ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာ ၆ နှစ် ရရှိထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မကြာခင်မှာ သူတို့ရဲ့ ဗီဇာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားများအနက် ၆ နှစ် ဗီဇာ ပြည့်တဲ့သူတွေရဲ့ ဆက်လက် နေထိုင်ခွင့်ကို ၎င်းတို့အနေဖြင့် အတိအကျ မပြောဆိုနိုင်ကြောင်း ရန်ကုန်မှာ ပြုလုပ်တဲ့ ထိုင်း-မြန်မာ အစည်းအဝေးမှာ ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရွေ့ပြောင်းအလုပ်သမားအရေး အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ လဆန်းမှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ၆ နှစ် ဗီဇာသက်တမ်းပြည့် သူတွေကို တာဝန်ယူပေးဖို့ မြန်မာဘက်က တောင်းဆိုခဲ့ပါ တယ်။ ဒီတောင်းဆိုချက်ကို ထိုင်းဘက်က သက်ဆိုင်ရာ လူကြီးတွေက အစည်းဝေး တရပ်ခေါ်ယူပြီး ဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ထိုင်းဥပဒေအရ ယာယီပတ်စပို့ ကိုင်ဆောင်သူတွေအတွက် နေထိုင်ခွင့် ဗီဇာကို ၄ နှစ် သတ်မှတ်ထားခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်တွေက ဗီဇာသက်တမ်း ၄ နှစ်ပြည့်သွားတဲ့ သူအတွက် မြန်မာဘက်က ဆက်လက် နေထိုင်ခွင့်တောင်းဆိုတာကြောင့် နောက်ထပ် ၂ နှစ် ထပ်မံ သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။
မကြာခင် ကာလအတွင်းမှာ ၆ နှစ် ဗီဇာ သက်တမ်းပြည့်တော့မယ့် သန်းချီတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် နှစ် နိုင်ငံအစိုးရက တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် အလုပ်သမားတွေမှာ ဆက်လက်နေထိုင်ခွင့် ရရှိရေး အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
ငြိမ်းဇော် - ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon