သမ္မတနှင့် လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ တွေ့ပြီးရင် အပစ်ရပ်လက်မှတ်ထိုးမည့်နေ့ ကြေညာမည်


သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပြီးရင် တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးမယ့်နေ့ကို ကြေညာမယ်လို့ ၀န်ကြီးဦးအောင်မင်းက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ၀န်ကြီး ဦးအောင်မင်းက လာရောက်ရှင်းလင်းတင်ပြခဲ့အပြီး လွှတ်တော်ကပြန်အထွက် သတင်းသမား တွေ မေးတာကို အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“သူတို့ထဲကနေ ထိပ်သီးခေါင်းဆောင် ၅ ယောက်လာမယ်၊ သမ္မတကြီးနဲ့ တွေ့မယ်။ ဘယ်နေ့ လက်မှတ်ထိုးမယ်ဆိုတဲ့ ရက်ကို ပေးမယ်။ အဲ့ဒီတော့ အဲ့ဒီရက်ရမှာ ကျနော် ကြေညာမယ်။ အခုကတော့ သူတို့ လာဖြစ်လား မလာဖြစ်လား ကျနော်လည်း မသိတော့ ကျနော်လည်း မပြောရဲဘူးဗျ။ တော်ကြာ စကားကျွံသွားမှာ၊ နောက်ဆုံးအဆင့်ကတော့ အဲ့ဒါပဲ။”

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ခု လောက်က လက်မှတ်ထိုးမယ်လို့ ပြောဆိုထားပြီး ၄-၅ ဖွဲ့လောက် ကျန်တယ်လို့လည်း ဦးအောင်မင်းက ပြောသွားပေမယ့် ဘယ်အဖွဲ့တွေ ဆိုတာတော့ အတိအကျ ပြောမသွားပါဘူး။

တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်လာပြီး သမ္မတနဲ့တွေ့မယ့်ရက်ကို တိုင်းရင်းသားတို့ဘက်က စက်တင်ဘာ ၁၇-၁၈ ရက်လောက် အဆိုပြုထားပြီး အစိုးရဘက်က ဒီ့ထက် စောစောလာဖို့ ညှိနေကြပါတယ်။

သြဂုတ် ၂၁ ကနေ ၂၄ ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တို့ရဲ့ ထိပ်သီးစည်းဝေးပွဲအပြီး ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ထိပ်သီးခေါင်းဆောင် ၅ ယောက်နဲ့ တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ၃ ယောက်၊ စုစုပေါင်း ၈ ယောက်တို့ နေပြည်တော် သွားပြီး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့မယ်၊ အပစ်ရပ်လက်မှတ်ထိုးတဲ့ အခါ တပ်ဖွဲ့အားလုံးပါဝင်ရေးမူကို သွားရောက်ဆွေးနွေးကြမယ်လို့ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၅ခုနဲ့ လက်မှတ်ထိုးဖို့ တဖွဲ့ချင်းစီထံ ဖိတ်စာပို့ထားပြီး တိုင်းရင်းသားတို့ဘက်က တပ်ဖွဲ့အားလုံးလက်မှတ်ထိုးနိုင်ဖို့ တောင်းဆို ထားတာ ဖြစ်ပါတယ်။

DVB
Previous
Next Post »
Powered by Blogger.