ကျွန်တော်တို့ငယ်ငယ်က ဘာမှန်းမသိ၊ ညာမှန်းမသိ ဩ ကာသ ဩကာသ အစချီပြီး ဘုရားရှိခိုးခဲ့ရတာကို အခုပြန်ပြန်ပြီး သတိရနေမိတယ်။ ဥပုသ်နေ့လို ဘာသာရေးအထူးအမြတ်နေ့တွေမှာ လူကြီးသူမတွေနဲ့အတူ ဘုန်းတော်ကြီးကျောင်းကိုလိုက်သွာရင်း၊ အလှူ၊ အသုဘဘုန်းကြီးဆွမ်းကပ် ပရိတ်တရားနာပွဲတွေကို လိုက်သွားရင်း ရဟန်း၊ သံဃာတော်များရဲ့ရှေ့မှောက်မှာ သီလခံယူကြတဲ့အခါ လူအုပ်စုကြီးနဲ့ရောနှောပြီး သူများဩကာသရင် ကိုယ်လည်းဩကာသခဲ့တာပေါ့။ သူများ ကာယကံ၊ ဝစီကံ၊ မနောကံရင် ကိုယ်လည်းကာယကံ၊ ဝစီကံ၊ မနောကံခဲ့တာပေါ့။ အဓိပ္ပာယ်တွေ ဘာတွေကို ဘယ်မှာရေရေရာရာ သေသေချာချာ နားလည်သဘောပေါက်ခဲ့ပါလိမ့်မလဲ။ ဝန်ခံရရင် အဲဒါတော်တော်ကြီးတဲ့အထိပဲခင်ဗျ။
အထူးသဖြင့် ဘုရားရှိခိုးရဲ့ ဒုတိယပိုင်း ဆုတောင်းတဲ့နေရာ က စာသားတွေဆိုရင် ဘာတစ်ခု မှကို မသိသလောက်ပါ။ ဘာတဲ့။ ကန်တော့ရသော အကျိုးအား ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပ္ပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ ကင်းလွတ်ငြိမ်းသည်ဖြစ်၍တဲ့။ထားပါတော့။ ဘာမှကို တိတိကျကျမသိဘဲနဲ့ကျွန်တော်ဖြင့် ဆုတောင်းခဲ့မိတာအမှန်ပါ။
နောက်တော့ ဟိုဟာလည်း သိချင်၊ သည်ဟာလည်း သိချင်နဲ့ ဉာဏ်ကို ဆာလောင်လာတဲ့ အချိန်မှာကျမှ အပါယ်လေးပါး ဆိုတာက ဘာတွေဘာတွေ၊ ကပ်သုံးပါးဆိုတာက ဘာတွေဘာတွေ ဆိုတာမျိုးကိုလိုက်ပြီး စေ့ငုရှာဖွေဖတ်ရှုမိခဲ့တာပါ။ ချောက်ချားသွားသဗျ။ ကောင်းလိုက်တဲ့ ဘုရားရှိခိုး။ ခေတ်မီလိုက်တဲ့ဆုတောင်း စကား
အခု.. အဲသည့် ကျွန်တော် တို့ ကင်းလွတ်ငြိမ်းချင်တဲ့ ဆု တောင်းစကားထဲက ကပ်သုံးပါး ဆိုတာကြီးကို ဆွေးနွေးချင်တာ ပါ။
(နှစ်)
ကျွန်တော်တို့မလိုချင်တဲ့ ကပ်ကြီးသုံးပါးက ရောဂန္တရကပ် တဲ့၊ သတ္ထန္တရကပ်တဲ့။ ဒုဗ္ဘိက္ခန္တရ ကပ်တဲ့။ ပထမကပ်ရဲ့ မြန်မာ ဘာသာပြန်က ရောဂါဆိုးတွေရဲ့ အထူးနှိပ်စက်တာကိုခံရတဲ့ကပ် ပါ။ ဒုတိယကပ်ကတော့ လက် နက်နဲ့ အနိုင်ကျင့်သတ်ဖြတ်တာ ကို ခံရတဲ့ကပ်ပါ။ တတိယကပ်က တော့ အစားအစာ ငတ်မွတ်ခေါင်း ပါးတဲ့ကပ်ပါ။ အဲသည့် ကပ်သုံး မျိုးနဲ့ မဆုံပါရစေနဲ့၊ မကြုံပါရစေ နဲ့ဆိုပြီး ဆုတောင်းထားခဲ့တာမို့ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းကို ဘယ်လိုအနေအထားမျိုးပဲ လိုချင် ပါတယ်လို့ သဘောဆန္ဒဖော်ပြ ထားတာမို့ သိပ်ပြီးတော့ ခေတ်မီ တဲ့ ဘုရားရှိခိုးထဲက ဆုတောင်း တစ်ခုပါပဲ။
ကျွန်တော်တို့ ဘိုးစဉ်ဘောင် ဆက်ရှိခိုးလိုက်တဲ့ဘုရား၊ တောင်းလိုက်တဲ့ဆု။ ပြည့်ကြပါရဲ့လား။ လောကပါလသာသနာစောင့် နတ်တို့ စောင့်ကြပ်တဲ့မြန်မာပြည် ဆိုတာ ဘယ်သို့ရှိပါစ။
(သုံး)
ရောဂန္တရကပ်ရဲ့အနေ အထားကို ကျွန်တော်အချက် အလက်အနည်းငယ်နဲ့ပဲပြောပါရ စေ။ ကမ္ဘာပေါ်မှာ ကင်ဆာ ကြောင့် လူသေရတဲ့နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံက ဒုတိယပါ။ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ခုခံအားနည်းအဖြစ်အများဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါပါတယ်။
မိခင်တွေနဲ့ပတ်သက်တဲ့ အ ညွှန်းကိန်းမှာ နိုင်ငံ ၁၇၆ နိုင်ငံကို စဉ်လိုက်တဲ့အခါ မြန်မာက ၁၅၂ ရောက်နေပါတယ်။ ကလေး ဆယ့်ငါးယောက်မှာ ငါးနှစ်အောက်သေဆုံးတဲ့ကလေးကငါးယောက်တဲ့။ မွေးပြီးပြီးချင်း သေတဲ့ကလေးက လူတစ်ထောင်မှာ ဆယ့်တစ်ယောက်သေပါသတဲ့။ ကိုယ်ဝန်ဆောင်တစ်သိန်းရှိရင် အယောက်နှစ်ရာ့လေးဆယ် သေပါသတဲ့။ ကျန်းမာရေးစရိတ်သုံးစွဲမှုမှာ နိုင်ငံပေါင်း ၁၈၅ နိုင်ငံကိုစဉ်တော့ မြန်မာ က ၁၈၂ တဲ့။ ဒါဟာ ရောဂန္တရကပ်ရဲ့လက္ခဏာတွေပဲ မဟုတ်လား။
သတ္ထန္တရလို့ခေါ်တဲ့ လက် နက်ကို အခြေခံတဲ့ကပ်ကြီးက တော့ကော။ လွတ်လပ်ရေးရပြီး တာနဲ့စခဲ့တဲ့ ပြည်တွင်းစစ်ဟာ အခုအထိ ငြိမ်းချမ်းရေးမရနိုင် သေးပါဘူး။ ခြေပြတ်လက်ပြတ် တွေ။ မုဆိုးမတွေ။ မိဘမဲ့တွေ။ သူ့ဘက်မှာရော၊ ကိုယ့်ဘက်မှာ ရော။
လူသူလေးပါးမရှိတော့တဲ့ ရွာများ။ ချိုးထားတဲ့တံတားများ။ မိုင်းနင်းမိတဲ့ကားများ၊ ရထားများ။ ကမ္ဘာမှာ မြေမြှုပ်မိုင်း အန္တရာယ်အရှိဆုံးငါးနိုင်ငံမှာ မြန်မာက တတိယတဲ့။ အဲဒါဟာ သတ္ထန္တရကပ်မဟုတ်လို့ ဘာကပ်လဲ။
အစားအစာငတ်မွတ်ခေါင်း ပါးတဲ့ ဒုဗ္ဘိက္ခန္တရကပ်ကတော့ ကော။ အာဆီယံဆယ်နိုင်ငံမှာ မြန်မာက ဝင်ငွေအနည်းဆုံးပါ။ တစ်ရက်လုပ်ခ ကျပ် ၃,၅၀၀ ပေး ဖို့၊ မပေးဖို့ကိုတောင် အခုအထိ အကြိတ်အနယ်ဖြစ်နေတဲ့နိုင်ငံ အဖို့ တစ်ရက် ကျပ်တစ်သောင်း ရတဲ့ ထိုင်း၊ ကျပ်ငါးသောင်းရတဲ့ တောင်ကိုရီးယား၊ ကျပ်တစ်သိန်း ရတဲ့ ဂျပန်တွေနဲ့ နှိုင်းယှဉ်ကြည့် လိုက်တဲ့အခါ ဘယ်လောက်ငတ် မွတ်ခေါင်းပါးနေသလဲဆိုတာ မှန်းဆကြည့်လို့ရပါတယ်။
ကလေးသုံးယောက်မှာ တစ် ယောက်က အာဟာရမပြည့်ဝဘူး တဲ့။ အသက် (၇)နှစ်ကနေ (၁၆) နှစ်ကြား မြန်မာကလေးသုံးယောက် မှာ တစ်ယောက်က အလုပ်လုပ်နေရတာကြောင့် မြန်မာဟာ မြောက်ကိုရီးယားတို့၊ ဆိုမာလီတို့ထက်ဆိုးတယ်လို့ ယူအင်န်နဲ့ ဗြိတိန်မေပဲလ်ခရော့ဖ် အဖွဲ့တို့ကပြောခဲ့ကြဖူးပါတယ်။
ဒါကြောင့် ပျမ်းမျှအသက် ၆၅ ဒသမ ၂ နှစ်သာရှိတဲ့ မြန်မာ၊ ပျမ်းမျှပညာသင်ချိန် ၄ နှစ်သာရှိ တဲ့မြန်မာ၊ တစ်ဦးချင်းဝင်ငွေတစ် နှစ် ၃,၉၉၈ ဒေါ်လာသာရှိတဲ့ မြန်မာဟာ အာဆီယံ ၁၀ နိုင်ငံမှာ နောက်ဆုံးဖြစ်ပြီး ယူအင်န်ဒီပီက ထုတ်ပြန်တဲ့ နိုင်ငံ ၁၈၅ နိုင်ငံ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်း (HDI)မှာ အဆင့် ၁၅၀ ပါ။
ပြောရရင် ကပ်သုံးပါးဆိုက် နေတဲ့နိုင်ငံပေါ့။
ဘုရားရှိခိုးတိုင်းမှာ ကပ်သုံး ပါးက လွတ်ရပါလိုကြောင်း ဆုတောင်းခဲ့တဲ့နိုင်ငံဟာ ဘာကြောင့် အခုလိုဖြစ်နေရပါလိမ့်။ ဘာ ကြောင့် ဆုတောင်းမပြည့်ရ တာပါလိမ့်။ ဆုမတောင်းကြတဲ့ ဆွစ်ဇာလန်တို့၊ နော်ဝေးတို့၊ ဆွီဒင်တို့၊ ဒိန်းမတ်တို့က ဘာကြောင့်ကပ်သုံးပါးကနေ လွတ်မြောက်နေကြတာပါလိမ့်။
စနစ်ပါပဲ။ ကောင်းမွန်တဲ့စနစ်တွေကသာ သူ့လူ့အဖွဲ့အစည်းကို ကပ်သုံးပါးက ကျော်လွှားစေနိုင်တာပါ။
MIT ပါမောက္ခ Darom Acemoglu နဲ့ Havard ပါမောက္ခ James A.Robinson တို့ရေးခဲ့ သလို တောင်ကိုရီးယားချမ်းသာ ပြီး မြောက်ကိုရီးယားဆင်းရဲတာ လူမျိုးကြောင့်မဟုတ် စနစ်ကြောင့်တဲ့။ အမေရိကန်စီမံခန့်ခွဲနေတဲ့ နိုဂလီမြို့မြောက်ပိုင်းက ချမ်းသာပြီး မက္ကဆီကိုစီမံခန့်ခွဲတဲ့ နိုဂလီမြို့တောင်ပိုင်းဆင်းရဲတာ နယ်မြေကြောင့်မဟုတ် စနစ်ကြောင့်တဲ့။
ကပ်ကြီးသုံးပါးဟာ လူမျိုးနဲ့ လည်းမဆိုင်၊ ဒေသနဲ့လည်း မဆိုင်ပါဘူး။ စနစ်နဲ့သာဆိုင်တာပါ။ ဘုရားရှိခိုးထဲ ဆုထည့်တောင်းရုံနဲ့လည်း ကပ်ကြီးသုံးပါးမကင်း နိုင်ပါဘူး။ တကယ့်နိုင်ငံတွေဟာ စနစ်ကောင်းကောင်းနဲ့ ကပ်ကြီးသုံးပါးကို မောင်းနှင်ထုတ်ခဲ့ကြတာပါ။
ဩော်.. လွတ်ကင်းပါရစေ တော့။။
7day daily
Sign up here with your email
ConversionConversion EmoticonEmoticon