ဗန်းမောက်မြို့တွင် ရဲအုပ် ၁ ဦး ဆိုင်ကယ်မှောက် သေဆုံး၊ ၁ ဦးဒဏ်ရာရ


စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ဇလုံတောင်ကနေ ဘုရားဖူးပြန်လာတဲ့ ဆိုင်ကယ်တိမ်းမှောက်ပြီး ရဲအုပ် ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဗန်းမောက်ရဲစခန်းမှ သိရှိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီက ဆိုင်ကယ်မောင်းနှင်ကာ ဇလုံတောင်မှ ဘုရားဖူးပြန်လာတဲ့ ဗန်းမောက်ရဲစခန်းမှ ရဲအုပ်အောင်မျိုးမြင့်နဲ့ နောက်မှ မအိတုန် (ခ) မသဉ္ဖာမိုးမြင့်လိုက်ပါလာတဲ့ ဆိုင်ကယ်ဟာ ဇလုံတောင်နဲ့ တယ်ပင်ပြန့်ယာဉ်ရပ်နားစခန်း ဆင်ခြေလျှောကုန်းဆင်းမှာ ဆိုင်ကယ်ဘရိတ်မမိဘဲ လျှောကျတိမ်းမှောက်ခဲ့တာပါ။

ရဲအုပ်အောင်မျိုးမြင့်မှာ နံရိုးကျိုးဒဏ်ရာနဲ့ ဝမ်းဗိုက်နာကျင်ဒဏ်ရာရရှိကာ မအိတုန် (ခ) မသဉ္ဇာမိုးမြင့်က ဝဲဘက်လက်ကောက်ဝတ်ကျိုးဒဏ်ရာ ရရှိခဲ့ပါတယ်။

ကသာခရိုင်မှ ရဲတပ်ဖွဲ့ဝင်တဦးက “အဲဒီတုန်းက ဘာမှမဖြစ်သေးတော့ ၃၃၈ နဲ့ အမှု ဖွင့်ထားတာပါ။ အခုကျတော့ သေဆုံးသွားတဲ့အတွက် ၃၀၄ နဲ့ ပြောင်းစစ်မှာပါ။ သူဆိုင်ကယ်မှောက်ပြီး ကသာကို ရောက်လာတာမှာ ဝိုင်းပြုစုပြီး မန္တလေးဆေးရုံကို တင်တယ်။ ဒီမှာက ဗိုက်အောင့်တယ်ဆိုတော့ ဆရာဝန်က မန္တလေးဆေးရုံကိုပို့ဖို့ ပြောတယ်လေ။ မန္တလေးဆေးရုံကို ညတွင်းချင်းပို့လိုက်တယ်။ ကောင်မလေးရော သူကိုရောပေါ့။ ကသာမှာ သူ့ရဲ့ အခြေအနေက သိပ်မကောင်းဘူး။ အခြေအနေက ၅၀ / ၅၀ ပဲပေါ့။ မန္တလေးဆေးရုံရောက်တော့ သူကတော်တော်သက်သာလာတယ်။ ပြီးတော့ မနေ့က မတ်လ ၈ ရက်နေ့ ပြန်ဖောက်လာပြီးတော့ ကြပ်မတ်ဆောင်ကို ပြန်တင်လိုက်ရတယ်။ မတ်လ ၉ ရက်နေ့ မနက်ကျတော့ ဆုံးသွားတယ်။ ဆိုင်ကယ်ဘရိတ်ဖမ်းမိပဲ ကုန်းဆင်းမှာ ဖြစ်သွားတာပါ” လို့ ပြောပါတယ်။

ယာဉ်ပေါ့ဆစွာမောင်းနှင်သူ ကသာခရိုင် ရဲတပ်ဖွဲ့က ဦးစီး ၃ တာဝန်ခံ ရဲအုပ် အောင်မျိုးမြင့်ကို ဗန်းမောက်ရဲစခန်းမှ ယာဉ်(ပ)၂/၂၀၁၆ ပြစ်မှုပုဒ်မ ၃၃၈ အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။

DVB
Previous
Next Post »
Powered by Blogger.