နောက်ထပ်.. အနှစ်ငါးဆယ်


၂၀၁၅နှစ်ကုန်ခါနီးလာလေ အမေရိကန်နိုင်ငံ၏ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် သမ္မတလောင်းများ၏ လှုပ်ရှားမှု များက ပိုပြီးသက်ဝင်များပြားလာ လေဖြစ်ပါသည်။ မကြာသေးမီက ရီပက်ဘလေကန် သမ္မတလောင်း များ၏ စကားအချေအတင်စစ်ထိုး ပွဲများကို အမေရိကန်တစ်ဝန်း ရုပ် သံများမှ အကြီးအကျယ်လွှင့် ထုတ်ပြသခဲ့ပါသည်။

ယခုအချိန်ထိ သက်ဆိုင်ရာ ပါတီအတွင်း သမ္မတလောင်းနေ ရာရရန်ကိုပင် အကြီးအကျယ်ယှဉ်ပြိုင် မဲဆွယ်ရတုန်းဖြစ်ပါ သည်။ လတ်တလော စစ်တမ်းများ အရ အားကောင်းနေသူများမှာ ဒီမိုကရက်တစ်ပါတီဘက်တွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီ လာရီကလင်တန်ဖြစ်ပြီး ရီပက် ဘလေကန်ပါတီဘက်၌ အိမ်ခြံမြေမီဒီယာသူဌေးကြီး ဒေါ်နယ်လ် ထရမ့်နှင့် သမ္မတဘုရှ်မိသားစုမှ ဂျက်ဘုရှ်တို့ဖြစ်၏။

သူတို့လို ထင်ရှားကျော်ကြား သူ သမ္မတလောင်းများ မဲဆွယ် စည်းရုံးရေးဆင်းရာတွင် သူတို့ ချည်းသာမဟုတ်ဘဲ မိသားစုများ အထူးသဖြင့် ဇနီးခင်ပွန်းများနှင့် အတူတကွ စည်းရုံးရေးဆင်းကြ သည်။ သားသမီးရှိသူများက လည်း သားသမီးများပါ မဲဆွယ် လှုပ်ရှားမှုတွေမှာ ပါဝင်ကြရပါ သည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်သမ္မတဖြစ်လာပါက သမ္မတကတော် မိသားစုသည် လည်း အမေရိကန်နိုင်ငံ၏ တော် ဝင်မိသားစုသဖွယ် အရေးကြီး သည့်မိသားစုဖြစ်လာသည့်အ တွက်ဖြစ်ပါသည်။


အကယ်၍များ ၂၀၁၆ အမေ ရိကန်သမ္မတရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်သမ္မတရွေး ကောက်ပွဲ၌ အနိုင်ရခဲ့ပါက အမေရိကန်အိမ်ဖြူတော်၏ ရာဇဝင် သည်လည်း ပထမဆုံးအကြိမ် တစ်မျိုးတစ်ဖုံပြောင်းလဲသွားမည် ဖြစ်သည်။ ရိုးရာအစဉ်အလာ အမျိုးသားသမ္မတကြောင့်ရှိလာခဲ့ သည့် ဖက်စ်လေဒီ (First Lady)ဆိုသည့် သမ္မတကတော်အစား အမျိုးသမီးသမ္မတ၏ ခင်ပွန်းဖြစ် သဖြင့် သမ္မတ၏ ခင်ပွန်းဖက်စ် ဂျန်းတဲလ်မန်း (First Gentleman)ဆိုသည့်အသုံးကို ပထမဆုံးသုံး လာစရာရှိသည်။

အိမ်ဖြူတော်တွင် အမေရိ ကန်နိုင်ငံ၏ (၄၂)ဦးမြောက် သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် အမှုထမ်းခဲ့သည့် သမ္မတဟောင်း ဘီလ်ကလင်တန်သည်လည်း သမ္မတ၏ခင်ပွန်းအဖြစ် ဇနီးဖြစ် သူ သမ္မတဟီလာရီနှင့်အတူ ပူး တွဲတာဝန်ထမ်းဆောင်ရမည်ဖြစ် ပါသည်။ ဘီလ်ကလင်တန်၏ ရာထူးသည် စိတ်ဝင်စားစရာ ကောင်းသည့်နေရာရာထူးသစ် ဖြစ်လာနိုင်ပါသည်။ သမ္မတ ကတော်များကို အမြဲစောင့်ကြည့် နေရသူ ပြည်သူများအတွက် သမ္မတခင်ပွန်း ဘာတွေလုပ် ဆောင်နေသည်ဆိုတာ လေ့လာဖို့ အသစ်အဆန်း ဖြစ်လာပါလိမ့် မည်။

အကယ်၍ ၂၀၁၆ အမေရိ ကန်သမ္မတရွေးကောက်ပွဲတွင် ဂျက်ဘုရှ် သမ္မတအဖြစ်ရွေးချယ် ခံရပါကလည်း စိတ်ဝင်စားစရာ ဖြစ်လာပါလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် အမေရိကန် သမ္မတကတော်ဖြစ်လာမည့် ဂျက် ဘုရှ်၏ဇနီး ကိုလံဘာဘုရှ်မှာ မက္ကဆီကိုဇာတိဖွား အမေရိကန်-မက္ကဆီကန် တစ်ယောက်ဖြစ် သည့်အတွက် ဖြစ်ပါသည်။ သူ သည် ဂျက်ဘုရှ်နှင့် ၁၉၇၄ တွင် လက်ထပ်စဉ်က အင်္ဂလိပ်လိုပင် မပြောတတ်သဖြင့် ဘုရားကျောင်း က မင်္ဂလာအခမ်းအနားကို စပိန် ဘာသာဖြင့် ပြုလုပ်လက်ထပ်ခဲ့ရ ပါသည်။ သူတို့မှာ သားသမီးသုံး ယောက်ထွန်းကားခဲ့ပြီး မြေးလေး ယောက်ရှိနေပါပြီ။

ဇနီးသည် ကိုလံဘာဘုရှ် သည် မက္ကဆီကန်လူမျိုးတစ် ယောက်ဖြစ်ခြင်းက ဂျက်ဘုရှ်အ တွက် အနှောင့်အယှက်မဖြစ်ဘဲ အင်အားတစ်ခုပင်ဖြစ်ခဲ့ပါသည်။ ဂျက်ဘုရှ်သည် ၁၉၉၉ ကနေ ၂၀၀၇ အထိ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ရာ ကိုလံ ဘာဘုရှ်ကလည်း ပြည်နယ်အုပ် ချုပ်ရေးမှူးကတော်ဖြစ်ခဲ့သည်။ သူ၏ ယောက္ခမဖြစ်သူ ၄၁ ဦး မြောက် အမေရိကန်သမ္မတဘုရှ် ၏ မဲဆွယ်စည်းရုံးရေးများတွင် လည်း သူတို့လူမျိုး အမေရိကန် စပိန်စကားပြောလူမျိုးများကို ကိုလံဘာဘုရှ်က စည်းရုံးမဲဆွယ် ပေးခဲ့သည်။

သူ၏ ဇနီး ကိုလံဘာဘုရှ်က စပိန်စကားပြော မက္ကဆီကန်လူ မျိုးဖြစ်ပြီး မက္ကဆီကိုတွင် မွေးဖွား ခဲ့သူဖြစ်နေသည့်အတွက် သည် အားကိုယူပြီး အမေရိကန်ရှိ စပိန် စကားပြော အမေရိကန်နိုင်ငံသား များကို ဂျက်ဘုရှ်က စည်းရုံးရေး ဆင်းခဲ့ပါသည်။ ၂၀၁၃ တွင် သူရေးသားခဲ့သော လူဝင်မှုရေးရာ အကြောင်း စာအုပ်မှာ မက္ကဆီ ကန်လူမျိုးဇနီးသည်ကို ဂျက်ဘုရှ် က အောက်ပါအတိုင်းအမွှမ်းတင် ခဲ့ပါ၏။

‘‘ကျွန်တော့်ဇနီးရဲ့ကျေးဇူး ကြောင့် ကျွန်တော်ဟာ ယဉ်ကျေး မှုနှစ်မျိုးနဲ့ ရင်းနှီးသူ၊ ဘာသာ စကားနှစ်မျိုးပြောတတ်သူဖြစ် လာတယ်။ ဒါကြောင့် ကျွန်တော့် ဘဝ ပိုကောင်းသွားတယ်။ ကျွန် တော့်ဘဝမှာ ပထမဆုံးအနေနဲ့ ရွှေ့ပြောင်းအခြေချသူတွေရဲ့ဘဝ ကို သိလာခဲ့ရတယ်။ ကျွန်တော့် မိန်းမရဲ့ မက္ကဆီကန်က ဓလေ့ထုံး စံတွေကိုထိန်းသိမ်းထားရင်းနဲ့ တစ်ချိန်တည်းမှာ အမေရိကန် အင်္ဂလိပ်စကားနဲ့ တန်ဖိုးတွေကို လေ့လာသင်ယူချင်စိတ်ကိုလည်း ကျွန်တော်ကျေးဇူးတင်တယ်’’

ထိုနည်းအတူ အိမ်ခြံမြေ သူဌေးကြီး ဒေါ်နယ်လ်ထရမ့်သာ သမ္မတဖြစ်လာပါက အမေရိကန် အတွက် လှပသော ငယ်ရွယ်သည့် အမေရိကန် ဇာတိဖွားမဟုတ် သော သမ္မတကတော်တစ်ဦးကို အမေရိကန်ပြည်သူတွေ မြင်တွေ့ ရပါလိမ့်မည်။ သူဌေးကြီး ဒေါ်နယ်လ်ထရမ့်၏ ဇနီးဖြစ်သူမော်ဒယ်မီလန်နီယာထရမ့်သာ သမ္မတကတော်ဖြစ်လာပါက အမေရိကန်များအတွက် အလှပဆုံးသမ္မတကတော်တစ်ဦးကို ပိုင်ဆိုင်ရပါလိမ့်မည်။

ထို့အတူ သမ္မတကတော်၏ ဥရောပသံဝဲသော အမေရိကန် အင်္ဂလိပ်စကားကိုလည်း ကြားရ ပါလိမ့်မည်။ အဘယ်ကြောင့်ဆို သော် ရီပက်ဘလေကန်သမ္မတ လောင်း ဒေါ်နယ်လ်ထရမ့်၏ ဇနီး မီလန်နီယာထရမ့်သည် ယခင်ယူဂိုဆလားဗီးယားနိုင်ငံလက် အောက်ခံ ဆလိုဗေးနီးယားဒေသ ဇာတိ ဥရောပသူစစ်စစ်ဖြစ်သည့် အတွက်ဖြစ်ပါသည်။ အသက် (၄၅)နှစ်ရှိ မီလန်နီယာထရမ့် သည် ယခင်က ဥရောပက နာ မည်ကြီးမော်ဒယ်တစ်ဦးဖြစ်ပြီး ဖက်ရှင်နှင့် လက်ဝတ်ရတနာဒီ ဇိုင်းများကို ဒီဇိုင်းထုတ်ရောင်းချ သူလည်းဖြစ်၏။ ဒေါ်နယ်လ်ထ ရမ့်နှင့် ၂၀၀၅ မှာ လက်ထပ်ခဲ့ပြီး သူတို့တွင် သားတစ်ယောက်ရှိပါ သည်။

‘‘ဂျက်ကလင်းကနေဒီနဲ့ ဘက်တီဖို့ဒ် (အမေရိကန်သမ္မတ ကတော်ဟောင်းများ)တို့လိုပဲ ကျွန်မက သူ့ကိုအားပေးသွားမှာ ပါ’’ဟု သူဌေးကတော် မီလန်နီ ယာထရမ့်က ဒေါ်နယ်လ်ထရမ့်၏ သမ္မတလောင်းမဲဆွယ်လှုပ်ရှားမှု အပေါ် သူ၏ အနေအထားကို နယူးယောက်တိုင်းသတင်းစာအား ဖြေ ကြားပေးခဲ့၏။

သူတို့ကို ထောက်ခံအားပေး သူများကလည်း ဒေါ်နယ်လ်ထရမ့် သမ္မတဖြစ်ပြီး ဥရောပသူမီလန်နီ ယာသာ သမ္မတကတော်ဖြစ်လာ ပါက အမေရိကန်နှင့် ဥရောပတို့ ၏ ဆက်ဆံရေးပိုကောင်းလာမည် ဟု ယူဆနေကြသည်။ အခြားရီ ပက်ဘလေကန် သမ္မတလောင်း ဂျက်ဘုရှ်က မက္ကဆီကန်လူမျိုး ဇနီးသည်ကို အမွှမ်းတင်နေသလို ဒေါ်နယ်လ်ထရမ့်ကလည်း ဇနီး ဖြစ်သူ ဥရောပသူကို ယခုကဲ့သို့ ချီးမွှမ်းဂုဏ်တင်ခဲ့ပါတယ်။

‘‘သူက သမ္မတကတော်ဖြစ် ချင်ပါလိမ့်မယ်။ ကျွန်တော့်မိန်းမ က အရမ်းကို သူ့ကိုယ်သူယုံကြည် မှုရှိတဲ့လူစားမျိုး။ စတိုင်ကလည်း အဆင့်အတန်းမြင့်တယ်။ တကယ့်ကို လူတွေသဘောကျရတဲ့ သမ္မတကတော်ဖြစ်လာပါလိမ့်မယ်’’

အမေရိကန်နိုင်ငံတွင် သမ္မတလောင်းများက ကိုယ့်နိုင်ငံဖွားမဟုတ်သည့် တိုင်းတစ်ပါး သားဇနီးသည်များ၏ အင်အားကိုပါသုံးပြီး မဲဆွယ်စည်းရုံးလှုပ်ရှား နေချိန်မှာ မြန်မာနိုင်ငံက အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကွယ်လွန်သူ ဗြိတိသျှလူမျိုး ခင်ပွန်းသည်နှင့် သားနှစ်ဦးကြောင့် သမ္မတအဖြစ် ရွေးချယ်ယှဉ်ပြိုင်ခွင့်ကို တားမြစ် ခံခဲ့ရသည်။ အခြားနိုင်ငံတွေမှာ မတူကွဲပြားတာကို အင်အားတစ် ခုလုပ်အသုံးချနေချိန်မှာ မြန်မာ ပြည်မှာတော့ ကိုယ်နှင့်မတူ ကိုယ့်ရန်သူသာဖြစ်ပါ၏။

သို့သော် နေရာတကာတိုင်းမှာ မြန်မာနှင့် အမေရိကန်ကိုယှဉ်လို့မရ။ ယနေ့ အမေရိကမှာလည်း ယနေ့ မြန်မာပြည်ဖြစ်သလို လူလူချင်း ဘာသာရေး၊ လူမျိုးရေးခွဲ ခြားမှုများရှိခဲ့ဖူးပါသည်။ အမေရိကန်၏ လူဖြူ၊ လူမည်းခွဲခြားမှုများသည်မှာ ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုများထက်ပင် သမိုင်းကြောင်းဆိုးခဲ့သေးသည်။ ပြင်းထန်ခဲ့သေးသည်။ သို့သော် ထိုအရာတွေက လွန်ခဲ့သော အနှစ်၅၀ ကျော်ကဖြစ်ပါသည်။

ယနေ့အချိန်မှာတော့ အမေရိကန်တို့က သည်ခွဲခြားမှုတွေ၊ မတူညီမှုတွေကို အတိတ်မှာထားခဲ့ကြပြီး မတူညီမှုတွေကို အင်အား အဖြစ် အသုံးချနေကြသည်။ အမေရိကန်နိုင်ငံဖွား တရုတ်လူ မျိုး၊ အိန္ဒိယလူမျိုး၊ ဥရောပတိုင်းသား စသည့်အမေရိကန်သို့ အခြေချလာသူ ဘာသာမတူနောက်ကြောင်းမတူ လူမျိုးပေါင်းစုံ၏ အင်အားကိုအသုံးချပြီး ကမ္ဘာ့အင် အားကြီးနိုင်ငံအဖြစ် တည်ဆောက်ထား၏။ ဂျက်ဘုရှ်နှင့် ဒေါ်နယ်လ်ထရမ့်လို သမ္မတလောင်းတွေ ကိုယ်တိုင်က အမေရိကန်ဇာတိဖွားမဟုတ်သော သူတို့ဇနီးသည် များ၏ အင်အားကိုယူပြီး မဲဆွယ် နေကြပြီဖြစ်သည်။

မြန်မာနိုင်ငံမှာတော့ ခွဲခြားမှုများက အရှိန်ကောင်းတုန်း။ လူတွေကို စာရိတ္တဖြင့် လူဆိုးလူကောင်းခွဲခြားဖို့ထက် ကိုယ်နှင့် အယူဝါဒ မတူကွဲပြားသူကို ရန်သူဟုထင် မြင်တိုက်ခိုက်ကောင်းနေကြတုန်းသာဖြစ်၏။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် အာဏာရပါက မွတ်စလင်နိုင်ငံဖြစ်လာမည်ဆိုသောစကားကိုလည်း အလွယ်တကူယုံကြည်တုန်းဖြစ်၏။ ထို့ကြောင့်လည်း ယခုကဲ့သို့ မီးပြတ်ပြတ်ထဲမှာ နေ သားကျသလို နောက်ထပ်အနှစ် ၅၀ လောက် ဆက်နေကြရုံသာ။

7day daily
Previous
Next Post »
Powered by Blogger.