ရုရှားပြည်ကြီးကို နပိုလီယန် ကျုးကျော်တိုက်ဆိုင်စဉ်ကာလ။ မြို့ ကလေးတစ်မြို့ တွင်း စစ်ခင်းကြစဉ် နပိုလီယန်နှင့် သူ့ နောက်လိုက်နောက်ပါတွေ အမှတ်မထင် လူစုကွဲသွားကြသည်။
ရုရှား ကော့ဆက်စစ်သားတစ်စုက သူ့ ကိုမြင်သွားပြီး နောက်က တရကြမ်းလိုက်သည်။
ကွေ့ ကောက်သော လမ်းသေးလမ်းသွယ်များကြား အသက်ကို လု၍ ပြေးလာခဲ့ပြီး လမ်းမြှောင်တစ်ခုထဲရှိ သားမွေးထည် အရောင်းဆိုင် တစ်ဆိုင် တွင် အလစ်ဝင်ခိုသည်။
ဆိုင်ရှင်ကို မြင်တော့ “ကယ်စမ်းပါဦးဗျာ၊ ကယ်စမ်းပါဦး၊ ကျွန်တော်ဘယ်မှာ ပုန်းရမလဲ”၊ တောင်းပန်တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကောမေးသည်။
ဆိုင်ရှင်က “အဲဒီ ထောင့် က သားမွေးပုံကြီး အောက် သားမွေးတွေ တစ်ထပ်ကြီး ဖုံးဖိပေးထားသည်။
ဖုံးဖိပြီးရုံရှိသေး ကော့ဆက်တွေ အခန်းထဲ အော်ဟစ်ပြေးဝင်လာကြသည်။ “ဘယ်မလဲဟေ့၊ ဒီဆိုင်ထဲဝင်သွားတာ ငါတို့ မြင်လိုက်တယ်”
ဆိုင်ရှင်က ငြင်းသည်။ သို့ သော် သူတောင်းပန်နေသည့်ကြားကပင် ကော့ဆက်တွေ တစ်ဆိုင်လုံး ဆွဲလွဲမွှေနှောက်ကာ နပိုလီယန်ကို ရှာကြသည်။ သားမွေးပုံကြီးကို ဓားတွေနှင့် တစွပ်စွပ် ထိုးကြည့်ကြသည်။ မတွေ့ ။ နောက်ဆုံး သူတို့ လက်လျှော့ပြီး ထွက်သွားကြသည်။
အတော်ကြာတော့မှ နပိုလီယန်သားမွေးပုံအောက်မှ တွားပြီးထွက်လာသည်။ သူဘာဒဏ်ရာမှ မရခဲ့။ သည်အခိုက်မှာပင် သူ့ ကိုယ်ရံတော်တွေ ဆိုင်ဝရောက်လာသည်။
သည်အချိန် သိုးမွေးဆိုင်ရှင် နပိုလီယန်အားကြည့်ကာ မရဲတရဲနှင့် မေးသည်။
“ဒီလောက် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာပါးမနာ မေးတယ်လို့ တော့ သဘောမထားပါနဲ့ ခင်ဗျာ၊ သားမွေးပုံအောက်ရောက်နေတဲ့ အချိန်၊ နောက်တစ်ခဏမှာ အဆုံးစီရင်ရနိုင်တယ်လို့  သိနေရတဲ့အချိန်က ဘယ်လို ခံစားရပါသလဲခင်ဗျာ”
နပိုလီယန် ဆတ်ခနဲ မတ်မတ်ရပ်လိုက်ပြီး သားမွေးဆိုင်ရှင်အား ဒေါသနှင့် ပြောသည်။
“နပိုလီယန် ဧကရာဇ်တစ်ယောက်လုံးကို မထီလေးစားမေးရလား၊ ရိုင်းပျတဲ့ ဒီသတ္တ၀ါကို ဖမ်း၊ မျက်နှာကို ပုဝါစည်းပြီး ချက်ချင်းသုတ်သင်စမ်း၊ ငါကိုယ်တော်မြတ်ကိုယ်တိုင် ဒီကောင့်ကို ပစ်မိန့် ပေးမယ်”
ကိုယ်ရံတော် စစ်သည်တွေ သားမွေးဆိုင်ရှင်အား ၀ိုင်းချုပ်ပြီး အပြင်သို့ တရွတ်ဆွဲခေါ်သွားကြသည်။
သူ့ ကိုနံရံတွင်ရပ်စေကာ မျက်နှာကို ပုဝါနှင့်စည်းသည်။
သားမွေးဆိုင်ရှင်သည် ဘာကိုမျှ မမြင်ရ။ သို့ သော် စစ်သားတွေ တန်းစီသံ ၊ ပစ်ခတ်ရန်အတွက် ရိုင်ဖယ် သေနတ်များ ပြင်ဆင်နေကြသံတွေ သူကြားနေရသည်။ လေတိုးသဖြင့် သူ့ ကိုယ်ပေါ်က အ၀တ်အစားတွေ လှုပ်ခတ်သွားတာ၊ ပါးပြင်က အေးစက်သွားတာ ပြီးတော့ သူ့ ဒူးတွေ တဆတ်ဆတ်တုန်နေတာလည်း သူသတိပြုမိနေသည်။
ထို့ နောက် နပိုလီယန် လည်ချောင်းရှင်းလိုက်ပြီး တစ်ဆင့်ချင်း အမိန့် ပေးသံ သူကြားရသည်။
“အသင့်ပြင်…ချိန်…”
လောလောဆယ် သူ သိမှတ်နေရသည့် အကြားအာရုံ၊ အထိအတွေ့ အာရုံကလေးသည်ပင် အချိန် အနည်းငယ်အတွင်း သူ့ ထံမှ ထာဝရနုတ်ပယ်ခြင်း ခံရတော့မည်ဟူသည်ကို တွေးမိကာ အမျိုးအမည် မဖော်ပြနိုင်သည့် ဝေဒနာတစ်ခု သူ့ ကို လွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေတွေ စီးကျလာသည်။
အတော်ကြီးကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်တွင် သူ့ အနီးသို့  ချဉ်းကပ်လာသည့် ခြေသံများ သားမွေးဆိုင်ရှင် ကြားရသည်။ ထို့ နောက် သူ့ မျက်နှာမှာ စည်းထားသည့်အ၀တ်ကို ဖြည်ပေးသည်။ ရုတ်တရက် တိုးဝင်လာသည့် နေရောင်ကြောင့် သူ့ အမြင်အာရုံတွေ မသဲကွဲသေး။
သို့ သော် မှုန်ရီဝိုးဝါးဖြစ်နေသေးသည့် ကြားကပင် သူ့ အား ဖောက်ထွင်းမတတ် စူးစိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို သူမြင်ရသည်။ သည်မျက်လုံးများကား သူ့ တစ်ကိုယ်လုံး ကို တစ်ထောင့် တစ်ဌာနမကျန် အသေးစိတ် ဖော်ထုတ် သိမြင်သွားသည့် ဟန်ပင်။
သည်နောက် နပိုလီယန်က လေသံအေးအေးနှင့်ပင် ပြောလိုက်သည်။ “ကဲ..အခုတော့ မင်းသိပြီမဟုတ်လား”တဲ့။
[မူရင်း။ ။ Steve Andreas ၏ Napoleon and the Furrier]
[ဘာသာပြန်။ ။ ဖေမြင့်၏ နှလုံးသား အာဟာရ ပထမတွဲ]
—–
- မှတ်စုကြမ်း
Sign up here with your email
ConversionConversion EmoticonEmoticon