အစောင့်တွေတောင် အထဲ မ၀င်ရဲတဲ့ ကြောက်စရာအကောင်းဆုံး ကမ္ဘာ့အကျဉ်းထောင်


ပီနက်စ်ဆီရူဒက်ဘာရီရို့စ်လို့ ခေါ်တဲ့ အကျဉ်းထောင်ဟာ အယ်ဆာဗေဒိုးနိုင်ငံက မာရာဆယ်ဗာထရူချာ လူဆိုးဂိုဏ်းသားတွေချည်းပဲ နေထိုင်တဲ့ ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံး အကျဉ်းထောင်တစ်ခု ဖြစ်ပါတယ်။ ဒီထောင်ကို ထောင်သား ၈၀၀ လောက် နေထိုင်ဖို့ ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပေမယ့် ခုချိန်မှာတော့ အကျဉ်းသား ပေါင်း ၂၅၀၀ လောက်နေထိုင်နေကြပြီး သူတို့ဘာသာ ဆေးရုံတွေ၊ ပေါင်မုန့်ဖုတ်လုပ်ငန်းတွေနဲ့ သီးသန့်နေထိုင် နေတာမို့ ဘယ်အစောင့်မှ အထဲကို မ၀င်ရဲဘူးလို့ သိရပါတယ်။

အယ်ဆာဗေဒိုးနိုင်ငံမှာ ၁၂ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ၁၉၉၂ မှာ ရပ်တန့်သွားပြီးတဲ့နောက် နိုင်ငံတွင်းက လူသတ်မှုဖြစ်ပွားမှု ရာခိုင်နူန်းက မြင့်တက်လာ ခဲ့ပါတယ်။ ပီနက်စ်ထောင်ထဲမှာ နေထိုင်နေကြတဲ့ မာရာဂိုဏ်းသားတွေဟာ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ တက်တူးတွေ အပြည့်ထိုးထားပြီး ဒီတက်တူးတွေကို ကြည့်ရင် သူတို့ ဘာအလုပ်လုပ်သလဲ ဆိုတာနဲ့ ဘယ်လို ပြစ်မှုတွေ ကျူးလွန်ခဲ့လဲဆိုတာ သိနိုင်တယ်လို့ ဆိုပါတယ်။ ဒီထောင်ထဲက မာရာဂိုဏ်းသားတွေဟာ သူတို့ဘာ သူတို့ သီးသန့်ဒေသလေးတစ်ခုအဖြစ် ဖန်တီးထားပြီး ပေါင်မုန့်ဖို၊ ဆေးရုံ၊ ၀ပ်ရှော့တွေနဲ့ ပြန်လည်ထူထောင်ရေး စခန်းတွေကိုလည်း ကိုယ်ပိုင်အဖြစ် ဖန်တီးထားကြတာ ဖြစ်ပါတယ်။ အယ်ဆာဗေဒိုးအစိုးရရဲ့လုံခြုံရေးတပ်ဖွဲ့ တွေ လုပ်နိုင်တာက ပီနက်စ်ထောင်အပြင်ဘက်မှာ နေပြီး ထောင်သားတွေ အပြင်ကို ထွက်မလာစေဖို့ စောင့် ကြည့်တာပဲ ဖြစ်ပါတယ်။

အယ်ဆာဗေဒိုးမှာ ကိစ္စတစ်ခုကြောင့် အဖမ်းခံရမယ်ဆိုရင်တောင် အစိုးရက ဒီလူကို အဲ့ဒီထောင်ထဲ ထည့်လိုက်ပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်အောင် လုပ်လိုက်မှာပဲ ဖြစ်ပါတယ်။ အယ်ဆာဗေဒိုးအစိုးရရဲ့ ကြေညာချက်အရ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လူသတ်မှုပေါင်း ၉၁၁ မှု ဖြစ်ပွားခဲ့ပြီး ၅၂ မှုက သြဂုတ်လ ၂၃ ရက်တစ်ရက်တည်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အယ်ဆာဗေဒိုးမှာ ဒီနှစ်ဇန်န၀ါရီလကနေ ပြီးခဲ့တဲ့ သြဂုတ်လအထိ လူသတ်မှုပေါင်း ၄,၂၄၆ မှု ဖြစ်ပွားခဲ့တာမို့ ရှစ်လတာအတွင်း တစ်ရက်ကို လူသတ်မှု ၁၇.၅ မှု လောက် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၂၀၁၄ ဇန်န၀ါရီကနေ သြဂုတ်လအထိ လူသတ်မှု ဖြစ်ပွားနူန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၆၇ ရာခိုင်နူန်းလောက် မှုခင်းဖြစ်ပွားမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်မှာ အယ်ဆာဗေဒိုးမှာ မာရာနဲ့ ဘာရီရို ၁၈ ဆိုပြီး လူဆိုးဂိုဏ်းနှစ်ဂိုဏ်း ကွဲသွားခဲ့တာမို့ ၂၀၁၃ နှစ်လယ်ပိုင်းမှာ တစ်နေ့ကို လူသတ်မှု ၅ မှုလောက် ဖြစ်တော့တဲ့အထိ လူသတ်မှုဖြစ်ပွားနူန်း ကျဆင်းသွားခဲ့ပါတယ်။ ဒီနှစ်မှာတော့ အယ်ဆာဗေဒိုးဟာ ဟွန်ဒူးရပ်စ်ကို ကျော်ဖြတ်ပြီး ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး လူပေါင်းတစ်သိန်းမှာ လူသတ်မှု ဖြစ်ပွားနူန်း ၉၀.၄ အထိ ရှိနေတယ်လို့ သိရပါတယ်။

Planet Myanmar
Previous
Next Post »
Powered by Blogger.