၂၀၁၅ ၂၀၁၆ မှာ လူငယ်ပရိသတ်တွေ တခဲနက် အားပေးခြင်းခံရတဲ့ Snare အဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖြိုးလေးက ၂၀၁၆ ထဲမှာ Frenzo နဲ့လဲ နိုင်ငံခြား Tour တွေ ထွက်ဖို့စီစဉ်ထားသလို G-Family အနေနဲ့လဲ Solo ထွက်ဖို့ရှိတယ်လို့သိရပါတယ်။ မကြာသေးခင်ကမှ အချစ်ရေးပျက်စီးထားတဲ့အတွက် အလုပ်တွေကိုပဲ ပိုလုပ်ဖြစ်နေပါတယ်ဆိုတဲ့ ဖြိုးလေးကို Genius ဆိုင်အကြောင်း၊ လတ်တလော လက်ခံထားတဲ့ ပွဲများအကြောင်းနဲ့သူ့ရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကိုမေးမြန်းကြည့်မိတဲ့အခါ
-အခုလက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
အခုလောလောဆယ် က ရှိုးပွဲတွေတောက်လျှောက်ဆိုဖြစ်တယ်။ ပြီးတော့ Snare လိုက်ဖ်ရှိုးခွေထွက်ဖို့လုပ်နေတယ်။ သုံးလပိုင်းလောက်ရအောင် ထွက်မယ်ပေါ့။ အဲ့ဒါပြီးရင် Snare One Band Show ကိုမန္တလေးမှာလုပ်ဖို့ စီစဉ်နေပါတယ်။
-One Band Show ကိုဘာလို့ရန်ကုန်မှာမလုပ်တာလဲ။
ရန်ကုန်မှာကျတော့ ဒီအချိန်က ပွဲတွေလည်း များနေပြီ။ ကျွန်တော်တို့ဖြစ်ချင်တာက ဒီနှစ် ရန်ကုန် နောက်နှစ် မန်းလေး အဲ့ဒီလို သွားချင်တာပေါ့။ အဲ့ဒါကြောင့် လုပ်ဖြစ်မယ်ဆိုရင် ဒီတစ်ခေါက် မန္တလေးမှာပဲ လုပ်ဖြစ်မှာပါ။
-Snare Live Show က ရန်ကုန်မှာလုပ်ခဲ့တဲ့ပွဲလား။
ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ One Band Show ကို အခွေထွက်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အခွေမထွက်တာကြာပြီ။ အတွဲခွေတွေလဲ မဆိုတာကြာပြီ။ တစ်နှစ်ကျော် နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့အတွက် အဲ့ဒီထဲမှာ သီချင်းအသစ် သုံးပုဒ်ထည့်ထားတယ်။ အမ်တီဗီရိုက်ပြီး bonus အနေနဲ့ တစ်ခါတည်းထည့်ပေးမယ်။
-အဲ့ဒီသုံးပုဒ်ကဘာတွေများလဲ။
တစ်ပုဒ်က မိစန္ဒီနဲ့ဆိုထားတာ ကျွန်တော်တို့အမေရိကားသွားတုန်းက ရိုက်ထားတယ်။ အဲ့ဒီသီချင်းနာမည်က လှုပ်တဲ့။ နောက်နှစ်ပုဒ်ကတော့ ကျွန်တော်တို့သူငယ်ချင်း အောင်သူ နဲ့ဆိုထားတာ ပိုက်ဆံဆိုတဲ့ သီချင်းတစ်ပုဒ်ပါမယ်။ ကောင်မလေးတွေကိုမုန်းတဲ့ သီချင်းပေါ့။
-နောက်တက်တဲ့ လူငယ်တွေလဲ အများကြီးထွက်လာတော့ သူတို့အပေါ် အစ်ကို့ရဲ့ အမြင်ကဘယ်လိုရှိလဲ။
နောက်တက်တဲ့လူငယ်တွေကတော့ ခေတ်ကလဲ တိုးတက်လာတယ်။ ပြောင်းလဲလာတယ်။ ကျွန်တော်ဖြစ်စေချင်တာကတော့ အရင်တုန်းက လူတွေထက် အများကြီးကောင်းစေချင်တယ်။ ဆိုတဲ့ သီချင်းပိုင်း အနုပညာပိုင်း ဆိုင်ရာမှာရော အလုပ်လုပ်ပုံ လုပ်နည်းပေါ်မှာရော အကုန်လုံးပေါ့။ နောက်လူတွေဆိုတာ ရှေ့လူတွေထက် သာနေရမယ်။ ပိုကြိုးစားစေချင်တယ်။ တွေ့နေရတဲ့ လူငယ်တွေလဲမိုက်တယ်။ အားရတယ်။ အဆိုပိုင်းတွေ Flow ပိုင်းတွေလဲ မိုက်တယ်။ ကောင်းပါတယ်။
-နောက်တက်တဲ့ သူတွေထဲမှာ သဘောကျမိတဲ့သူတွေရှိရင်လဲပြောပြပေးပါဦး။
ညီတွေပေါ့။ ကျွန်တော်တို့ညီတွေထဲမှာဆို Lil ‘z တို့G-Fatt တို့ရှိမယ်။ ဒီကောင်တွေဆိုမိုက်တယ်။ lil ‘z ဆိုသီချင်းဆိုတာ မိုက်တယ်။ G-Fatt ဆိုစာသားတွေ ဘာတွေအားရတယ်။
-G-Fatt က အစ်ကိုတို့ G- Family ကတက်တဲ့နောက်ဆုံးလူငယ်လဲဖြစ်တယ်။ သူသီချင်းရေးတဲ့အခါ တစ်ခါတစ်ရံ သူများအကြောင်းတွေကို စပ်ရေးလို့စီနီယာကလူတွေနဲ့ အဆင်မပြေဖြစ်တာမျိုးလဲရှိတယ်။ အဲ့ဒီအပေါ် အစ်ကို့ရဲ့ အမြင်လေးကိုပြောပြပေးပါဦး။
အဲ့ဒါတွေက လူငယ်တွေစိတ်ထဲမှာ မကျေနပ်တာတွေရှိတယ်။ အဲ့ဒီလိုပဲဆိုကြတယ်။ ကျွန်တော်တို့G-Family ကိုတောင်ဆိုထားသေးတယ်ထင်တယ်။ ကျွန်တော်တို့ကတော့ဘာမှမဖြစ်ပါဘူး။ အဲ့ဒါကကျွန်တော်တို့ငယ်ငယ်တုန်းကလဲ လုပ်ခဲ့ဖူးတယ်။ သူ့ဟာသူ ဆိုချင်လို့ ဆိုတာပဲ။ ဘာမှတော့မဖြစ်ပါဘူး။
-Snare အဖွဲ့အနေနဲ့ ၂၀၁၅ ၊ ၂၀၁၆ ပိုင်းမှာ အားပေးလာတဲ့ ပရိသတ်ဦးရေ ပိုမိုများပြားလာတာကိုတွေ့ရတယ်နော်။
ကျွန်တော်တို့ ဘကြီးဖြိုးနဲ့ဦးနေ၀င်း အမ်တီဗီထွက်တဲ့ အချိန်ရောက်မှပဲ ကျွန်တော်တို့ကိုလူတွေပိုပြီးလက်ခံလာတယ်။ ကြိုက်လာတယ်။ ရှိုးပွဲတွေမှာဆို ကျွန်တော်တို့မပါမဖြစ် သဘောမျိုးနဲ့ ဒီ ၂၀၁၅ ၊ ၂၀၁၆ က စိတ်ကျေနပ်စရာ အပြည့်ဖြစ်ခဲ့ပါတယ်။
-၂၀၁၅ မှာလုပ်ခဲ့တဲ့ အလုပ်တွေနဲ့ပတ်သက်ပြီး စိတ်ကျေနပ်စရာက ဘာတွေများဖြစ်မလဲ။
ကျွန်တော်တို့ ၂၀၁၅ မှာ သီချင်းတွေ ဖန်တီးဖြစ်တာနည်းတယ်။ ဒါပေမဲ့အားရတယ်။ ကျွန်တော်တို့ အမေရိကားကိုသွားရတယ်။ အတွေ့အကြုံသစ်တွေရတယ်။ နေရာသစ်တွေရောက်ဖူးသွားတယ်။ စိတ်ကျေနပ်စရာကောင်းပါတယ်။
-၂၀၁၆ မှာ ပရိသတ်ကိုချပြသွားမှာကရော ဘာတွေဖြစ်မလဲ။
ကျွန်တော်တို့ဖြစ်ချင်တာက ၂၀၁၆ နှစ်လပိုင်းလောက်ကို Live Show ထွက်လိုက်မယ်။ နောက်နှစ်ကုန်ခါနီး နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ကျရင် Snare ရဲ့နောက်တစ်ခွေထွက်ချင်တယ်။
-နယ်ရှိုးတွေရော လက်ခံထားတာရှိမလား။
၂၁ ရက်နေ့ဆိုပုဂံ ဦးညီထွဋ်ပွဲမှာ သွားပြီး ကူညီသီဆိုပေးမယ်။ ၂၂ ရက်နေ့က လွိုင်ကော်၊ ၂၄ ရက်နေ့က ရန်ကုန်မြန်မာဘီယာရှိုးပေါ့။ အဲ့ဒီပွဲကလဲ လက်ခံထားတာကြာပြီဆိုတော့ အဲ့ဒါတွေဆိုရမယ်။ ပြီးရင် ၂၆ က တာချီလိတ်သွားရမယ်။
-ရှိုးဆိုတဲ့အခါမှာ Snare ဆို လူငယ်တွေအရမ်းမြူးကြတယ်။ ပျော်ကြတယ်။ ပေါ့။ အဲ့ဒါကရောဘာကြောင့်များဖြစ်မလဲ။
ကျွန်တော်တို့သီချင်းတွေကမြူးတာလဲပါတယ်။ ပရိသတ်ကလဲ ကျွန်တော်တို့ကိုချစ်တာလဲပါတယ်။ ကျွန်တော်တို့ကလဲ ဆိုလို့ရှိရင် ခိုပြီးဆိုတာမျိုးမရှိဘူး။ အောက်ကလူတွေနဲ့တစ်သားတည်းပဲ ။ ကျွန်တော်တို့လဲအပေါ်မှာ အသားကုန်တွေသောင်းကျန်းပြီး အသားကုန်တွေ ဆိုတယ်။ ဘာအထူးအဆန်းလုပ်ဦးမလဲဆိုပြီး စောင့်ကြည့်ကြတာလဲပါပါတယ်။
-သီချင်းဆိုတဲ့ Flow ပိုင်းတွေအနေနဲ့ရော ပြောင်းလဲဖို့ရှိဦးမလား။
ကျွန်တော်တို့တတိယအခွေမှာတော့ ကျွန်တော်တို့ဆိုနေကျပုံစံတွေကိုမှ update ထပ်မြှင့်ထားတဲ့ Modified လုပ်ထားတဲ့ ဟာတွေပါမှာပါ။ ခေတ်နဲ့အညီပေါ့။
-လက်ရှိနားထောင်ဖြစ်နေတာက ဘယ်သူ့သီချင်းတွေဖြစ်မလဲ။
အင်္ဂလိပ်သီချင်း ထွက်သမျှ အကုန်နားထာင်တယ်။ မြန်မာသီချင်းကတော့ ချမ်းငြိမ်းကိုရဲ့ အမှားနဲ့မကင်းတဲ့သူနားထောင်နေပါတယ်။
-တက်လာတဲ့ အသစ်တွေကိုလဲ အရမ်း Support လုပ်ပေးတာတွေ့ရတယ်နော်။
ကျွန်တော်တို့လဲ တတ်နိုင်တဲ့ ဖက်ကကူညီတာပါ။ အနုပညာအသိုင်းအ၀ိုင်းက ဘယ်သူပဲအခွေထွက်ထွက် Share ပေးတယ်။ pp ချိန်းပေးတယ်။ ကျွန်တော်တို့က အားလုံးကိုအောင်မြင်စေချင်ပြီး ကိုယ်တတ်နိုင်သလောက်ကူညီတာပါခင်ဗျ။
-Frenzo နဲ့ရောလက်တွဲပြီးဘာတွေလုပ်ဖို့ရှိလဲ။
စိုင်းစိုင်းတို့နဲ့ကတော့ ပွဲတွေဆိုမယ်။ နိုင်ငံခြား tour တွေထွက်မယ်။
-G-Family အနေနဲ့က ရော ဘာတွေလုပ်ပြဖို့ရှိမလဲ။
G-Family အခွေထွက်ဖို့ရှိတယ်။ ကျွန်တော်တို့လုပ်နေတာတော်တော်ကြာပြီ။ လူစုရတာလဲတော်တော်ခက်လို့ပါ။ ဒီနှစ်ကုန်ခါနီးထွက်ဖို့ကြိုးစားနေပါတယ်။
-တစ်ဖက်ကလဲ စီးပွားရေးအနေနဲ့ Genius ဆိုင်လဲရှိတော့ အဲ့ဒီဆိုင်လေးနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။
ဒီဟာကတော့ ကျွန်တော်တို့က ဟစ်ဟော့ဆိုတဲ့သူတွေ ဆိုတော့ ဒီဖက်ရှင်နဲ့က တွဲနေရတယ်လေ။ အဲ့ဒါကြောင့် Snare ဆိုရင် ပုံစံတစ်မျိုးဖြစ်နေရမယ်။ ပရိသတ် သတိထားမိတဲ့အပိုင်းမှာ ပါတယ်။ ကျွန်တော်တို့လဲဝါသနာကပါတော့ ကိုယ့်အကျီင်္ ကိုယ်ထုတ်ဝတ်မယ်ကွာဆိုပြီး ကိုယ့်စိတ်ကြိုက်ကိုယ်ထုတ်ဝတ်ရင်းရောင်းကြည့်ရင်းနဲ့အဆင်ပြေလာတော့ business လိုဖြစ်လာတယ်။ ဒီ Business ကိုလဲ အောင်မြင်အောင်ကြိုးစားရတယ်။ ဒီဇိုင်းတွေအများကြီးလဲထုတ်ရတယ်။ တိုးချဲ့ရတယ်။
-ဆိုင်သစ်တိုးချဲ့ဖို့ရောရှိဦးမလား။
ရှိပါတယ်။ ကျောက်မြောင်းမှာရှိမယ်။ ဂိုဒေါင်လဲ တွဲရက်ရှိမယ်။ နောက်လှည်းတန်းစင်တာမှာရှိမယ်။ နောက်အသစ်အနေနဲ့ မြောက်ဥက္ကလာက ကံသာယာပန်းခြံထဲမှာ ရှော့ပင်းစင်တာကြီးရှိတယ်။ အဲ့ဒီမှာ အခန်းယူထားပါတယ်။
-၂၀၁၆ ချစ်သူများနေ့ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။
ကျွန်တော်တို့ ဒီနှစ်ပွဲလက်မခံထားပါဘူး။ ရန်ကုန်မှာလဲ ပွဲတွေဆိုတာ အရမ်းများနေလို့ အဲ့ဒီနေ့ကိုရှောင်ထားတာပါ။ အလုပ်တွေကလဲ အရမ်းကိုများနေတယ်။ အာရုံကလဲ ပွဲဖက်ကိုသိပ်မစိုက်နိုင်မှာကြောက်တယ်။ အဲ့ဒါကြောင့်ပါ။
-လက်ရှိ အချစ်ရေးကြောင့် ချစ်သူများနေ့မှာ ရှိုးမဆိုတာလား။
အချစ်ရေးက တစ်ယောက်တည်းဖြစ်သွားပါပြီ။ သီချင်းတွေ ပိုလုပ်ဖြစ်တယ်။ ပိုရေးဖြစ်တယ်။ ခံစားချက်တွေက သီချင်းအဖြစ်ပြောင်းသွားပါတယ်။
-ပြီးဆုံးသွားတဲ့ အချစ်နဲ့ပတ်သက်ပြီး လက်ရှိစိတ်ခံစားချက်တွေက ဘယ်လိုဖြစ်နေလဲ။
အသည်းကတော့မကွဲပါဘူး။ ဒီလိုပဲတစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိလို့ လမ်းခွဲကြတာပဲ။ ကျွန်တော်တို့လဲ အရင်ကတည်းက ပရိသတ်ကို လိမ်ပြီးတွဲထားတာမရှိဘူး။ ပေါ်တင်ပဲ တွဲကြတယ်။ အဆင်မပြေဘူး။ ကွဲသွားကြတယ်။ ဒီလိုပဲနားလည်မှုမရှိလို့ ကွဲလွဲသွားကြတာပါ။
-အစ်ကိုတို့အတွဲကို ပရိသတ်တော်တော်များများက အားကျခဲ့ကြတော့ အခုလိုဖြစ်သွားတဲ့အပေါ်မှာ ပရိသတ်တွေကလဲ ပြန်အဆင်ပြေချင်နေကြတယ်။
ဘယ်လိုပြောရမလဲ။ ချစ်တတ်တဲ့စိတ်တွေလဲရှိတယ်။ သံယောဇဉ်လဲရှိတာပေါ့။ အရင်တုန်းကတော့ နှစ်ယောက်ပေါ့။ အခုကျတော့ တစ်ယောက်တည်းဖြစ်သွားတယ်။ ကျွန်တော်ကလဲ အရမ်းကြီး ခံစားတတ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော့ဆီမှာ သူငယ်ချင်းတွေရှိတယ်။ ပရိသတ်တွေရှိတယ်။ ကြိုးစားစရာ အလုပ်တွေရှိတယ်။ ဒီတစ်ခုတည်းကြောင့် ယိုင်လဲတာမျိုးဖြစ်မှာမဟုတ်တဲ့အတွက် ကိုယ့်စိတ်ကိုမာအောင်ပြန်တည်ဆောက်နေပါတယ်။
-အသစ်ရောထပ်ထားမှာလား။
ထားမှာပါ။ ဒါပေမဲ့ အရမ်းကြီး စိတ်မနှစ်တော့ဘူး။ ကိုယ်မျှော်မှန်းထားတဲ့ တစ်သက်လုံးနေမယ်ဆိုတဲ့သူတွေ ဘာတွေတော့မရှိတော့ဘူး။ အဲ့ဒီလိုလဲ မလုပ်ချင်တော့ဘူး။ လူပျိုကြီးများဖြစ်မလားမသိပါဘူး။
-အရင်ကထက်တော့ ပိုဝလာတယ်နော်။
ဟုတ်ကဲ့။ စိတ်ချမ်းသာလို့ဖြစ်ပါလိမ့်မယ်။
ခင်ဆွေသက် - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon