အင်းဆက်များကို လူသားများ၏ အဓိက အစာအဖြစ် လည်းကောင်း၊ မွေးမြူရေး တိရိစ္ဆာန်များကို ကျွေးမွေးရန်အတွက် လည်းကောင်း အသုံးပြုမည်ဆိုပါက ကောင်းဆိုး ကြုံလာရနိုင်ခြေများကို ဥရောပ စားသောက်ကုန် ဘေးကင်းလုံခြုံရေးအဖွဲ့ (EFSA)က လေ့လာ သုံးသပ်ပြီးနောက် အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အင်းဆက်များကို မွေးမြူပုံ၊ အစာအဖြစ် ပြောင်းလဲ ထုတ်လုပ်ပုံ စံချိန်မမီပါက လူသားတို့အတွက် ကျန်းမာရေး ဆိုးကျိုး သက်ရောက်နိုင်ကြောင်း စားသောက်ကုန် ဘေးကင်းလုံခြုံရေးအဖွဲ့က သတိပေးသည်။ စံချိန်မီအောင် ကြီးကြပ်နိုင်ကြလျှင်မူ အင်းဆက်သည် လူသားတို့အဖို့ ပရိုတိန်း ရစေမည့် အဓိက အစားအစာအဖြစ် ကျိန်းသေပေါက် အသုံးဝင်မည်ဟု အဖွဲ့ကြီးက ဆိုသည်။ လေ့လာ သုံးသပ်ထားချက်များကို ဥရောပ ကော်မရှင်သို့ တင်သွင်းထားကြောင်း EFSA က ပြောသည်။ သုံးသပ် အစီရင်ခံစာကို EFSA ၏ သိပ္ပံကော်မတီက ကြီးမှူးပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထပ်တိုးလာမည့် ကမ္ဘာ့ လူသားထုအတွက် အင်းဆက်သည် အဓိက စားနပ်ရိက္ခာအဖြစ် အရေးပါလာလိမ့်မည်ဟု ကုလသမဂ္ဂကလည်း လမ်းညွှန်ထားသည်။
အင်းဆက်များကို မွေးမြူပုံ၊ အစား အစာအဖြစ် ပြောင်းလဲယူပုံ၊ အဆင့်ဆင့်တွင် ကိုင်တွယ် ဆောင်ရွက်ပုံ မမှန်ကန်ပါက ဇီဝအဆိပ်သင့်မှု၊ ဓာတု အဆိပ်သင့်မှုများ ဖြစ်ပွားနိုင်ခြေ ရှိကြောင်း၊ ကိုင်တွယ်ဆောင်ရွက်ပုံ မှန်ကန်အောင် စနစ်တကျ ကွပ်ကွဲ နိုင်မည်ဆိုပါက အဓိက စားသောက်ကုန်အဖြစ် ရောက်ရှိလာမည် ဖြစ်ကြောင်း EFSA က ပြောသည်။
ကုလ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး FAO သည်လည်း ကမ္ဘာ့လူသားများ အင်းဆက်များကို အဓိက စားကုန်တစ်မျိုး အဖြစ် မှီခိုလာပါက ကောင်းကျိုးဆိုးပြစ် မည်သို့ရှိနိုင်သည်ဟု လေ့လာမှုများ ပြုလျက်ရှိသည်။၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် သန်းကိုးထောင်အထိ ရောက်ရှိလာမည် ဖြစ်ရာ ထိုလူထုကြီးအတွက် စားနပ်ရိက္ခာ လုံလောက်စေရေး FAO က နည်းလမ်းများ ရှာကြံလျက်ရှိသည်။ လက်ရှိအချိန်မှာပင် ကမ္ဘာတစ်ဝန်း လူသားများ စားသုံးနေသည့် အင်းဆက် အမျိုးပေါင်း (၁၉၀၀) လောက်ရှိကြောင်း FAO စာရင်းအရ သိရသည်။
Messenger
Sign up here with your email
ConversionConversion EmoticonEmoticon