ရန်ကုန် တက္ကဆီ ဒရိုင်ဘာ နီတိ


ယနေ့ညနေ တက္ကဆီစီးတော့ မိုးကရွာတယ်။ ရွာတော့ ပြတင်းပေါက်တွေ ပိတ်ထားပြီးယဉ်မောင်းတစ်ပေါက်ပဲ လက်တစ်ချောင်းထုတ်စာ ဖွင့်ထားတယ်။ အဲကွန်းမဖွင့်ဘူး။ ပိတ်ထားချိန်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးကြောင့် နောင်ဆိုရင်ဖြစ် တက္ကဆီသမားတိုင်း သတိထားနိုင်အောင် ဒီကနေ ရေးပြီး အကြံပေး တိုက်တွန်းလိုက်ပါတယ်။

၁) ကားထဲမှာ ဆေးလိပ်မသောက်ပါနဲ့။ တက္ကဆီဒရိုင်ဘာတွေ ခရီးသည်ပါတာသိလျက်နဲ့ ဆေးလိပ်သောက်ခြင်းဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။ စီးနေတဲ့ ခရီးသည်ကို ရိုသေသမူနဲ့ အရင်ဆုံး ဆေးလိပ်သောက်လို့ အဆင်ပြေပါသလားဆိုတာ အရင်မေးသင့်ပါတယ်။ အမှန်တကယ်ဆိုရင် ခရီးသည်က ကြည်ဖြူနေရင်ကို ဒါဟာ သောက်ရမယ့် နေရာမဟုတ်ပါ။ မိမိရဲ့ လိုအင်ဆန္ဒကြောင့် သူတစ်ဖက်သား ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ သိငသင့် ပါတယ်။

၂) နောက်တစ်ခုက ချောင်းဆိုးရင် ပါးစပ်ကို တစ်ခုခုနဲ့ အုပ်ပြီးတော့ ချိုးပါ။ ကားဆိုတာ ကျဉ်းကျဉ်းလေးပါ။ အဲကွန်းဖွင့်ထားကောင်း ဖွင့်ထားမယ်။ သို့မဟုတ် မှန်အလုံ ပိတ်ထားမယ်ဆိုရင် မိမိချောင်းဆိုးလိုက်တော့ အပေါ်မှာ ပါလာတဲ့ ခရီးသည်ကို မိမိရဲ့ ဖျားနာတဲ့ ဗိုင်းရက်စ်တွေ ကူးတတ်တယ်ဆိုတာ သိသင့်ပါတယ်။ လက်ကိုင်ပုဝါရုတ်တရက် ထုတ်မရရင်တော့ လက်နဲ့ အုပ်ပြီးတော့ ချောင်းဆိုးသင့် ပါတယ်။

၃) ခရီးသည် မကြည်ဖြူပဲ လူထက် မတင်ပါနဲ့။ ခရီးသည် ကြည်ဖြူသည့်တိုင် ခရီးသည် နှစ်ယောက် သုံးယောက်တင်ရအောင် မိမိကားက တက္ကဆီလား၊ ဘတ်စ်ကားလားဆိုတာကို သေချာ ခွဲခြားတွေးသင့်ပါတယ်။ မိမိ လူတင်တာကြောင့် စီးရတဲ့သူ သက်သောင့်သက်သာ တကယ်ရှိရဲ့လားဆိုတာ သေချာ စဉ်းစားစေလို ပါတယ်။

၎) ညဘက်တက္ကဆီမောင်းတဲ့အခါ ခရီးသည်ဆင်းရင် ပိုက်ဆံပေးဖို့ ပြင်တဲ့အခါ အလိုက်တသိသိနဲ့ မီးဖွင့်ပေးပါ။ ခရီးသည် အနေဖြင့် ညအမှောင်မှာ မြင်နိုင်စွမ်း ရှိတဲ့ စွမ်းအားရှင် မဟုတ်တဲ့အတွက် မိမိကားပေါ် စီးတဲ့ ခရီးသည် အဆင်ပြေအောင်၊ ငွေယူအဆင်ပြေအောင် မီးဖွင့်ပေး သင့်ပါတယ်။

၅) အကြွေဆောင်ထားပါ။ ခရီးသည်မှာ အကြွေမပါတာကို အတင်းအကြွေရအောင် အောက်ဆင်းလိုင်းခိုင်းတဲ့ ဖြစ်ရပ်ဟာ နိုင်ငံတကာမှာ ကြည့်ရင် ရယ်စရာ ဖြစ်ပါလိမ့်မယ်။ ဝန်ဆောင်မှုကို ဝယ်ယူသူနဲ့ ပေးသူ မှာ ဝန်ဆောင်မှု ပေးသူက အကြွေဆောင်ထားရမှာပါ။ ဝယ်သူက ဆောင်ထားရမှာ မဟုတ်ပါဘူး။ အကြွေအင်မတန် ရှားလို့ လှဲရခက်ရင်တောင် မိမိက ခရီးသည် အဆင်ပြေအောင် ဖြေရှင်းပေးမှာ မိမိတာဝန်ဖြစ်ပါတယ်။ ခရီးသည်ကို အကြွေရှာလှဲစေသည်မှာ မလုပ်သင့်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

၆) ခရီးသည် စကားမပြောချင်တာကို ဇွတ်မပြောပါနဲ့။ အမျိုးသား ခရီးသည်များ မကြုံရပေမယ့် အမျိုးသမီး ခရီးသည်များ အနေဖြင့် တက္ကဆီဒရိုင်ဘာများဟာ စကား စမြည် စတင်ပြောဆိုခြင်း၊ ရောနှောခြင်းများ ပြုလုပ်ပါတယ်။ မိန်းကလေးက အလိုမတူတဲ့ ဟန်ပန် အမူအရာ ပြပြီဆိုရင် ဒါကို ဆက်မလုပ်ပါနဲ့။ မိန်းကလေး ခရီးသည်များကို မိမိရဲ့ အမေ သို့မဟုတ် သမီး သို့မဟုတ် ညီမ အဖြစ် ရှုမြင်စေလို ပါတယ်။

၇) ဈေးနှုန်းပြောတဲ့အခါ ဆက်မညှိချင်တော့လို့ ရပြီး မငှားတော့ဘူးလို့ ပြောတဲ့ ခရီးသည်ကို ဇွတ်စကားပြန်ပြောပြီး ဈေးမညှိပါနဲ့။ အဲ့ဒီအချိန်မှာ ယင်းလူ တစ်ယောက် ဘယ်လောက် နေရခက်တဲ့ ခံစားချက်ရှိတယ်ဆိုတာ သင်သိစေလို ပါတယ်။

အမှန်တော့ ရန်ကုန်မှာ မောင်းနှင်နေတဲ့ တက္ကဆီအများစုဟာ စိတ်ဓာတ်အရည်ချင်း၊ လုပ်အား အရည်ချင်း ပြည့်ဝသူများ ဖြစ်ပြီး စိတ်ဓာတ်အရည်ချင်း၊ လုပ်အားအရည်ချင်း မပြည့်တဲ့ တက္ကဆီသမား အနည်းစုကြောင့် အားလုံး နာမည်ပျက်ရ၊ အရှက်ရ ရပါတယ်။ ဒီလိုရေးရင် တစ်မြို့လုံးက တက္ကဆီသမားများ ရဲ့ လုပ်အား ဝမ်းစာ ထိခိုက်မှာစိုးလို့ မရေးပဲ နှစ်နှစ်လောက် အောင့်အီး နေခဲ့ပါတယ်။ သို့သော် ယင်း လူနည်းစုရဲ့ မပြင်သေးတဲ့ အကျင့်စရိုက်များကြောင့် အခြား နစ်နာသူ များပြားလာသဖြင့် ထို လူနည်းစုကိုသာ ရည်ညွန်းလို့ ရေးသား အကြံပေးလိုက်ရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.