(၁) ကြီးပြင်းလာဖို့ အခွင့်အလမ်းပိုများတဲ့နေရာ
ဆရာမတွေ၊ ရွယ်တူ ကျောင်းသားတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ ပထမဆုံးအတွေ့အကြုံကို ရရှိနိုင်တဲ့နေရာဟာ မူကြိုကျောင်းပါပဲ။ ကလေးတွေရဲ့ သိချင်စိတ်ကိုလည်း ပိုမိုနှိုးဆွပေးပြီး လေ့လာမှုအားတိုးစေပါတယ်။ မူလတန်းတက်တဲ့အခါ ကြုံတွေ့ရမယ့် မျှဝေခြင်း၊ လိုက်နာလုပ်ဆောင်တတ်ခြင်း၊ သင်ယူတတ်ခြင်းစတဲ့အရည်အချင်းတွေကို မူကြိုမတက်ခဲ့ ရတဲ့ကလေးက အလွယ်တကူသင်ယူဖို့ခက်တတ်ပါတယ်။
(၂) သူငယ်တန်းတက်တဲ့အခါ လွယ်ကူချောမွေ့အောင် လုပ်ပေးတဲ့နေရာ
သူငယ်တန်း တက်တဲ့အခါ စာတွေသင်လာရပြီဆိုတော့ မိဘအများစုက ကိုယ့်ကလေးကို မူကြိုမှာ ကြိုတင်ပြင်ဆင်ပေးဖို့ စိတ်ထက်သန်ကြပါတယ်။ တချို့မိဘတွေကျတော့ မူကြိုတက်ခြင်းအားဖြင့် ကလေးရဲ့ ကစားချိန်တွေဆုံးရှုံးပြီး အတင်းကြီးပြင်းစေဖို့ တွန်းအားပေးရာရောက်မှာ စိတ်ပူကြပါသေးတယ်။ အရည်အသွေးမီမူကြိုဟာ ကလေးတွေကို ကစားရင်းနဲ့ပဲ သူငယ်တန်းအတွက်အရည်အသွေးပြည့်အောင် တပြိုင်နက်တည်း ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။
(၃) လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားချက်တိုးတက်ရေးတို့အတွက် လေ့ကျင့်ပေးတဲ့နေရာ
အရည်အသွေးမီတဲ့ မူကြိုမှာ ကလေးတွေကို မိတ်ဖွဲ့တတ်အောင်၊ ပူးပေါင်းလုပ်ဆောင် တတ်အောင် သင်ကြားပေးပါတယ်။ ကလေးတွေကို တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ အမြဲ ညွှန်ကြားနေတာမျိုး မဟုတ်ပဲ ကလေးတွေကို မသိမသာလမ်းညွှန်သင်ကြားပေးတာဖြစ်ပါတယ်။ စာသင်ခန်းဟာ လူမှုရေး၊ပေါင်းသင်းဆက်ဆံရေးတွေကို တိုးတက်အောင်လေ့ကျင့်ပေးပြီး စိတ်ကျဉ်းမြောင်းခြင်းနဲ့ မတူညီမှုကိုလက်မခံတတ်ခြင်းတို့ကို လျှော့ချတတ်အောင် လေ့ကျင့်ပေးပါတယ်။
(၄) ကလေးအတွက် ရွေးချယ်မှုတွေ အများကြီးလုပ်ခွင့်ရတဲ့ နေရာ
ကလေးတွေအတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အများကြီးလုပ်ဆောင်ခွင့်ရတာကြောင့် ကလေးတွေအနေနဲ့ မိမိနှစ်သက်ရာတစ်ခုခုကို ရွေးချယ်လုပ်ဆောင်တတ်သွားနိုင်ပါတယ်။ အဖွဲ့ထဲမပါဝင်တတ်တဲ့ကလေးတွေကိုလည်း ပူးပေါင်းဆောင်ရွက်တတ်အောင်၊ သူများနဲ့ပေါင်း တတ်အောင် သင်ကြားပေးပါတယ်။ တချို့ကိစ္စတွေမှာ တစ်ဦးတည်းလုပ်ဆောင်တတ်ဖို့၊ တချို့ကိစ္စတွေမှာ ပူးပေါင်းလုပ်ဆောင်တတ်ဖို့ ဘယ်လိုရွေးချယ်ရမလဲဆိုတာ လေ့ကျင့် သင်ကြားပေးပါတယ်။
(၅) သူများကို အလေးထားဂရုစိုက်နည်းတွေ သင်ပေးတဲ့နေရာ
စာသင်ခန်းထဲမှာ လှုပ်ရှားမှုတွေ အတူတူလုပ်ဆောင်ရင်း ဆရာကို ကူညီတတ်အောင်၊ အချင်းချင်း ကူညီတတ်အောင်၊ မေတ္တာထားတတ်အောင် သင်ကြားပေးပါတယ်။ အိမ်မှာ အရေးပေးအလိုလိုက် ခံရလွန်းလို့ ကိုယ့်တစ်ဖို့တည်းအတွက်ပဲ သိတတ်တဲ့ကလေးတွေအဖြစ်ကနေ သူများအတွက်ပါ ထည့်သွင်းစဉ်းစားပေးတတ်တဲ့ လူဝင်ဆံ့တဲ့ကလေးတွေ ဖြစ်လာကြပါတယ်။ သူများကို ဖြည့်ဆည်း ပေးခြင်း ကူညီပေးခြင်းဖြင့် ကိုယ်တိုင်လည်း လိမ္မာသိတတ်တဲ့လူတော်ဖြစ်လာနိုင်ကြောင်း သင်ကြားပေးပါတယ်။
(၆) ဘာသာစကားတွေနဲ့ အသိပညာတွေ တိုးတက်လာအောင် သင်ကြားပေးတဲ့နေရာ
မူကြိုတက်တဲ့တက်ကလေးတွေဟာ မူလတန်းတက်တဲ့အခါ မူကြိုမတက်တဲ့ကလေးတွေထက် ပိုပြီး ဘာသာစကားကို တတ်ကျွမ်းမှုမြန်ဆန်တတ်ကြပါတယ်။ မူကြိုဆရာမဟာ ကလေးတွေကို စကားဝိုင်းဖွဲ့ပြောခိုင်းပြီး မိမိက ဦးဆောင်ပြောနေတာမျိုးလည်းမလုပ်ပဲ ကလေးတွေကို စကားများများပြောဆိုတတ်အောင်၊ အသစ်အဆန်းတွေ သင်ယူတတ်အောင် နှိုးဆွပေးပါတယ်။ စာသင်ကြားနေချိန်၊ ပန်းချီချိန်၊ ကဗျာရွတ်ချိန်၊ ကခုန်တဲ့အချိန် စတာတွေမှာလည်း ဝေါဟာရအသစ်အဆန်းတွေ အများကြီးလေ့လာခွင့်ရရှိကြပါတယ်။
ဘ၀ရဲ့အစောဆုံးကာလလေးမှာ အရာရာကို စနစ်တကျသင်ယူပြီး အနာဂိတ်လူရည်ချွန်တွေဖြစ် ကြစေဖို့ အရည်အသွေးမီတဲ့မူကြိုမှာ တက်ကြပါစို့။
Credit: yangonlife
Sign up here with your email
ConversionConversion EmoticonEmoticon