စပိန်ကနေ ကာတာလန်ဒေသ ခွဲထွက်ပြီး သီးခြားနိုင်ငံ ထူထောင်ပါက အဆိုပါ ဒေသရဲ့ အသင်းတွေ ဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ အက်စ်ပန်ညိုတို့ကို လာလီဂါ ပြိုင်ပွဲကနေ ထုတ်ပယ်မယ်လို့ လာလီဂါ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ စပိန် အားကစား ဝန်ကြီးတို့က ပြောဆိုလိုက်ပါတယ်။
ကာတာလန်ဒေသရဲ့ ရွေးကောက်ပွဲကို စက်တင်ဘာ ၂၇ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ကာတာလန် လွှတ်တော်ရဲ့ အမတ် အများစုက ခွဲထွက်ရေး သမားများ ဖြစ်ကြပြီး လွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲကို ကျင်းပပြုလုပ်ဖွယ် ရှိနေပါတယ်။
လာမယ့် စက်တင်ဘာ ၂၇ရက် ရွေးကောက်ပွဲမှာ ခွဲထွက်ရေး သမားတွေ အနိုင်ရပါက ၁၈လအတွင်း ကာတာလန်ဒေသ လွတ်လပ်ရေး ကြေညာမယ်လို့ ပြောဆိုစည်းရုံးခဲ့ကြောင်းလည်း သိရပါတယ်။
စပိန်နိုင်ငံရဲ့ အခြေခံ ဥပဒေက ကာတာလန် ဒေသကို စပိန်နိုင်ငံကနေ ခွဲထွက်ခွင့် မပြုဘဲ တကယ်လို့ ခွဲထွက်ဖို့ ကြိုးစားပါက စပိန်နိုင်ငံရဲ့ ကျန်တဲ့ေးသတွေရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ရမယ်လို့ သိရပါတယ်။
ကာတာလန်ဒေသ စပိန်နိုင်ငံကနေ ခွဲထွက်မှု အောင်မြင်ပါကလည်း ဘာစီလိုနာ အနေနဲ့ လာလီဂါမှာ ဆက်လက်ရပ်တည်ဖို့ မသေချာမှုနဲ့ ရင်ဆိုင်နေရပါတယ်။
လာလီဂါ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျာဗီယာ တီဘက်စ်က ပြောဆိုရာမှာ “စပိန်ကနေ ခွဲထွက်မယ်ဆိုရင် လာလီဂါကနေ ခွဲထွက်တာနဲ့ အတူတူပါပဲ၊ ဒီလို ကျိုးကြောင်း မဆီလျော်တဲ့ အခြေအနေမျိုး ဘယ်တော့မှ မရောက်ပါစေနဲ့လို့ မျှော်လင့်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
စပိန် အားကစား ဝန်ကြီး မီဂွဲလ် ကာဒီနယ်က ပြောဆိုခဲ့ရာမှာ “ကာတာလန်ဒေသ ခွဲထွက်မယ်ဆိုရင်ဘာစီလိုနာက စပိန်လိဂ် (လာလီဂါ)မှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ မဟုတ်ပါဘူး၊
ကာတာလန်က လွတ်လပ်ရေး ရတယ်ဆိုရင် ကျိုးကြောင်းဆီလျော်မှု မရှိပါဘူး၊ တကယ်လို့ ရခဲ့ရင်တောင် သူတို့က စပိန် ဘောလုံးအဖွဲ့ချုပ်မှာ ပြန်ပြီး မှတ်ပုံတင်ရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
လာလီဂါမှာ ဘာစီလိုနာ မပါဝင်တော့ပါက အသင်းအတွက် ရုပ်သံထုတ်လွှင့်ခ အစရှိတဲ့ ဝင်ငွေပိုင်းမှာ လျော့နည်းသွားမှာ ဖြစ်ပြီး အင်အားလျော့နည်းသွားမယ်လို့လည်း သိရပါတယ်။
ဘာစီလိုနာ ပရိသတ်တွေက ကိုယ်ပိုင် အုပ်ချုပ်ရေး ရရှိခဲ့တဲ့ ၁၇၁၄ ခုနှစ်ကို အစွဲပြုပြီး အိမ်ကွင်းပွဲစဉ်တိုင်းမှာ လွတ်လပ်ရေး ကြွေးကြော်သံတွေကို ၁၇မိနစ်ကြာ ကြွေးကြော် ရွတ်ဆိုကြောင်းလည်း သိရပါတယ်။
ဘာစီလိုနာ ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်မှာ ဝေလ ကလပ်တွေကို ပါဝင်ယှဉ်ပြိုင်ခွင့် ပြုထားလို့ ကာတာလန် လွတ်လပ်ရေး ရရင်လည်း ဘာစီလိုနာနဲ့ အက်စ်ပန်ညိုတို့ကို လာလီဂါမှာ ဆက်လက်ယှဉ်ပြိုင်ခွင့် ပြုသင့်ကြောင်း ထောက်ပြ ပြောဆိုကြပါတယ်။
ဘာစီလိုနာကို လာလီဂါမှ ထုတ်ပယ်ရင် လာလီဂါ ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုနဲ့ ဝင်ငွေ အပိုင်းတို့မှာ လျော့ကျသွားမှာဖြစ်လို့ ဘာစီလိုနာကို ထုတ်ပယ်ဖွယ် မရှိနိုင်ကြောင်းလည်း ဘာစီလိုနာ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။
Planet Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon