လျှို့ဝှက်တိကျတဲ့ ဟင်းခတ်အမွှေးအကြိုင်အမယ်ပေါင်း ၁၁ မျိုးနဲ့ဖန်တီးထားပြီး နိုင်ငံတကာမှာ လူအများနှစ်ခြိုက်ကြတဲ့ KFC ရဲ့ Original Recipe ကြက်ကြော်အရသာအတိုင်း မြန်မာနိုင်ငံသားတွေ ခံစားနိုင်စေဖို့အတွက် ကမ္ဘာကျော် KFC ဆိုင်ခွဲကို မြန်မာနိုင်ငံမှာ ဇွန် ၃ဝ ရက်နေ့က ဖွင့်လှစ်လိုက်ပါပြီ။
မြန်မာနိုင်ငံကိုဝင်ရောက်လာဖို့ သေချာအချိန်ယူပြင်ဆင်ခဲ့ရတဲ့ KFC ရဲ့ထူးခြားချက်ကတော့ အစားအသောက်တွေအတွက် ယုံကြည်စိတ်ချရမှုပဲဖြစ်ပြီး သေချာလေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေရဲ့ဝန်ဆောင်မှုတွေနဲ့အတူ လူတိုင်းလက်လှမ်းမီနိုင်တဲ့ဈေးနှုန်းကြောင့် စားသုံးသူတွေ စိတ်ချမ်းသာရစေမယ်လို့ မမေသူခိုင်က ပြောပြပါတယ်။ ထမင်းကိုနှစ်ခြိုက်တဲ့ မြန်မာလူမျိုးတွေအတွက် ထမင်းနဲ့ KFC ကြက်ကြော်အပြင် Curry Rice ဆိုတဲ့ Rice Box တစ်ခုကိုလည်း ဖန်တီးမိတ်ဆက်ပေးထားတယ်လို့ ဆိုပါတယ်။
KFC မှာ နေ့လည်စာတစ်နပ်အတွက် ၁၅ဝဝ နဲ့ ၂ဝဝဝ ကြား ကျသင့်မှာဖြစ်ပြီး အစာပြေစားချင်သူတွေအတွက် ကော်ဖီတစ်ခွက်နဲ့ကြက်ဥပူတင်းမုန့်တစ်ခုကို ၁၆ဝဝ ကျပ်နဲ့ ရောင်းချပေးမှာမို့ ဈေးနှုန်းတွေကို လူတန်းစားမျိုးစုံစားနိုင်အောင် သတ်မှတ်ပေးထားတယ်လို့ ပြောပါတယ်။
YOMA Strategic Holdings က မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ဖွင့်လှစ်လိုက်တဲ့ ဗိုလ်ချုပ်လမ်းပေါ်က ပထမဆုံး KFC ဆိုင်ခွဲမှာ လာရောက်စားသောက်ကြမယ့်လူငယ်တွေအတွက် Tech Zone အပါအဝင် ဒီဇိုင်းအရ ဇုန် ၈ ဇုန်ဖန်တီးထားတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေအတွက် KFC ဟာ အကောင်းဆုံးအစားအစာဖြစ်လာမယ်လို့ယုံကြည်တယ်ဆိုတဲ့ Managing Director JR Ching ကတော့ စားသုံးသူတွေအတွက် အစားအသောက် အရည်အသွေးပိုင်းနဲ့ ယုံကြည်စိတ်ချရမှုတို့မှာ နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့အညီ လုပ်ပေးထားတာဖြစ်လို့ တခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံမှာ တန်းတူဝန်ဆောင်မှု၊ အခွင့်အရေးတွေရမှာဖြစ်တဲ့အပြင် ထူးခြားတဲ့အတွေ့အကြုံအသစ် ဖြစ်လာမယ်လို့ ပြောပါတယ်။
မြန်မာတွေကို KFC ကြက်ကြော်ရဲ့ မပြောင်းလဲတဲ့အရသာ အစစ်အမှန်ကို ခံစားစေချင်ပြီး အဓိကကြက်သားတွေကို နိုင်ငံခြားကနေတင်သွင်းတာမဟုတ်ဘဲ ပြည်တွင်းကလတ်ဆတ်တဲ့ ကြက်သားတွေကိုပဲ အသုံးပြုတယ်လို့ ပြောပါတယ်။ ၂ဝ၁၅ အတွင်းမှာပဲ KFC ဆိုင်ခွဲတွေ ထပ်ဖွင့်သွားဖို့အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
kamayutmedia
Sign up here with your email
ConversionConversion EmoticonEmoticon