မင်းပြားမြို့နယ်၌ မှိုစား၍ တစ်အိမ်တည်းမှ သုံးဦးသေဆုံး၊ တစ်ဦး အသည်းအသန်ဖြစ်


ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ငပြီအင်းကျေးရွာတွင် ရာသီအလိုက် သဘာဝအလျောက် ပေါက်ရောက်နေသော မှိုကိုဟင်းချို ချက်စားသဖြင့် တစ်အိမ်တည်းမှ သုံးဦးသေဆုံးကာ တစ်ဦးအသည်း အသန်ဖြစ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ငပြီအင်းကျေးရွာမှ ဦးမောင်ကျော်မင်းသည် ဇွန် ၂၆ ရက်က တောင်ခြေရင်းမှမှိုများ (တောင်ပုတ်မှိုရောက်မ၊ ရီကြိုင်မှို) ကို ခူးလာပြီး ယင်းနေ့နံနက်ပိုင်းတွင် ဟင်းချိုချက်၍ မိသားစုအားလုံး စားသောက်ကြသည်။ စားပြီးနောက် အော့အန် မူးဝေဝမ်းလျှောကြသဖြင့် ရွာ၌ ကုသနေခဲ့ကြသည်။ အခြေအနေ ပိုဆိုးလာသဖြင့် ဇွန် ၂၇ ရက်က မင်းပြားဆေးရုံသို့ တက်ရောက် ကုသခဲ့ကြသည်။ မင်းပြားဆေးရုံ၌ ဆရာဝန်၊ ဆရာမများက အလေး ထားပြီး ကုသခဲ့ကြသော်လည်း ဇွန် ၂၈ ရက်က ဦးမောင်ကျော်မင်း၏ သမီးများဖြစ်ကြသော မခိုင်ဖြူချေ (ကိုးနှစ်) နှင့် မမေချေ (ခုနစ်နှစ်) တို့ နှစ်ဦးသေဆုံးခဲ့ကြသည်။ လူနာများ၏ရောဂါအခြေအနေအရ ဦးမောင် ကျော်မင်း (၅၁ နှစ်) နှင့် မောင်ကျော် ခိုင်ဦး (၁၄ နှစ်) တို့ကို ဇွန် ၂၉ ရက် နံနက်ပိုင်းက စစ်တွေအထွေထွေ ရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်း ပေးပို့ခဲ့ကြောင်း သိရသည်။

''ကျွန်မတို့ဆေးရုံကို ရောက် ကတည်းက ကလေးတွေက သတိမေ့ နေကြပါပြီ။ ကျွန်မတို့လည်း မင်းပြား ဆရာဝန်ကြီးနဲ့အတူ အထူးဂရုစိုက်ပြီး ကုသပေးခဲ့ကြပါတယ်။ ဒါပေမယ့် ကလေးနှစ်ဦးက ဇွန် ၂၈ ရက်မှာ ဆုံးသွားပါတယ်။ သူတို့အဖေနဲ့သား ကိုတော့ စစ်တွေဆေးရုံကြီးကို လွှဲပြောင်းပို့လိုက်ပါတယ်'' ဟု မင်းပြားဆေးရုံမှ လက်ထောက် ဆရာဝန် ဒေါက်တာ မြတ်သင်္ဂီကျော် က ပြောသည်။

လူနာများသည် ဇွန် ၂၉ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်က စစ်တွေဆေးရုံကြီးသို့ရောက်ရှိလာပြီး ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီး များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြု ဆရာ ဆရာမများက အထူး ကြပ်မတ် ကုသပေးကြသော်လည်း မောင်ကျော်ခိုင်ဦး(၁၄နှစ်) မှာ ဇူလိုင် ၁ ရက် မွန်းတည့် ၁၂ နာရီခန့် တွင် သေဆုံးသွားခဲ့သည်။ ဖခင် ဦးမောင်ကျော်မင်းမှာလည်း စိုးရိမ်ရ သောလက္ခဏာများတွေ့ရ၍ ရန်ကုန် မြို့သို့ ဆက်လက်ကုသရန် လူနာရှင် တို့၏ဆန္ဒအရ ခွင့်ပြုထားကြောင်း သိရသည်။

စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ စိုးထွန်းအောင်က ''ကျွန်တော်တို့ လည်း ဂရုစိုက်ပြီး ကုသပေးပါတယ်။ အဆိပ်သင့်တယ်ဆိုတော့ အရေးကြီး တဲ့ အတွင်းအင်္ဂါအစိတ်အပိုင်းတွေ ကိုထိခိုက်သွားပါတယ်။ ကလေးတွေ က ခံနိုင်ရည်မရှိတော့ ဆုံးသွားပါ တယ်။ သူတို့အဖေလည်း စိုးရိမ်ရတဲ့ လက္ခဏာတွေ့ရပါတယ်။ သူတို့က ရန်ကုန်ကိုသွားကုချင်တယ်လို့ တင်ပြ လာတဲ့အတွက် ခွင့်ပြုပေးထားပါ တယ်''ဟု ပြောပြသည်။

ကိုကြီးစော - Myanmaalinn
Previous
Next Post »
Powered by Blogger.