ရွှေဘိုနယ်တစ်ဝိုက်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမြင့်တက်နေပြီး ခုတင်၂၀၀ ဆံ့ ရွှေဘိုပြည်သူ့ဆေးရုံတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် တက်ရောက်ကုသနေရသည့် ကလေးငယ် ရာချီကာရှိနေကြောင်း တာဝန်ကျကျန်းမာရေးဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
နေရာထိုင်ခင်း မလုံလောက်မှုကြောင့် ပွဲဈေးတန်းတစ်ခုအသွင် ဖြစ်နေသော ရွှေဘိုခရိုင် ကလေးကုသဆောင်များတွင် အဖျားရောဂါ အပြင်းအထန်ခံစားနေရသည့် ကလေးများပင် ကုသမှုခံယူရန် ကြမ်းပြင်ပေါ်၌ စောင့်ဆိုင်းနေကြရပြီး ဆေးရုံတက်ရောက်ရာတွင် အခက်အခဲများစွာရှိနေကြောင်း လူနာရှင်များက ဆိုသည်။
“ကျွန်မကလေးက အဖျား ၁၀၅ ထိရှိနေတယ်။ သူ့ကို ရေပတ်တိုက်ပေးဖို့ ဆရာဝန်က ညွှန်ကြားပေမယ့် နေရာမရတဲ့အတွက် ကလေးကိုပွေ့ပြီး ကြမ်းပေါ်မှာ ထိုင်စောင့်နေရတာ။ သွေးလွန်တုပ်ကွေးလူနာတွေက ဆေးရုံမှာ ပြည့်ကျပ်နေတယ်”ဟု ဥယျာဉ်တော်ကျေးရွာမှ ရွှေဘိုဆေးရုံသို့ လာရောက်ကုသခံနေသည့် ကလေးမိခင်တစ်ဦးက ဆိုသည်။
သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရသည့် ကလေးငယ်အမြောက်အမြားအတွက် လူနာစောင့်များ ထိုင်ရန် စီစဉ်ထားသော သစ်သားခုံများကို ခုတင်အဖြစ် အသုံးပြုထားရပြီး ဒုက္ခသည်စခန်းသဖွယ် ဖြစ်နေသော ဆေးရုံ၏အခြေအနေကြောင့် မလုံခြုံမှုကိုလည်း ခံစားနေရကြောင်း လူနာရှင်များက ဆိုသည်။
“ရောဂါဝေဒနာခံစားနေရတဲ့ ကလေးတွေအတွက်တောင် နေရာမရှိတော့ လူနာစောင့်တွေ၊ ဈေးသည်တွေနဲ့ ဆေးရုံက ဒုက္ခသည်စခန်းလိုဖြစ်နေတယ်။ နေရတာက ဘယ်လိုမှ စိတ်လုံခြုံမှုမရှိဘူး”ဟု ရွှေဘိုဆေးရုံ၌ တက်ရောက်ကုသနေသည့် ခင်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသော ရာသီချိန်ရောက်တိုင်း ရွှေဘိုပြည်သူ့ ဆေးရုံတွင် နေရာထိုင်ခင်းပြဿနာကို ကြုံ တွေ့နေရခြင်းဖြစ်ပြီး ယခုနှစ်တွင် ပိုမိုဆိုးရွားလျက်ရှိကြောင်း သိရသည်။
“ပုံမှန်ဆိုရင် ဆေးရုံက မကျန်းမာတဲ့သူတွေ ကျန်းမာလာအောင် ကုသတဲ့နေရာပဲ။ အခုတော့ ကျန်းမာတဲ့သူတွေတောင် ဖျားနာကုန်တဲ့နေရာဖြစ်နေတယ်”ဟု လူနာရှင်မိဘတစ်ဦးက ပြောကြားသည်။
ရွှေဘိုနယ်ရှိ အချို့ကျေးရွာများတွင် တစ်ရွာလုံးရှိ ကလေးငယ်များမှာ သွေးလွန်တုပ်ကွေးရောဂါကို ခံစားနေကြရပြီး တစ်ရာသီအတွင်း ဒုတိယအကြိမ် ထပ်မံဖြစ်ပွားသူများ၊ သေဆုံးမှုများလည်းရှိနေကြောင်း သိရသည်။
“ဒီလို စိုးရိမ်စရာအခြေအနေတစ်ရပ်မှာ ကျွန်တော်က ကိုယ်တတ်နိုင်သလောက် လုပ်ချင်တယ်။ ဒါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားချိန်မှာ ခြင်ဆေးဖျန်းခွင့်ရဖို့ ပညာရေးမှူးရုံးကိုသွားပြီး ခွင့်တောင်းတယ်။ သူတို့က ကျောင်းကျန်းမာရေးရှိတယ်ဆိုပြီး ငြင်းလိုက်တယ်။ မြို့စွန်ရပ်ကွက်တစ်ခုကို သွားတော့လည်း အုပ်ချုပ်ရေးမှူးက သူ တာဝန်မယူနိုင်ဘူးလို့ပြောတယ်။ ဒါတွေက မဖြစ်သင့်ဘူး”ဟု ရွှေဘိုမြို့ခံ ဦးသိင်္ဃက ပြောကြားသည်။
ရွှေဘိုပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးတစ်ဦးက သွေးလွန်တုပ်ကွေးရောဂါ မြင့်တက်မှုနှုန်းသည် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ဘဲ နိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် မဖြစ်မနေ ရေးဆွဲသင့်ပြီဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
“ဖုံး၊ သွန်၊ လဲ၊ စစ်လောက်နဲ့ ဖြေရှင်းလို့မရဘူးဆိုတာ ပေါ်လွင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူနေမှုနဲ့ ကျန်းမာရေးအသိပညာကို ပြောင်းလဲပစ်နိုင်မှ ရမှာပါ။ အခုဖြစ်နေတဲ့ ပြဿနာကိုဖြေရှင်းဖို့ စည်ပင်၊ ကျေးလက်ဖွံ့ဖြိုးရေးတို့လို ဌာနတွေအပြင် နိုင်ငံတော်အဆင့်စီမံချက်နဲ့ သွားသင့်ပြီ။ ဒီနှစ်ဆိုရင် သွေးလွန်တုပ်ကွေးရာသီက သုံးလလောက်ကြာမြင့်နေပြီ။ ဒီရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့ဘဏ္ဍာရော၊ ပြည်သူလူထုရဲ့ငွေကြေးရော ဆုံးရှုံးမှု အင်မတန်များပြားလွန်းပါတယ်”ဟု အထူးကုဆရာဝန်ကြီးက ပြောကြားသည်။
ရွှေဘိုခုတင်၂၀၀ဆံ့ ဆေးရုံတွင် လက်ရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအခြေအနေ၏ အသေးစိတ်ကို သွားရောက်မေးမြန်းခဲ့သော်လည်း ဒုတိယဆေးရုံအုပ်က ဆေးရုံအုပ်ကြီး ခရီးသွားနေချိန်တွင် ၎င်းအနေဖြင့် ဖြေပိုင်ခွင့်မရှိကြောင်း ငြင်းဆန်ခဲ့သည်။
ရဲရင့်အောင် - Eleven News
Sign up here with your email
ConversionConversion EmoticonEmoticon