မြို့ကြီးတစ်မြို့ရဲ့အဝေးပြေး ကားဝင်းထဲမှာ ကားထွက်ချိန်ကိုစောင့်ရင်း လက္ဘက်ရည်သောက်ပြီး ဟိုဒီငေးမော နေတုန်းအသံကြားလို့ ဘေးဘက်ဆီကိုစောင်းငဲ့ကြည့်လိုက်မိတယ်
… စမြင်ရတာက စစ်ဖိနပ်စုတ်တစ်ရံကို ရော့တိရော့ရဲစီးထားတဲ့ခြေထောက်တစ်စုံ … စစ်သားတွေဝတ်တဲ့ ဘောင်းဘီအစိမ်းရောင်က ချေးအထပ်ထပ်နဲ့ မွဲတေနေပါရောလား … ခါးမှာပတ်ထားတဲ့စစ်ခါးပတ် စိမ်းစိမ်းကြီးကလည်း ပိန်လှီသေးကွေးနေတဲ့ ခါးထက်မှာနေရာယူထားပြန်တယ် … စစ်လွယ်အိတ်စုတ်ကြီးကို မနိုင်မနင်းလွယ်ထားတဲ့ ခါးကလေးကိုင်းနေပြီ
… အဲ့လွယ်အိတ်ထဲမှာ သူ့ဝမ်းစာရေးဖြေရှင်းပေးမယ့် စာအုပ်လေးတွေ ပျင်းရီလေးတွဲစွာ ငိုက်မြည်းနေမှာသေချာတယ် … စစ်အင်္ကျီခပ်ညစ်ညစ်ထူထူကြီးကို ပူပြင်းတဲ့ရာသီကြီးမှာ မသေမသပ်ဝတ်ထားပုံက ကပိုကယိုနိုင်လှတယ်
… မျက်နှာမှာ မုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေက ထိုးထိုးထောင်ထောင်နေရာယူထားပြန်တော့ ရှိရင်းစွဲ အသက်ထက် အတော်လေးရင့်နေတဲ့ ရုပ်အိုအိုကို တွေ့ရတယ် …
အနည်းဆုံးတော့ ၆၅ ကျော်ရောပေါ့ … စာအုပ်လေးတွေကိုင်ထားတဲ့ လက်တစ်စုံဟာ ပိန်လှီချိနဲ့ နေပုံများ အစာအာဟာရ မ၀လေတဲ့ ခြေအနေကို အထင်းသားလှစ်ဟပြနေသလိုလို …
ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ စစ်သားဆောင်းသကလပ် ဦးထုပ်ပျော့အောက်မှာ မျှော်လင့်ချက် ခပ်ပါးပါးအတွက် အရောင်မှိန်မှိန် ဆေးပေါ့လိပ်အခိုးရိုက်ထားတဲ့ ရီဝေေ၀မျက်ဝန်းတစ်စုံ က ခပ်စူးစူး … သေချာသတိထားကြည့်မိတော့မှ သူရပ်နေတာ ခပ်စောင်းစောင်းအနေအထား … အော … သေချာပြီ … သူ့ရဲ့ ညာခြေဟာ အရည်အသွေးမပြည့်မှီတဲ့ သစ်သားခြေတုတစ်ဖက်ကလှုပ်လီလှုပ်လဲ့ နေရာယူထားတာကိုး …
စာအုပ်လေးတစ်အုပ်ဝယ်ရင်း
“အချိန်ရရင်လက္ဘက်ရည်လေးသောက်ပါဦး လေးလေး”
လို့ဖိတ်ခေါ်မိတော့ ခပ်နွမ်းနွမ်း အပြုံးတစ်ချက်နဲ့ဝင်ထိုင်တယ် … ကျဆိမ့်တစ်ခွက်မှာပြီးတော့ ရေနွေးကြမ်းကို ငှဲ့နေတုန်း ဆေးလိပ်နဲ့မုန့်ထပ်မှာပေးလိုက်တယ် …
မုန့်နဲ့ဆေးလိပ်အရင်လာချတော့ ဆေးလိပ်တစ်လိပ်မီးညှိပြီး အားရပါးရဖွာရှိုက်နေတယ် … မုန့်တစ်ထုပ်ဖောက်စားနေတုန်း လက္ဘက်ရည် လာချတာနဲ့ နီရဲနေတဲ့ လက္ဘက်ရည်ကျဆိမ့်ကို ကိုတစ်ကျိုက်မော့ကျိုက်ရင်းက မဲ့ပြုံးပြုံးပြီး စကားတစ်ခွန်းဆိုတယ် …
“ငါ့ဘ၀ကလဲ ဒီလက္ဘက်ရည်လိုပါပဲကွာ … ဖန်တွတ်ခါးတူး နေတာပဲ”
ရင်ဘတ်ကို ခေါင်းနဲ့ပြေးစောင့်လိုက်သလိုအောင့် သွားတယ် …
“တစ်ချိန်တုန်းကတော့ ကိုယ့်အလုပ်ကိုဂုဏ်ယူဝင့်ကြွားစွာနဲ့ အရိုးကြေကြေအရေခမ်းခမ်း သစ္စာရှိရှိ လုပ်လာခဲ့တာ … အချိန်တန်တော့ ရလာတဲ့အကျိုးဆက်က ဒီလိုလား ဒီလိုဘ၀မျိုးလားကွာ ဟားဟား”
သူ့ရဲ့ခြောက်ကပ်ကပ် လည်ချောင်းကွဲ ရီသံဟာ နားထဲကို သံဆူးကြိုးတစ်ချောင်းလို ကန့်လန့်တိုက်ပြေးစောင့်တယ် …
“မသေရုံထမင်းကို မ၀ရေစာလေးစားရဖို့အတွက် ခြေတုတစ်ဖက်နဲ့ တစ်နေကုန်စာအုပ် ပတ်ရောင်း … တစ်ခါတစ်ခါများ သူတောင်းစားလို လမ်းဘေးခွေးလို ဆက်ဆံခံရသေးတယ် …
နေ့လည်ကပဲ ဗိုလ်ချုပ်ရွာထဲ သွားရောင်းတာ … တစ်ချို့ဗိုလ်ချုပ်တွေဆို ငါ့လက်အောက်မှာပညာသင်သွားတဲ့ တပည့်ဟောင်းတွေ … စာအုပ်လေးရောင်းတော့ တစ်ချို့လည်း ၀ယ်ကြပါတယ် … အဲ့ဒါအပြင် မုန့်ဖိုးပဲဖိုးလေး လဲပေးရဲ့ … တစ်ခ်ျို့ကျပြန်တော့လည်း ငါက သူတို့အတွက် တော်တော်လေး ရွံစရာကောင်းတဲ့ သတ္တဝါများဖြစ်နေလားမသိပါဘူးကွာ … တံခါးလေးတောင် ဖွင့်မကြည့်ကြဘူး”
ဆေးလိပ်တစ်လိပ်ကို မီးထပ်ညှိရင်း အဝေးကိုငေးနေတဲ့ သူ့မျက်လုံးတွေက အတိတ်ကအရိပ်တွေဆီကို လှမ်းကြည့်နေသလိုလိုပဲ …
“သားထောက်သမီးခံကလည်းမရှိ အသက်ပြည့်လို့ ပင်စင်လဲယူရရော လူလဲခွေးလုံးလုံးဖြစ်တာပဲ … တပ်ထွက်ဆိုတော့ သိတဲ့အတိုင်း အပြင်မှာ ဘာမှလုပ်စားလို့မရ … တစ်ခါတစ်ခါ ငါ တစ်ချိန်ကရိုးသားမှုတွေအတွက် နောင်တရချင်သလိုလိုပဲ … နေစရာဆိုလို့လဲ ကျောတစ်ခင်းစာတောင်မရှိ … ပြောင်းလဲသွားတာဆိုလို့ ငါ့ရဲ့ဇွဲသတ္တိနဲ့ လဲယူခဲ့ရတဲ့ ခြေတုပဲရှိတယ်”
လက်ကျန် လက္ဘက်ရည်ကို ဂွက်ခနဲကောက်မော့ … မျက်နှာတစ်ချက်ရှုံ့သွားတယ် …
“ငါသွားမယ် ထမင်းဖိုးရအောင် စာအုပ်ဆက်ရောင်းရဦးမယ်”
ကျန်နေတဲ့ဆေးလိပ်နှစ်လိပ်ကို အိတ်ထဲကောက်ထည့်ပြီး ထော့ကိုင်း ထော့ကိုင်း လျှောက်ထွက်သွားတဲ့ အဲဒီလူကြီးကျောပြင် ကျဉ်းကျဉ်းလေး
ကို မြင်ကွင်းကပျောက်တဲ့အထိ ငေးကြည့်နေမိတယ် … တွေးကြည့်နေမိ
တယ် …
သေချာတာကတော့ သူ သောက်သွားတဲ့ ကျဆိမ့် ကိုလုံးဝမကြိုက်ဘူးဆို
တာပဲ … ကျဆိမ့် နဲ့တူတဲ့ သူ့ဘ၀ကိုလဲ သူကြိုက်မယ် မထင်ဘူး …။
အမေ့လျော့ခံစစ်သားအိုကြီးများအတွက်စာနာမိသမျှအမြင်နဲ့
အတွေးပေါင်းစပ်ရေးသားမိခြင်းပါ
မောင်အေးချမ်း
Sign up here with your email
ConversionConversion EmoticonEmoticon