ကမ္ဘာပေါ်မှာ အစွမ်းထက်၊အထိရောက်ဆုံးဖြစ်တဲ့ Fav-Afrique မြွေဆိပ်ဖြေဆေးဟာ လာမယ့်နှစ်ထဲမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အခုထက်ထိ မြွေဆိပ်ဖြေဆေးအသစ် အစားမထိုးနိုင်သေးကြောင်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။
Fav-Afrique မြွေဆိပ်ဖြေဆေးဟာ အာဖရိကတိုက်မှာ အတွေ့ များတဲ့ မြွေကိုက်မှု အမျိုးအစား ၁၀ မျိုး ကို ကုသပေးနိုင်တဲ့အတွက် နာမည်ကျော်တဲ့ ဖြေဆေးတစ်မျိုးဖြစ်ပြီး အခုအခါမှာ ဆေးလက်ကျန်နည်းပါးနေကာ နောက်ဆုံးကျန်ရှိနေတဲ့ဆေးတွေဟာလည်း ၂၀၁၆ ခုနှစ် ဂျူလိုင်လမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
အဆိုပါ မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်တဲ့ Sanofi Pasteur ကုမ္ပဏီက၊ Fav-Afrique မြွေဆိပ် ဖြေဆေးဟာ ကုန်ကျစရိတ်အလွန်မြင့်မားတာကြောင့် တွက်ချေမကိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုလို မြွေဆိပ်ဖြေဆေးပြတ်တောက်မှု စိုးရိမ်ရဖွယ်အန္တရာယ်ကို အသိပေးခဲ့တဲ့ နယ်စည်းမခြားဆရာဝန်များအသင်း Medicins Sans Frintieres (MSF) ရဲ့ ပြောကြားချက်အရ တခြား အစားထိုးဖြေဆေးတွေကလည်း သိပ်ထိရောက်မှု မရှိဘူးလို့ ဆိုပါတယ်။
“ မြွေကိုက်ခံရတဲ့လူအများစုဟာ သူတို့ ကို ကိုက်လိုက်တဲ့မြွေက ဘာအမျိုးအစားလဲဆိုတာ မသိကြပါဘူး။ ဒါကြောင့်မို့ လို့ မြွေဆိပ်အမျိုးမျိုးကို ဖြေပေးနိုင်တဲ့ မြွေဆိပ်ဖြေဆေးက တကယ့်ကို အရေးကြီးလိုအပ်ပါတယ်။ ဒီ အဆိပ်ဖြေဆေးသာ မရရှိဘူးဆိုရင်၊ လူအများအပြား မလိုလားအပ်ဘဲ သေဆုံးရမှာကို ကျွန်တော်တို့ စိုးရိမ်မိတယ်” လို့ MSF က ပြောကြားခဲ့ပါတယ်။
Sanofi Pasteur ကုမ္ပဏီဟာ တွက်ခြေမကိုက်တာကြောင့် Fav-Afrique ဖြေဆေးကို ယမန်နှစ်ထဲက ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပြီး အခုအခါ ခွေးရူးပြန်ကာကွယ်ဆေး ပြောင်းထုတ်နေပါတယ်။ ကုမ္ပဏီဟာ အဆိုပါမြွေဆိပ်ဖြေဆေးကုထုံးကို တခြားကုမ္ပဏီတစ်ခုခုကို လွှဲပြောင်းရောင်းချဖို့ လေလံခေါ်ထားပါတယ်။
ဆာဟာရသဲကန္တာရတောင်ပိုင်း၊အာဖရိကနယ်ပယ်တွေမှာ တစ်နှစ်ကို လူပေါင်း သုံးသောင်းလောက် မြွေကိုက်ခံရမှုကြောင့် သေဆုံးလျက်ရှိပြီး နောက်ထပ် လူပေါင်း ၈၀၀၀ လောက်ဟာ မြွေကိုက်မှုကြောင့် ခြေလက်ဖြတ်တောက်ခဲ့ရပါတယ်။
Ye Wint - သစ်ထူးလွင်
Ref: Mirror
Sign up here with your email
ConversionConversion EmoticonEmoticon