ကယားပြည်နယ်နဲ့ မေ့လျော့နေတဲ့မြေယာပြသနာ




သောမတ် ဟာ မိသားစုစားဝတ်နေရေးအတွက် တောင်ယာစိုက်ပျိုးပြီး အသက်မွေးရသူပါ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) မိဘတွေ လက်ထပ်လောက်ကစပြီး တောင်ယာစိုက်ပျိုးခြင်းနဲ့ပဲ အသက်မွေးခဲ့ တဲ့သူ့မိသားစုဟာ စစ်အစိုးရနဲ့ ကရင်နီ တပ်မတော်တို့ရဲ့ တိုက်ပွဲတွေ ကြောင့် စစ်အစိုးရက ရွာတွေကိုပြောင်းရွေ့ခိုင်းချိန်မှာ နေရပ်ကိုစွန်ခွာခဲ့ရပါတယ်။

ပြောင်းရွေ့ရွာတည်တဲ့နေရာမှာ နေထိုင်ပေမယ် ရွာဟောင်းမှာ ကျန်ခဲ့တဲ့ တောင်ယာမြေကိုသွားပြီး စိုက်ပျိုးရေးကို ဆက်လုပ်ကိုင်ခဲ့ပါတယ်။ ကိုယ့်ယာမြေတွေမှာ ဆက်လုပ်ခွင့်ကို အလွယ်တကူရခဲ့တာ တော့မဟုတ်ပါဘူး။

၎င်းယာမြေတွေအတွက် အစိုးရစစ်တပ်ကို နှစ်တိုင်းဆိုသလို အခွန်ပေးဆောင် ရတယ်လို့ သောမတ်က ပြောပါတယ်။

အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီတို့ ၂၀၁၂ ခုနှစ် မတ်လ(၇)ရက်နေ့ကစ၍ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်းမှာတော့ ကယားပြည်နယ်တွင်းမှာရှိတဲ့ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့စည်းတစ်ချို့က သိမ်းယူထားတဲ့ လယ်ယာမြေတော်တော် များများကို ပြန်လည်ရရှိရေး အတွက် သေားမတ်အပါအဝင် ဒေသခံတောင်သူတွေက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖရူဆိုမြို့နယ်မြို့ရှိ မကျေးရွာအုပ်စု၊ မာခရော်ရှေ၊ ကေးလျားကျေးရွာအုပ်စုတွင်းရှိ မြေဧက(၃၀၀၀)ကျော် ကို အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန်သိမ်းဆည်းခဲ့တဲ့အပေါ် ပြန်လည်ရရှိ လိုကြောင်း ဒေသခံ(၅၀၀)ကျော်က ၂၀၁၃ ခုနှစ်မှာ တောင်သူလှုပ်ရှားမှုအနေဖြင့် ဆန္ဒဖော်ထုတ်ပွဲကို ခိုးလျှေဆိုတောင်သူလယ်သမားကော်မတီက ဦးဆောင်၍ ကယားပြည်နယ်မှာ ပထမဦးဆုံး ဆောင်ရွက်ခဲ့တယ်။

တောင်သူတွေဟာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရှိဖို့ ထွန်တုံးတိုက်ပွဲတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့သလို စစ်တပ်က တရားစွဲဆိုမှုတွေလည်း တန်ပြန် ပြုလုပ်ခဲ့တဲ့အတွက် ပြည်နယ်တွင်းမှာ တရားစွဲခံရသူ ၂၀ ဦးထက်မနည်းရှိခဲ့ပြီး ဒီအထဲမှာ သောမတ်တစ်ယောက်လည်း ပါဝင်ခဲ့တယ် ။

“ကျနော်တို့က တောင်သူတွေလေ ဒီမြေတွေမရှိရင်ငတ်မယ် သေကုန်လိမ့်မယ်။ အရင်ကသိမ်းတယ် လုပ်ခွင့်တွေပေးသေးတယ်။ ခုကလုပ်ခွင့်ပါမပေးတော့ဘူး ဆိုတော့ ဆန္ဒပြတောင်းဆိုရတာပေါ့။ အဲ့တော့သူတို့က ကျနော့်ကိုတရားစွဲတယ်။”လို့ သောမတ်က ပြောပါတယ်။

ဒီမော့ဆိုမြို့နယ် ၊ ဒေါးဆိုရှေးကျေးရွာ ဘိုးဘွားပိုင်မြေယာတွေဖြစ်တဲ့ အမှတ်(၃၆၀) အမြောက်တပ်ရင်းက သိမ်းဆည်းထားတဲ့ မြေဧက (၇၀၀)ကျော်မှာ ဝင်ရောက်ထွန်းယက်ခဲ့တဲ့အတွက် သောမတ်နဲ့ တောင်သူ (၁၀)ဦး တရားစွဲခံရပြီး ပြစ်ဒဏ်ပါကျခံခဲ့ရတာပါ။

သေားမတ်တို့လိုပဲ အခြားတောင်သူတွေဟာလည်း မြေယာကျူးကျော်နေထိုင်မှု ၊ အစိုးရပိုင်မြေတွေမှာ ကျူးကျော်စိုက်ပျိုးမှု စတဲ့ အကြောင်းပြချက်တွေနဲ့ တရားစွဲဆိုခံထားကြရပါတယ်။

ဒီလိုတရားစွဲဆိုခံရမှုတွေ၊ ပြစ်ဒဏ်တွေခံခဲ့ရပြီးချိန်မှာ ဆိုလျားကူးကျေးရွာရဲ့ မြေယာ(၄၉၅)ဧက ကို အမှတ်(၅၃၁)တပ်ရင်းက စွန့်လွှတ်ပေးတာ၊ အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ သိမ်းဆည်းထားတဲ့ ဧက(၃၀၀၀)ကျော်ထဲက (၈၆၀)ဧကအတွက် တစ်ဧကကို ကျပ် ၅၀၀၀၀ ပေးလျော်ခဲ့တာ ၂၀၁၄ ခုနှစ်မှာ တပ်စွန့်လွတ်မြေအဖြစ် ၁၉၉.၈၆ ဧကကို ပြန်လည်ပေးအပ်ခဲ့တာတွေ ရှိခဲ့တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ မှပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

ဌာနေတိုင်းရင်းသားအများစုဟာ သူတို့တောင်ယာတွေက ဘိုးဘွားစဉ်ဆက်ကတည်းက ပိုင်ဆိုင်ခဲ့တဲ့ လို့ဆိုကြပေမယ့် ပိုင်ဆိုင်မှုအထောက်ထားပြစရာတော့ မရှိကြပါဘူး။

ဌာနေတိုင်းရင်းသားတွေဟာ ဘိုးဘွားစဉ်ဆက်ကတည်းက ပိုင်ဆိုင်လာခဲ့ကြတဲ့ မြေယာတွေကို ပိုင်ဆိုင်မှုအထောက်ထားမပြနိုင်တဲ့အတွက်စစ်တပ်မှသော်လည်ကောင်း၊ စီးပွားရေးသမားများ၊ ကုမ္ပဏီများ၊ လက်နက်ကိုင်အဖွဲ့စည်းများက နိုင်ငံရေးအခြေနေအရ အမြတ်ထုတ်သိမ်းယူမှုတွေ ရှိနေတာကြောင့်မြေပိုင်ရှင်ဌာနေတိုင်းရင်းသားတွေက မြေယာမဲ့တွေဖြစ်ကုန်ပါတယ်။

၂၀၁၂ ခုနှစ်မှာအစိုးရကထုတ်ပြန်ခဲ့တဲ့ လယ်ယာမြေဥပဒေနဲ့ မြေလွတ်၊ မြေလတ်၊ မြေရိုင်းဥပဒေ ၂ခုဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် အတော်လေးဆိုကျိုးသက်ရောက်မှုနေတယ်လို့ မြန်မာနိုင်ငံရဲ့ လယ်ယာမြေအကြောင်း လေ့လာသုတေသနပြုလုပ်တဲ့ နိုင်ငံတကာလူမှုအ သင်းဖွဲ့ တစ်ခုဖြစ်တဲ့ Transnational Institute (TNI) ရဲ့တာဝန်ခံ Tom Kramer ကပြောပါတယ်။

အစိုးရရဲ့ မြေယာဥပဒေအရ မြေပေးမိန့်၊ပုံစံ ၁၀၅ ၊မြေဂရမ် မရှိတဲ့ မြေနေရာတွေကို အစိုးရက မြေလွတ်၊မြေရိုင်းတွေအဖြစ် သတ်မှတ်ပြီး မြေယာပိုင်ဆိုင်မှု အထောက်ထားမပြနိုင်တဲ့ မည်သည့်မြေယာ ကိုမဆို အစိုးရကသိမ်းဆည်းနိုင်ကာ ကုမ္ပဏီများကို ဖြစ်စေ စီမံကိန်း မြေနေရာအဖြစ်ချထားတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

“ခုပြဌာန်းထားတဲ့ဥပဒေတွေက တောင်သူတွေအတွက် ဘာအကာအကွယ်မှမဖြစ်ဘူး။ တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်ရေးဥပဒေ ဆိုပြီး ၂၁၀၃ မှထပ်ထုတ်တယ်။

တကယ်တော့ ဘာအကျိုးစီးပွားမှ ကာကွယ်တာမဟုတ်ဘဲ ခရိုနီတွေ ၊အာဏာပိုင်တွေ ပြီးတော့ အဲ့ဒီသူတို့နဲ့ နီးစပ်သူတွေ အတွက် လုပ်ပိုင်ခွင့် မြေယာသိမ်းဆည်းခွင့်တွေ ပေးနေတဲ့ ပုံစံမျိုးဥပဒေ ဖြစ်နေတယ်။ ” လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ပြောပါတယ်။
Law Home ရှေ့နေအဖွဲ့မှ ရှေ့နေတစ်ဦး ဖြစ်သူ ကိုကျော်ဝဏအောင် က လက်ရှိအခြေအနေမှာ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုနဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ လယ်ယာမြေဥပဒေတို့ကို ညှိနှိုင်းချိတ်ဆက်တဲ့အပိုင်းမှာခက်ခဲနေသေးတယ်လို့ ပြောတယ်။

ကယားပြည်နယ်တွင်းရှိ လူမှုအဖွဲ့အစည်းတွေကလည်း ဒေသနဲ့ကိုက်ညီတဲ့ လယ်ယာမြေ ဓလေ့ထုံးတမ်း ဥပဒေတစ်ခုပေါ်ပေါက် လာနိုင်ဖို့လုပ်ဆောင်လျှက်ရှိသလို ဒေသခံတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေး မယ် ဓလေ့ထုံးတမ်းဥပဒေလည်း အရေးကြီးလိုအပ်နေတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂက ဦးဆောင်၍ လူထုအခြေပြုအဖွဲ့စည်းတွေပါဝင်ပြီး စက်တင်ဘာလက ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနှင့် အသွင်ကူးပြောင်းရေးကာလတွင် လူထုအသံထည့်သွင်းခြင်း ဖိုရမ်က တောင်းဆိုထားပါတယ်။

ကရင်နီပြည်နယ်တောင်သူလယ်သမားသမဂ္ဂ အဖွဲ့၏ လက်ရှိစာရင်းများအရ မြို့နယ် ၂ခုရှိ စစ်တပ်က သိမ်းဆည်းထားတာ မြေဧကပေါင်း(၅၀၀၀)ကျော်ရှိတယ်လို့ ကိုတူရယ်က ဆိုသလို အစိုးရစစ်တပ် တပ်ရင်းတစ်ရင်းကို အနည်းဆုံး မြေဧက (၇၀၀)အထက် သိမ်းဆည်းထားတတ်ပြီး တစ်ပြည်နယ်လုံးမှာတော့ သိမ်းဆည်းခံထားရသည့် မြေယာများ သိန်းနဲ့ချီပြီးရှိတယ်လို့ ကရင်နီပြည်လူ ငယ်များသမဂ္ဂမှ ကိုစစ်မုန်းက ထောက်ပြပြောဆိုပါတယ်။

မြေယာသိမ်းဆည်းမှုအများစုမှာ အစိုးရစစ်တပ်မှ တပ်ဧရိယာတိုးချဲ့ရန်အတွက် တပ်အနီးရှိတောင်သူ များ၏ယာမြေများကို သိမ်းဆည်းထားခြင်း ၊လက်နက်ကိုင်အဖွဲ့စည်းများမှ သိမ်းဆည်းခြင်း ၊ကုမ္ပဏီများမှ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်များဖြင့် စီမံကိန်းများတည်ဆေက်ရန်အတွက် တောင်သူများ၏ သဘောဆန္ဒမပါ ဝင်ဘဲ မြေယာသိမ်းဆည်းမှုများ ဟာတစ်ပြည်နယ်လုံးမှာ ဖြစ်နေတယ်လို့ တောင်သူလယ်သမား သမဂ္ဂဥက္ကဌ မှပြောဆိုသည်။

နိုင်ငံမှာ အသေးဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ကယားပြည်နယ်တွင်းမှာ အစိုးရစစ်တပ်ဌာနပေါင်း (၂၁)ခုထက်မနည်းရှိပြီး နယ်ခြားစောင့်တပ်ရင်း နှစ်ရင်း နဲ့ ပြည်သူ့စစ် တပ်ဖွဲ့များလည်းရှိနေပါတယ်။ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲအပြီးတတ်လာတဲ့ အစိုးရလက်ထက်မှာ လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာဟာ ပြည်နယ်ရဲ့ အကြီးမားဆုံး ပြဿနာ၊ အရးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာပြီး အစိုးရရဲ့ကယားပြည်နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ကာ ဖွဲ့စည်းထားပါတယ်။

ပြည်နယ်တွင်းမြေယာပြဿနာ များတွင် ကယားပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီ ကို (၃၈)မှုသာ ရောက်ရှိထားပြီး ၎င်းအမှုများတွင် သုံးမှုလောက်သာ အနည်းငယ်ဖြေရှင်းပေးထားနိုင်သေးသလို ကျန်မြေယာ ပြဿနာရပ်များကို ဖြေရှင်းပေးထားနိုင်ခဲ့ခြင်းမရှိသေး ကြောင်းကယားပြည်နယ် မြေအသုံး ချမှုစီမံခန့်ခွဲရေးကော်မတီ မှပြုစုထားသောစားရင်း များအရ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲအပြီးတတ်လာသည့် အစိုးရလက်ထက်တွင်လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿများဟာ ပြည်နယ်ရဲ့ အကြီးမားဆုံး ပြဿနာ တစ်ခုအဖြစ်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာပြီး အစိုးရသက်တမ်းကာလတစ်လျှောက်မှာတော့ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မတီကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ကာ ဖွဲ့စည်းထားသော်လည်း ပြဿများကို တစ်စုံတစ်ရာ ဖြေရှင်းပေးနိုင်ခြင်းမရှိခဲ့ကြောင်း ပြည်နယ်တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့စည်းများက ထောက်ပြ ပြောဆိုလျှက်ရှိသည်။

ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂဥက္ကဌ ကိုတူရယ်က “ခုဖြစ်နေတဲ့မြေယာသိမ်းဆည်းမှုတွေကို အဓိကဖြေရှင်းပေးရမှာက အစိုးရပါ။ ပြည်နယ်အစိုးရပဲ။ သူတို့က ပြည်နယ်အတွက် သင့်တော်တဲ့ ဘာဥပဒေကိုမှ ချမှတ်ခဲ့တာမရှိဘူး။ မြေယာကိစ္စမှာလည်း ဘာကိုမှ ပြေလည်အောင် ရေရေရာရာ လုပ်ပေးခဲ့တာမရှိဘူး ” လို့ ပြောပါတယ်။

လက်ရှိပြည်နယ်တွင်းရှိ မြေယာအများစုကို စစ်တပ်နဲ့ ကုမ္ပဏီတွေက ပိုင်ဆိုင်ထားကြတယ်လို့ ပြည်နယ်တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့စည်းများက ထုတ်ဖော်ပြောဆိုထားသလို အပစ်ခက်ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်းမှာတော့ ပြည်နယ်တွင်းရှိမြေယာအများစုကို စစ်တပ်မှသော်လည်ကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ မှ လည်ကောင်း၊ ကုမ္ပဏီများမှလည်ကောင်း သိမ်းဆည်းထားကြောင်း ကရင်နီလူမှုအဖွဲ့စည်းများကွန်ယက်(KCSN)ကထုတ်ဝေထားတဲ့ စာအုပ်မှာဖော်ပြထားပါတယ်။

အခုလိုကယားတစ်ပြည်နယ်လုံးတွင် ဖြစ်ပေါ်နေသည့် လယ်ယာမြေသိမ်းဆည်းမှု ပြဿရပ်တွေကို လက်ရှိအစိုးရက တာဝန်ယူပြီးဖြေရှင်းခဲ့တာ မရှိခဲ့လို့ နောက်အသစ်တတ်လာမည့် အစိုးရလက်ထက်မှာ တော့ ဒီပြဿနာကိုထပ်ပြီး တာဝန်ယူဖြေရှင်း ပေးသွားရလိမ့်မယ်လို့ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂဥက္ကဌက ပြောပါတယ်။

လာမယ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် ကယန်းအမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်း ဦးနန်းရီ ကတော့ “ရွေးကောက်ပွဲအပြီး ကျနော်တို့ တိုင်းရင်းသားတွေ အနိုင်ရပြီး လွှတ်တော်ထဲရောက်တာနဲ့ ဒီမြေယာကိစ္စတွေကို အကောင်းဆုံးကိုင်တွယ် လုပ်ဆောင်ပေးသွားမှာပါ။ ဆုံးဖြတ်ထားပါတယ် ↔လို့ ကတိစကားပြောတယ်။

လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်လောင်း ဦးသဲရယ်ကလည်း" ကျနော်နေရာတစ်ခုရခဲ့ရင် လယ်ယာမြေအရေးနဲ့ပက်သက်ပြီးလွှတ်တော်မှာ တင်သွင်းမယ်။ လယ်ယာနဲ့ ပက်သတ်ပြီးတော့မှ ကျနော်တို့နဲ့သဟဇာတမဖြစ်တဲ့ဥပဒေမျိုးကို ပြင်ဆင်ဖို့ ရည်ရွယ်ချက်ထားတယ်။ကျနော်သာနေရာရခဲ့ရင် ဒီကိစ္စက ကျနော့် ရဲ့ အဓိက လုပ်ဆောင်ရမယ့် အလုပ်ဖြစ်လာမှာပါ "လို့ ဆိုပါတယ်။

ဒီလိုမြေယာပြဿနာတွေဟာ ပြည်နယ်တွင်းရှိနေရာတိုင်း မှာလိုလိုရှိနေပြီး လူထုတွေကိုပုံစံသွင်း အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက်ထက်က စနစ်အတိုင်း အကြောက်တရားကို မဖယ်ရှားနိုင်သေးတဲ့ ဌာနေတိုင်း ရင်းသားအများစုကတော့ ထုတ်ဖော်ပြောဆိုဖို့ကို ကြောက်ရွံ့နေကြသည့်အတွက် ဒီလိုမြေယာသိမ်း ဆည်းခံရမှုတွေဟာ တိမ်မြုပ်နေတာဖြစ်ပြီး လက်ရှိအစိုးရကလည်း မဖြေရှင်းပေးနိုင်တဲ့အပေါ်မှာ တိုင်းရင်းသားတွေက မျှော်လင့်ချက်တွေမဲ့နေကြတာပါ။

ပြည်နယ်တွင်းရှိ သိမ်းဆည်းခံ မြေယာတွေပြန်ရဖို့ ကြိုးပမ်းနေတဲ့ ဒေသခံတွေ၊ ဒီပြဿနာတွေကို ထိရောက်စွာဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့လက်ရှိအခြေအနေတွေကို ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်က ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ သေားမတ်တို့က မျှော်လင့်နေကြပါတယ်။

လယ်ယာမြေဟာ သူ့ရဲ့ထမင်းအိုးဖြစ်သလို သူဟာဒီမြေတွေရဲ့ ပိုင်ရှင်ဆိုတာကို ခံယူထားပြီး သေားမက်ရဲ့ ဦးတည်ချက်ကတော့ ခုချိန်ထိ စစ်တပ်မှသိမ်းဆည်းထားသည့် ၎င်းရဲ့ ဘိုးဘွားပိုင်ယာမြေများကို ပြန်ရရှိအောင်ဆက်တောင်းဆိုသွားမှာဖြစ်ကာ အသစ်တတ်လာမည့် အစိုးသစ်ကလည်း ဒါကိုဖြေရှင်းပေးနိုင်လိမ့်မယ်လို့ သူမျှော်လင့်နေပါတယ်။

“ ကျနော့်ရဲ့မြေတွေ ပြန်ရအောင်အစိုးသစ်က လုပ်ပေးမယ်လို့ ယုံကြည်တယ် ”လို့ သောမတ်က ပြောတယ်။

ဆန်းဖြိုးထွန်း - Kantarawaddy Times
Previous
Next Post »
Powered by Blogger.