အသက် ၉၁ နှစ်အရွယ် အမေအိုကို စောင့်ရှောက်နေတဲ့ လက် မရှိတဲ့ သား


ငယ်စဉ်တုန်းက မတော်တဆမှုတစ်ခုကြောင့် လက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ပေမယ့် တရုတ်လယ်သမားတစ်ဦး ဖြစ်တဲ့ ချန်ဇင်းရင်ဟာ အသက် ၉၁ နှစ်ရှိနေပြီဖြစ်တဲ့ အမေအိုကို ပြု စုစောင့်ရှောက်နေတဲ့ သားလိမ္မာတစ်ဦး ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် ချောင်ကွင်မြို့မှာ နေထိုင်နေတဲ့ ဇင်းရင်ဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပြင် သူ့အမေကို ပြုစုစောင့်ရှောက်ရာမှာ ပါးစပ်နဲ့ ခြေထောက်နှစ်ဖက်ကိုပဲ အသုံးပြုတာ ဖြစ်ပါတယ်။

သူ့မှာ လက်မရှိပေမယ့် ခြေထောက်တွေတော့ ကောင်းသေးတယ်လို့ မီဒီယာတွေကို ဖွင့်ဟခဲ့တဲ့ ဇင်းရင်က အစောပိုင်းတုန်းက တောင်းစားပြီး ၀င်ငွေရှာဖို့ စဉ်းစားမိပေမယ့် နောက်ဆုံးတော့ အလုပ်ပဲ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဇင်းရင်ဟာ သူ အသက် ၇ နှစ်အရွယ်မှာ လျှပ်စစ်မတော်ဆမှုကြောင့် လက် နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့အစ်မနှစ်ယောက် အိမ်ထောင်ပြုသွားချိန်မှာ အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ သူ့အဖေနဲ့ အကိုကလည်း သူ့အသက် ၂၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဇင်းရင်ဟာ ထမင်းဟင်းချက်တာ၊ လယ်စိုက်တာနဲ့ အိမ်အလုပ်အားလုံးကို ခြေထောက်နဲ့ ပါးစပ်ပဲ သုံးပြီး လုပ်နိုင်အောင် လေ့ကျင့်ခဲ့ပါတယ်။

သူ ခြေချောင်းတွေနဲ့ မီးမွှေးတာ၊ သစ်ခုတ်တာတွေ လုပ်နိုင်သလို အိမ်မှာ ၀က်တွေ၊ ကြက်တွေနဲ့ အပင်တွေလည်း စိုက်ထားပါတယ်။ အခုဆိုရင် သူ့မှာ ဆိတ်အကောင် ၂၀ တောင် ရှိတာမို့ နေ့လယ်ဆိုရင် ဆိတ်ကျောင်းတဲ့ အလုပ်လည်း လုပ်ရပါသေးတယ်။ ဇင်းရင်ရဲ့အမေဟာ လွန်ခဲ့တဲ့ လအနည်းငယ်က စပြီး ကျန်းမာရေးမကောင်းဖြစ်လာတာမို့ သူ့အမေကို ဟင်းချက်ကျွေးရသလို တနေ့ ဆေး ၃ ကြိမ်လည်း တိုက်ရပါတယ်။ သူရဲ့ပါးစပ်သုံးပြီး သူ့အမေကို ထမင်းခွံ့ကျွေးရတာမို့ အစ်မဖြစ်သူက အကူအညီ ပေးမယ်လို့ ပြောပေမယ့် ဇင်းရင်က လက်မခံခဲ့ပါဘူး။

သူတို့နေထိုင်တဲ့ရွာမှာ နေကြသူတွေကတော့ ဇင်းရင်ရဲ့ စိတ်ဓါတ်မကျတဲ့ ဇွဲ၊လုံ့လနဲ့ မိခင်အပေါ် သိတတ်သူတွေအတွက် မချီးကျူးပဲ မနေနိုင်ကြသလို တရုတ်အွန်လိုင်း မီဒီယာပေါ်မှာ သူ့အကြောင်း တွေ့မြင်၊ကြားသိရတဲ့သူတွေကလည်း မျက်ရည်လည်မိကြပြီး ဇင်းရင်ဟာ စံထားရမယ့် လူတစ်ယောက်ဖြစ်တာမို့ သူ အသက်ရှည်ကျန်းမာဖို့လည်း ဆုတောင်းပေးနေကြပါတယ်။

Planet Myanmar
Previous
Next Post »
Powered by Blogger.