မိဘကျေးဇူးကန်းတယ်တဲ့လား

တစ်နေ့က အသိမိတ်ဆွေ ဒကာမတစ်ဦးနဲ့ တစ်နာရီကျော် နှစ်နာရီနီးပါး စကားပြောဖြစ်ပါတယ်။ သူက ကလေးနှစ်ယောက် အမေ အိမ်ထောင်သည် တစ်ယောက်ပါ။ သူ့မိဘနှစ်ပါးလုံးလည်း သူနဲ့ အတူနေပါတယ်။ သူက သူ့မိဘတွေနဲ့ ပတ်သက်ပြီးတော့ သူအနှစ်နှစ် အလလက ခံစားခဲ့ရတာတွေကို မိမိကို ရင်ဖွင့်တဲ့အနေနဲ့ ပြောပြပါတယ်။ မိမိအမြင်အရ ဆိုရင်တော့ သူ့မိဘတွေဟာ မိကောင်းဖကောင်း စာရင်းထဲကို မှားပြီးတော့တောင် မပါနိုင်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ သူက သူ့မိဘတွေကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပါတယ်။ ဒါကို သူလိမ်ပြီး ပြောတာမဟုတ်ဘူး ဆိုတာ မိမိအနေနဲ့ ယုံကြည်ပါတယ်။

သူ့မိဘများက သူတို့ထားရာနေ စေရာသွား သူတို့ခိုင်းတဲ့အတိုင်း တစ်သဝေမတိမ်းလုပ်ဆိုတဲ့ ပုံစံနဲ့ သားသမီးတွေကို နေစေချင်ပါတယ်။ သူ့ကိုမှ မဟုတ်ပါဘူး။ မွေးထားတဲ့ သားသမီး အားလုံးကိုပါပဲ။ သူက သူ့မိဘတွေကို ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပါသော်လည်း တစ်ခါတစ်ရံမှာ သူက သူတို့စကားအတိုင်း မပြုမူမနေထိုင်တာနဲ့ တစ်ပြိုင်နက် ခုနစ်ရက်ခုနစ်လီ တဆူဆူတပူပူ လုပ်လို့ မပြီးတော့ပါဘူး။ ဘာမှမဟုတ်တဲ့ သေးသေးမွှားမွှား ကိစ္စလေးက အစပါပဲ။

သူက သူမွေးထားတဲ့ ကလေးနှစ်ယောက်ကို မြန်မာစာသင်ပေးချင်ပါတယ်။ ဒါပေမဲ့ သူ့မိဘများက ကလေးတွေကို မြန်မာစာသင်ခွင့် လုံးဝမပြုပါဘူး။ မြန်မာစာသင်ယူခွင့် မပြုလို့ လူမျိုးခြားလား ဆိုတော့လည်း မဟုတ်ပါဘူး။ ဗမာစစ်စစ်ကြီးတွေပါ။ အဲဒီလို ကိစ္စကနေ ဘာမှမဟုတ်တဲ့ မီးဖိုချောင်ကိစ္စအထိ သူ့မိဘများက ပါတတ်ပါတယ်။ သူ့ညီမနဲ့ အစ်မကတော့ သူတို့ လုပ်သင့်လုပ်ထိုက်တာ လုပ်ကြပေမယ့် သူကတော့ တစ်အိမ်တည်း နေရတော့ နားပူတာကြောင့် နားပူဒဏ် မခံနိုင်တာကြောင့် မိဘများနဲ့ အတိုက်အခံ မလုပ်ပါဘူးတဲ့။ အကယ်၍များ လုပ်မိရင်လည်း “နင်တို့တွေက မိဘကျေးဇူးကန်းတယ်။ ဒုက္ခကောင်းကောင်းဖြစ်လိမ့်မယ်” ဆိုတဲ့ စကားနဲ့ပဲ ကိုင်ပေါက်တတ်ပါတယ်တဲ့။ အံ့ချီးဖွယ်ရာ မိဘတွေပါပဲ။ ဒါကြောင့် မိဘကျေးဇူး၊ ကျေးဇူးကန်းခြင်းတို့နဲ့ ပတ်သက်ပြီးတော့ ပြောပြချင်တာလေးတွေ ဖြစ်လာပါတယ်။

မိဘကျေးဇူးတရား ဆိုတာ မိဘများရဲ့ တာဝန်ဝတ္တရားကို ကျေပွန်ကြတဲ့ မိဘနဲ့ နေလာရတဲ့ သားသမီးတွေ အတွက်တော့ အထူးပြောနေဖွယ်ရာ မလိုပါဘူး။ မိဘဝတ္တရား မကျေပွန်ကြတဲ့ မိဘဝတ္တရားကို နည်းနည်းလေးတောင်မှ မကျေပွန်တဲ့ မိဘနဲ့ ကြီးပျင်းလာကြရတဲ့ သားသမီးတွေ အတွက်ကျတော့ မိဘကျေးဇူးဆိုတာနဲ့ ပတ်သက်လာရင် လက်မခံနိုင်စရာတွေ ရှိပါတယ်။

ဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော် ဒုကနိပါတ် ပထမပဏ္ဏာသ သမစိတ္တဝဂ်မှာ မိဘကျေးဇူးနဲ့ ပတ်သက်ပြီးတော့ ဟောကြားထားပါတယ်။ ထိုဟောကြားချက်တွေထဲမှာ ဣမဿ လောကဿ ဒေဿတာရော-ဤလောကကြီးကို မြင်တွေ့ခွင့်ပေးတယ်ဆိုတဲ့ အချက် ပါရှိပါတယ်။ ဆိုလိုတာက မိဘက မိဘဝတ္တရား မကျေပွန်ရင်တောင်မှ မွေးကျေးဇူးတစ်ခုနဲ့တင် မိဘကျေးဇူးက ဆပ်မကုန်နိုင်လောက်အောင် များပြားကြီးမားတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ မိဘတွေက မွေးထုတ်လိုက်လို့သာ သားသမီးတွေက နှစ်သက်ဖွယ်၊ မနှစ်သက်ဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးကို တွေ့မြင်ခွင့် ရရှိတာကြောင့် မွေးကျေးဇူးဆိုတာ ဆပ်ဖို့ အင်မတန် ခက်ခဲပါသတဲ့။ သို့သော်လည်း မိဘဝတ္တရား မကျေပွန်ကြတဲ့ မိဆိုးဖဆိုးတွေနဲ့ ကြီးပြင်းလာကြရတဲ့ သားသမီးတွေ အတွက်ကျတော့ မွေးကျေးဇူး ဆိုတာကို နားလည်လက်ခံပေးဖို့ အင်မတန် ခက်ခဲနေပါလိမ့်မယ်။

မိဘတွေက ကိုယ်ဝန်သန္ဓေသားကို ဖျက်ချလိုက်မယ်၊ မွေးမွေးပြီးချင်း ကလေးငယ်ကို တောင်ထိပ်ကနေ ပစ်ချလိုက်မယ်၊ ခွေးလိုသားရဲ တိရစ္ဆာန်တွေကို အစာအဖြစ် ကျွေးမွေးလိုက်မယ်ဆိုရင် ကလေးငယ်ဖြစ် သူဟာ ဒီလောကကြီးကို မြင်တွေ့ခွင့်ရမှာ မဟုတ်ဘူး။ ဒီလောကကြီးထဲမှာ ဘဝတစ်ခုကို ထူထောင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ကိုယ်ဝန်သန္ဓေသားကို ဖျက်မချတဲ့မိဘ၊ မွေးမွေးပြီးချင်း ကလေးငယ်ကို သတ်မပစ်တဲ့ မိဘက အနည်းဆုံးတော့ ကလေးငယ်ကို နို့ချိုရည်တိုက်ကျွေးခြင်း စတဲ့ ကိစ္စတွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ မိဘဝတ္တရား မကျေပွန်ဘူး ဆိုပေမယ့် ကျေးဇူးတရားကတော့ ရှိတာပါပဲ။ နည်းတာနဲ့ များတာပဲ ကွာခြားသွားမယ် ထင်ပါတယ်။ မိဘကျေးဇူးဆိုတာ သားသမီးအပေါ်မှာ နည်းတာနဲ့ များတာပဲ ကွာပါတယ်။ ကျေးဇူးတရားကတော့ သေချာပေါက် ရှိပါတယ်။ ဒီလောက်ဆိုရင် မိဘကျေးဇူးနဲ့ ပတ်သက်လို့ နားလည်လောက်ပြီလို့ ထင်ပါတယ်။ အခု “နင်တို့တွေက မိဘကို ကျေးဇူးကန်းတယ်” ဆိုတဲ့ မိဘတချို့ရဲ့ လက်သုံးစကားနဲ့ ပတ်သက်ပြီးတော့ ပြောပါဦးမယ်။

ကျေးဇူးတရားနဲ့ ပတ်သက်ပြီးတော့ သုတ္တနိပါတ်ပါဠိတော် မင်္ဂလသုတ်တော်မှာ ဘုရားရှင်က ကတညူ-မိမိအပေါ်၌ရှိသော သူ့ကျေးဇူးကို သိခြင်း၊ ကတဝေဒီ- မိမိအပေါ်၌ရှိသော သူ့ကျေးဇူးကို စွမ်းနိုင်သောအခါ၌ ပြန်လည်ပေးဆပ်ခြင်း ဆိုပြီးတော့ အဆင့်နှစ်ဆင့် ခွဲပြီးတော့ ဟောကြားတော်မူခဲ့ပါတယ်။

ပထမအဆင့်ဖြစ်တဲ့ ကတညူသဘောတရား အနေနဲ့ မိဘအပါအဝင် သူတစ်ဦးတစ်ယောက်က မိမိအပေါ် ကူညီစောင့်ရှောက်ပေးထားတဲ့ ကျေးဇူးတရား အနည်းအများ အားလုံးကို ကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲ အသိဉာဏ်ထဲကနေ “သူ့ကျေးဇူးတရားတွေ ငါ့အပေါ်မှာ ရှိတယ်။ သူက ငါ့ရဲ့ကျေးဇူးရှင်ပဲ” ဆိုတဲ့ စိတ်နေသဘောထားကို ကိန်းအောင်းထားရပါ့မယ်။ သူ့ကို ကိုယ့်ရဲ့ကျေးဇူးရှင် အဖြစ် အသိအမှတ်ပြုရပါမယ်။

အကယ်၍ ကိုယ့်ကျေးဇူးရှင် ဒုက္ခဖြစ်နေတယ်၊ အကူအညီ လိုနေတယ်။ ကိုယ်ကလည်း သူ့ဒုက္ခကို ဖြေရှင်းပေးနိုင်တယ်၊ သူ့ကို ကူညီပေးနိုင်တယ်ဆိုရင် သူ့အခက်အခဲကို ကူညီဖြေရှင်းပေးရပါ့မယ်။ အကယ်၍ ကိုယ့်ကျေးဇူးရှင်ကလည်း ဒုက္ခဖြစ်နေတယ်၊ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်။ ကိုယ့်မှာလည်း ကူညီဖြေရှင်းပေးနိုင်တဲ့ အနေအထားလည်း မရှိဘူးဆိုရင် “ငါ့ကျေးဇူးရှင် ဒုက္ခဖြစ်နေတယ်။ ငါကလည်း ဆွမ်းတော်ထားလို့ ဝမ်းတော်တောင် အနိုင်နိုင်မို့ ကူညီပေးဖြေရှင်းမပေးနိုင်ဘူး။ နောင်အခါ သူလည်း ဒုက္ခရောက်နေတယ်၊ ငါကလည်း သူ့ဒုက္ခကို ကူညီဖြေရှင်းပေးနိုင်တယ်ဆိုရင် ငါကျေးဇူးဆပ်တဲ့ အနေနဲ့ ကူညီပေးဖြေရှင်းပေးရမယ်” ဆိုတဲ့ စိတ်နေသဘောထား ရှိရပါ့မယ်။

ကိုယ့်ကျေးဇူးရှင်လို့လည်း ရင်ထဲနှလုံးသားထဲ အသိဉာဏ်ထဲကနေ အသိအမှတ်ပြုထားတယ်။ ကိုယ့်ကျေးဇူးရှင် ဒုက္ခဖြစ် အခက်အခဲ တွေ့နေတာကို ကူညီဖြေရှင်းပေးချင်စိတ်လည်း ရှိတယ်။ ဒါပေမဲ့ ကိုယ့်မှာ ကူညီဖြေရှင်းပေးနိုင်တဲ့ အနေအထား စွမ်းအားမရှိလို့ ကူညီဖြေရှင်းမပေးတာ ဆိုရင် ကျေးဇူးကန်းရာ မရောက်ဘူးလို့ ကျမ်းစာများက ဆိုပါတယ်။

သူ့ကျေးဇူး ငါ့အပေါ် ဘာမှမရှိဘူးလို့ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူတစ်ဦးတစ်ယောက်ရဲ့ ကိုယ့်အပေါ်ရှိတဲ့ ကျေးဇူးတရားကို အသိအမှတ် မပြုတာ၊ ကျေးဇူးရှင် ဒုက္ခဖြစ် အခက်အခဲ တွေ့နေတာကို ကူညီဖြေရှင်းပေးနိုင်တဲ့ အနေအထား စွမ်းအားတွေ ကိုယ့်မှာရှိနေပါရဲ့နဲ့ ကူညီဖြေရှင်းမပေးတာကမှ ကျေးဇူးကန်းရာ ရောက်တယ်လို့ ကျမ်းစာများက ဆိုပါတယ်။

ဒါကြောင့် “င့ါမိဘကျေးဇူးဆိုတာ ငါ့အပေါ်မှာ ခြူးတစ်ပြားမှ မရှိဘူး။ ငါ့အပေါ် ဘာကျေးဇူးမှ မရှိတဲ့ မိဘတွေကို ငါက ပြန်လည်ကျေးဇူးဆပ်နေစရာ မလိုဘူး” စသဖြင့် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မိဘတွေရဲ့ကျေးဇူးကို ရင်ထဲနှလုံးသားထဲ အသိဉာဏ်ထဲကနေ အသိအမှတ်လည်း မပြု၊ မိဘတွေရဲ့ အခက်အခဲဒုက္ခကို ကူညီဖြေရှင်းပေးနိုင်တဲ့ အနေအထားစွမ်းအား ရှိပါရဲ့နဲ့ ကူညီဖြေရှင်းမပေးမှသာ မိဘကျေးဇူးကန်းရာ ရောက်ပါတယ်။

မိဘစကားကို တစ်သဝေမတိမ်း လိုက်နာခြင်း မပြုတဲ့ သားသမီးဟာ မိဘကို ကျေးဇူးကန်းတဲ့ သားသမီးဖြစ်တယ် ဆိုတဲ့ ဘုရားဟော မရှိပါဘူး။ မိဘစကားတိုင်းကို တစ်ခွန်းမကျန် နာခံမှ မိဘကို ကျေးဇူးဆပ်ရာ ရောက်တယ်ဆိုတဲ့ ဘုရားဟောလည်း မရှိပါဘူး။ မိဘစကားတိုင်းကို တစ်သဝေမတိမ်း လိုက်နာခြင်း မပြုလို့သာ မိဘကို ကျေးဇူးကန်းရာရောက်ရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားတောင် မိဘကျေးဇူးကန်းတဲ့သူ ဖြစ်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကိုယ်တိုင် မိဘစကားတိုင်းကို တစ်သဝေမတိမ်း လိုက်နာခြင်း မပြုခဲ့လို့ပါပဲ။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဘဝမှာတင်မက ဇနကမင်းသား ဘဝမှာပါ မိဘစကားကို ဘုရားအလောင်းတော် တစ်သဝေမတိမ်း လိုက်နာခြင်း မပြုခဲ့ပါဘူး။

မိဘစကားသာ တစ်သဝေမတိမ်း လိုက်နာခဲ့ရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား သဗ္ဗညုဘုရား အဖြစ်ကို ရောက်ရှိရရှိတော့မှာ မဟုတ်ပါဘူး။ မိဘစကားသာ တစ်ခွန်းမကျန် နာခံခဲ့မယ်ဆိုရင် ဘုရားအလောင်းတော် ဇနကမင်းသား ဘုရင်ဘဝကို ရောက်ရှိမှာ မဟုတ်ပါဘူး။ လူသားတိုင်းက မိမိနှစ်သက်ရာဘဝ ပိုမိုကောင်းမွန်ရာ ဘဝကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အဲဒီလို ရွေးချယ်တဲ့အခါမှာ မိဘနဲ့ အတိုက်အခံ လုပ်သင့်ရင်လည်း လုပ်ရမှာပါပဲ။ အဲဒီလို မိဘနဲ့ အတိုက်အခံလုပ်တဲ့ အတွက်ကြောင့် မိဘကျေးဇူးကန်းရာ မရောက်ပါဘူး။ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား တောထွက်ခန်းကို လေ့လာဖတ်ရှုလိုက်မယ်ဆိုရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ မိဘကို ဘယ်လောက်တောင် ဆန့်ကျင်ခဲ့သလိုဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။

ကိုယ့်စကားကို တစ်သဝေမတိမ်း တစ်ခွန်းမကျန် လိုက်နာခြင်းမရှိဘဲ လိုက်နာသင့်တာ လိုက်နာ မလိုက်နာသင့်တာကို ဆန့်ကျင်ဘက်ပြုတဲ့ သားသမီးကို “နင်တို့က မိဘကျေးဇူးကန်းတယ်” လို့ ပြောဆိုတဲ့ မိဘဟာ မိဘမပီသတဲ့ မိဘ၊ မိဘကောင်းမဟုတ်တဲ့ မိဘသာ ဖြစ်ပါတယ်။ မိဘပီသတဲ့ မိဘ၊ မိဘကောင်းပီသတဲ့ မိဘက သားသမီးကို ရွေးချယ်ပိုင်ခွင့် ပေးပါတယ်။ သားသမီးတွေ ရွေးချယ်မှု မမှားယွင်းရအောင်သာ ပဲ့ထိန်းပေးပါတယ်။ မိဘပီသတဲ့ မိဘက ငါ့စကားကို ငါ့သားသမီးက တစ်ခွန်းမကျန် နာခံရမယ်ဆိုတဲ့ အတ္တကြီးမားတဲ့ စိတ်နေသဘောထား မထားရှိပါဘူး။

အချုပ်အားဖြင့် ပြောချင်တာက မိဘစကားကို တစ်သဝေမတိမ်း တစ်ခွန်းမကျန် လိုက်နာခြင်း မပြုတဲ့ သားသမီးဟာ မိဘကျေးဇူးကန်းတဲ့ သားသမီးဖြစ်တယ် ဆိုတဲ့ ဘုရားဟော မရှိပါဘူး။ မိဘစကားကို တစ်သဝေမတိမ်း တစ်ခွန်းမကျန် လိုက်နာပေးတဲ့ သားသမီးဟာ မိဘကျေးဇူးကို ဆပ်တဲ့ သားသမီးဖြစ်တယ် ဆိုတဲ့ ဘုရားလည်း မရှိပါဘူး။ မိဘစကား ဆိုပေမယ့် လိုက်နာသင့်တာ လိုက်နာပြီးတော့ မလိုက်နာသင့်တာကိုလည်း ဆန့်ကျင်နိုင်ပါတယ်။ မိဘစကား ဆိုပေမယ့်လည်း လိုက်နာသင့်တာမှ လိုက်နာရပါမယ်။ မိမိနှစ်သက်တဲ့ဘဝ ပိုမိုကောင်းမွန်တဲ့ ဘဝကို သားသမီးတွေ အနေနဲ့ မိဘနဲ့ ဆန့်ကျင်ဘက် လုပ်ပြီးတော့လည်း ရွေးချယ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ်ရွေးချယ်လိုက်တဲ့ ဘဝက ဒုစရိုက်မှုတွေ ပြုလုပ်ရတဲ့ဘဝ ဖြစ်မနေဖို့ပါပဲ။ ကိုယ်ကျင့်တရားကို ချနင်းနေရတဲ့ ဘဝ မဖြစ်ဖို့ပါပဲ။

မိုးသု - မန္တလေး
Previous
Next Post »
Powered by Blogger.