ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသူတစ်ဦး စာမေးပွဲဖြေဆိုရန် သွားရောက်စဉ် ကားမှတ်တိုင်တွင် တို့ဆေးမိ၍ စာမေးပွဲ မဖြေဆိုလိုက်ရသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့


ကွန်ပျူတာတက္ကသိုလ် ပထမနှစ် ကျောင်းသူတစ်ဦး စာမေးပွဲ သွားရောက်ဖြေဆိုရန် သွားရောက်စဉ် လမ်းတွင် တို့ဆေးမိ၍ စာမေးပွဲမဖြေဆိုလိုက်ရသည့် အပြင် ဝတ်ဆင်ထားသော လက်ဝတ် ရတနာ၊ ငွေကြေးအနည်းငယ်နှင့် ကျောင်းသုံးပစ္စည်းများ ယူဆောင်သွားခြင်း ခံခဲ့ရကြောင်း အဆိုပါကျောင်းသူထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကျောင်း သူသည် ဒုတိယနေ့ စာမေးပွဲ သွားရောက် ဖြေဆိုရန်အတွက် အင်းစိန် လမ်းမရှိ လှည်းတန်းကားမှတ်တိုင် တွင် ကားစီးရန် စောင့်ဆိုင်းနေစဉ် အသက် ၅၀ နီးပါး အရွယ်ရှိ အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး၊ ၎င်း၏ လက်ကိုကိုင်၍ ကားမှတ်တိုင်မေးရာ မှ အစပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ညီမကို ကားမှတ်တိုင် ဘယ်မှာစီးရလဲဆိုတာ မေးတယ်။ ပြီးတော့ လက်ကို လာကိုင်တယ်။ နောက်ပိုင်း ကိစ္စတွေကိုတော့ မမှတ်မိတော့ဘူး။ ကားပေါ်မှာ အိပ်ပျော်သွားတယ် ထင်တယ်။ ကားစပယ်ယာက ဂိတ်ဆုံးနေပြီ ဆိုပြီး လာနှိုးတယ်။ ကြည့်လိုက်တော့ မှော်ဘီဘက်ကို ရောက်နေပြီ။ ဆူးလေ- မှော်ဘီ ကားပေါ်ရောက်နေတာကို သိရတယ်။ ညီမဆီမှာ ဘာပစ္စည်းမှ မရှိတော့ဘူး။ ပိုက်ဆံလဲ မရှိတော့ဘူး။ အဲဒါနဲ့ ညီမလဲ ကားသမား ဦးလေးတွေကို ငိုပြီး အကူအညီ တောင်းတယ်။ သူတို့ အကူအညီနဲ့ပဲ အိမ်ကို ပြန်ရောက် လာခဲ့တယ်။ အိမ်ရောက်တဲ့အထိ ဆေးက အရှိန်မပြေသေးဘူး။ ခေါင်းတွေ အရမ်းမူးနေတယ် ” ဟု ယင်းက ဆက်လက် ပြောသည်။

ထိုဖြစ်စဉ်ကြောင့် ယင်းကျောင်းသူ၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးတစ်ကုံး၊ လွယ်အိတ်၊ ဖုန်း၊ စာမေးပွဲဖြေရန် ယူဆောင်လာသော စာရွက်စာတမ်းများနှင့် ငွေကျပ်ငါးထောင်တို့ ယူဆောင်သွားခြင်း ခံခဲ့ရကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တိုင်ကြားထားခြင်း မရှိကြောင်း သိရသည်။

ယင်းကျောင်းသူ၏ မိခင်ဖြစ် သူက ” ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အန်တီတို့ဘက်က ရဲတွေ ဘာတွေတော့ တိုင်ထားတာ မရှိပါဘူး။ အရင်ကတော့ အန်တီတို့ လှည်းတန်းအနီး တစ်ဝိုက်မှာ ဒီလို အဖြစ်အပျက်မျိုး ခဏ ခဏ ဖြစ်တယ်။ အန်တီတို့ကလဲ သမီးလေးဖြစ်တော့ တော်တော်လေးကို စိုးရိမ်သွားတယ်။ မိန်းကလေးလဲ ဖြစ်တယ်။ ပစ္စည်းယူသွားတာအပြင် အခြားဘာမှ ထိခိုက်နစ်နာမှု မရှိပါဘူး။ အခြား မိန်းကလေးတွေလဲ ကိုယ့်သမီးလေးလို ဖြစ်မှာ စိုးရိမ်မိတယ်။ လှည်းတန်းလို နေရာမျိုးမှာ ဒီလိုအဖြစ်တွေ ရှိနေတယ်ဆိုတာကို သူများတွေကိုလဲ သိစေချင်တယ်။ ဒါမှ တခြားသူတွေလဲ ဆင်ခြင်နိုင်မှာ ” ဟု ပြောသည်။

ယင်းဖြစ်ရပ်ကြောင့် အဆိုပါ ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကျောင်းသူ အနေဖြင့် စာသင်နှစ် တစ်နှစ် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရသည် ဟု ယင်း၏ အစ်မဖြစ်သူက ပြောပြသည်။

ယင်း စာမေးပွဲသည် ကွန်ပျူတာတက္ကသိုလ် ဖိုင်နယ် စာမေးပွဲဖြစ်ကြောင်း သိရသည်။

‪‎Democracytoday‬
Previous
Next Post »
Powered by Blogger.