းစားများက လူပုံအလယ်တွင် ဓားဖြင့်ထိုးခြင်း၊ ကတ်ကြေးဖြင့်ထိုးခြင်းတို့အပြင် အသက်သေဆုံးသည်အထိ ကိုယ်ထိလက်ရောက် ကျူးလွန်ကြသည့် ဖြစ်စဉ်များတွင် အမျိုးသားများ၏ စရိုက်လက္ခဏာကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

မြန်မာနိုင်ငံတွင် ချစ်သူ၊ ရည်းစားချင်း လမ်းခွဲသည်ကို မကျေနပ်၍ လမ်းခွဲခံရသူ အမျိုးသားဘက်က လက်တုံ့ပြန်သတ်ဖြတ်သည့် အမှုအခင်းများ ယခုနှစ်အတွင်း ပိုမိုမြင်တွေ့လာရသည်။ ဗဟန်းမြို့နယ်အတွင်းရှိ သင်္ကန်းဆိုင်တစ်ဆိုင်တွင် ဝန်ထမ်းအမျိုးသမီးကို ရည်းစားဟောင်းက ဓားဖြင့်ထိုးသတ်ခြင်း၊ ရန်ကုန်မြို့လယ်ကောင်လမ်းမကြီးတွင် အလုပ်မှအပြန် အမျိုးသမီးတစ်ဦးကို ရည်းစားဟောင်းက ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခြင်းတို့ဖြစ်ပွားခဲ့သည်။ မော်ဒယ် အေးချမ်းမြတ်မိုးအသတ်ခံရမှုတွင်လည်း လည်ပင်းကို ဓားဖြင့် ရက်ရက်စက်စက်ထိုးသတ်ခံရသော်လည်း မျက်မြင်သက်သေမရှိခြင်းနှင့် ကြိုတင်ကြံစည်သတ်ဖြတ်ခြင်းမမြောက်ဟုဆိုကာ ကျူးလွန်သူတရားခံကို ထောင် ၁၀ နှစ်သာ ချမှတ်ခဲ့သည်။

၂၀၁၀ မှ ၂၀၁၅ အတွင်း ငါးနှစ်တာမှုခင်းမှတ်တမ်းများအရ အမျိုးသမီးများဘက်မှ မိမိတို့ချစ်သူ၊ ရည်းစားများအား လမ်းခွဲခြင်း၊ လက်ထပ်ရန် ငြင်းဆိုခြင်း၊ စကားပြောအဆင်မပြေရာမှ ဒေါသအလျောက် သတ်ဖြတ်ခံရခြင်း၊ လမ်းခွဲပြီးနောက် အမျိုးသမီးများဘက်က အချစ်သစ်ရှာဖွေခြင်း စသည်တို့ကြောင့် အမျိုးသားများဘက်က သတ်ဖြတ်မှုများ အနည်းဆုံး ၁၅ မှုထက်မနည်း ဖြစ်ပွားထားသည်ကို တွေ့ရသည်။

ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်အမှုတစ်ခုမှာ သမီးရည်းစားနှစ်ဦးလက်ထပ်ရန် ညှိနှိုင်းရာမှ အဆင်မပြေဖြစ်ကာ အမျိုးသမီးငယ်ကို ကားပေါ်တွင် လည်ပင်းညှစ်သတ်ကာ လေကြောင်းရန် ကာကွယ်ရေးတပ်ခြံစည်းရိုးအတွင်း စွန့်ပစ်မှုဖြစ်ပွားခဲ့ပြီး ယင်းအမှုသည် အွန်လိုင်းမှတစ်ဆင့် ချစ်ကြိုက်ရာမှ ဖြစ်ပွားခဲ့သည့် အမှုဖြစ်ပြီး တတိယနှစ်နည်းပညာတက္ကသိုလ်ကျောင်းသူသေဆုံးခဲ့ရသည်။

‘‘ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ချစ်သူကို ဓားနဲ့ထိုးလို့ ထောင်သုံးနှစ်ကျဖူးတယ်။ သူ့ကို ဓားနဲ့ထိုးဖို့အတွက် ဓားသွေးတာ တစ်ပတ်ကြာတယ်။ အရင်ရည်းစားနဲ့ ပြန်တွဲနေတာလည်း သိတယ်။ သူ့ကိုလည်း သတိပေးပေမယ့် မရဘူး။ မကျေနပ်ရင် ဖြတ်ဆိုတော့ ဒေါသစိတ်ကို ဆွသလိုမျိုးဖြစ်လာတယ်။ နောက်ဆုံးသူကို ဓားနဲ့ထိုးပြီး ရဲစခန်းမှာ အဖမ်းခံတယ်။ သူလည်း မသေပါဘူး။ ခုပြန်စဉ်းစားကြည့်တော့ မိနစ်ပိုင်းလေးဒေါသက ကိုယ့်ဘဝအတွက် အမည်းစက်ဖြစ်သွားရတယ်’’ ဟု ၂၀၁၃ က သုဝဏ္ဏမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်ကို ကျူးလွန်ခဲ့သူ အမျိုးသားက ၎င်း၏ဖြစ်စဉ်ကို ပြန်ပြောပြသည်။

‘‘မိန်းကလေးတစ်ယောက်ကို ဒီလိုရိုက်နှက်ဖို့ဆိုတာ လူတိုင်းတော့ မလုပ်တတ်ဘူး။ အခုဖြစ်တဲ့အရွယ်တွေ ကြည့်မယ်ဆိုရင် အသက် (၂၀) ၀န်းကျင်တွေ ဖြစ်တာများတယ်။ ချစ်သူရည်းစားချင်း အဆင်မပြေဖြစ်တာကို စကားနဲ့မဖြေရှင်းဘဲ လက်နက်တွေနဲ့ ဖြေရှင်းတယ်။ ဒီလိုလုပ်တဲ့ ယောက်ျားလေးတွေကလည်း အရင်တည်းက တစ်ခုခုဆိုရင် လက်ပါတတ်တဲ့ သူမျိုးတွေများတယ်’’ ဟု ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောကြားသည်။

‘‘ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ သူရဲ့နောက်ကြောင်းရာဇဝင်၊ ဖြစ်စဉ်စစ်ဆေးချက်များ၊ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးချက်များပြီးမှ သုံးသပ်ချက်ပေးလို့ရမယ်။ စစ်ဆေးမှုအရ အဲဒီလူမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတယ်ဆိုရင် စိတ်ကျန်းမာရေးဆေးရုံကို ပို့ရမှာဖြစ်ပါတယ်’’ဟု ယင်းကဲ့သို့ လူမြင်ကွင်းတွင် မိမိချစ်သူရည်းစားအမျိုးသမီးများအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူများ၏ စိတ်ပိုင်းဆိုင်ရာပြဿနာနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောကြားသည်။

အခြေခံပညာရေးကဏ္ဍတွင် စာသင်ကြားခြင်းအပြင် အားလပ်ချိန်၌ ၀ါသနာပါသည့် ပန်းချီ၊ ဂီတ၊ စာပေစသည့် အနုပညာ၊ အားကစားတို့ကို ပြုလုပ်ခြင်းစသည့် အလေ့အကျင့်များကိုလည်း အကျိုးရှိစွာ အသုံးချနိုင်ရန် လုပ်ဆောင်စေရန် အားပေးမှုများ ပြုလုပ်ပေးသင့်ကြောင်းနှင့် အဆိုပါအလေ့အကျင့်များကို လေ့ကျင့်ပေးမှု အားနည်းလာပါက အနေအထိုင်၊ အပြုအမူ၊ ပေါင်းသင်းဆက်ဆံရေးတို့တွင် စိတ်ဓာတ်၊ စည်းကမ်းပျက်ပြားလာနိုင်ကြောင်း ပညာရေးအသိုင်းအ၀ိုင်းက အကြံပြုထားသည်။

အမျိုးသမီးအများစုသည် တယ်လီဖုန်းအပါအဝင် အင်တာနက်လူမှုကွန်ရက်များမှတစ်ဆင့် အမျိုးသားများနှင့် ဆက်သွယ်ရင်းနှီးကာ ချစ်သူဖြစ်ပြီး အဆိုပါအမျိုးသားနှင့် အတူနေထိုင်ပြီးနောက် အခြားအမျိုးသားတစ်ဦးနှင့် ထပ်မံခင်မင်ရင်းနှီးနေသည်ကို သိရှိရာမှ ကိုယ်ထိလက်ရောက်ကျူးလွန်မှုများလည်းရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဒေါ်သီသီမြင့်က ပြောကြားသည်။

ထိုသို့ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်များသည် အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ စဉ်းစားတွေးခေါ်တတ်ခြင်းနှင့် တီထွင်ဖန်တီးနိုင်ခြင်းအစရှိသည့် အခြေခံကျသည့် ပညာရေးအရည်အသွေးများ အားနည်းနေခြင်းများကြောင့်ဖြစ်ပြီး ပိုမိုကောင်းမွန်သည့် ပညာရေးစနစ်တစ်ခုကို ခေတ်အခြေအနေအရ လိုအပ်နေပြီဖြစ်ကြောင်း ပညာရေးအသိုင်းအ၀ိုင်းက အကြံပြုထားကြသည်။

ထို့အပြင် တစ်ဦးချင်းစီ၏ ပညာရေး၊ ပတ်ဝန်းကျင်အခြေအနေပေါ်တွင်လည်း များစွာမူတည်၍ လူယဉ်ကျေးများစွာရှိလာရန် ယဉ်ကျေးသော ပတ်ဝန်းကျင်ကောင်းများလည်း လိုအပ်သည်။

‘‘လူတွေအများစုမှာ လိုဘမပြည့်မှုတွေ တော်တော်ကြီးလာတယ်။ အဲဒီကနေပြီးတော့ ဒေါသတွေကူးပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်လို့ ယူဆလို့ရတယ်။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ ပြောင်းလဲမှုတွေရှိလာပြီ။ လူငယ်တွေ သဘာဝမှာ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ အဆင်ပြေတယ်။ တချို့ကျတော့လည်း အဆင်မပြေမှုတွေရှိတယ်။ အဲဒါတွေများရင် များသလို ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာမယ်လို့ ထင်တယ်။ သူတို့ရဲ့ပညာရေးအခြေခံ၊ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်၊ မိသားစု၊ ကျင်လည်ခဲ့ရတဲ့ လုပ်ငန်းခွင်တွေအပေါ်မှာ မူတည်ပြီးတော့ ဒီလိုမျိုးတွေဖြစ်သရွေ့တော့ ပြဿနာတွေက အနည်းနဲ့အများရှိလာဦးမှာပဲ။ ဒီလိုပတ်ဝန်းကျင်တွေ နည်းလာမယ်ဆိုရင် ဒီလိုပြဿနာတွေလည်း နည်းသွားမယ်’’ဟု စိတ်ပညာရှင် ဒေါက်တာ အောင်မြတ်ကျော်စိန်က ပြောကြားသည်။

‘‘လူတွေရဲ့ နှလုံးသားကို ပြုပြင်တဲ့ ပညာရေးမျိုး၊ လူတွေဟာ စာပေအနုပညာတွေနဲ့ နေနိုင်တဲ့ ပတ်ဝန်းကျင်မျိုးဖြစ်လာအောင် အစိုးရနဲ့ပညာရေးနယ်ပယ်က လူတွေက ဖန်တီးပေးရမယ်။ အိမ်နီးချင်းထိုင်းနိုင်ငံက စာသင်ကျောင်းတွေမှာဆို ကျောင်းစာအပြင် ဂီတ၊ ပန်းချီလိုသင်တန်းတွေရှိသေးတယ်။ လူတွေရဲ့ စိတ်ကိုပါ ယဉ်ကျေးတဲ့ စိတ်မျိုး ဖြစ်လာအောင် ပြုပြင်ပေးသင့်တယ်’’ ဟု ဆရာမောင်သာချိုက အကြံပြုသည်။

‘‘အဲဒီလိုအရိုင်းစိတ်တွေကို ယဉ်ကျေးလာအောင်လို့ သီချင်း၊ ကဗျာ၊ ဝတ္ထု၊ ပန်းချီ၊​ ရုပ်ရှင်တို့ ကနေမှ လူတွေက ချစ်တတ်လာတယ်၊ လွမ်းတတ်လာတယ်ဆိုတာမျိုး ဖြစ်လာတယ်။ လူတွေကို ယဉ်ကျေးအောင် လုပ်တဲ့နေရာမှာ ပညာရေးနဲ့ အနုပညာက အဓိကအချက်ပဲ’’

ဇော်မျိုးလှိုင် / ဖိုးတုတ် - 7day
Previous
Next Post »
Powered by Blogger.