ငှက်ပစ်သူ ကရင်သုံးဦးအား ဒဏ်ငွေ ဒေါ်လာ ၅၀ စီချမှတ်

ကျေးငှက်သားကောင်များ ပစ်ခတ်ဖမ်းဆီးမှုဖြင့် ရဲက ဖမ်းဆီးအရေးယူထားသော ကရင်အမျိုးသား သုံးဦးကို တရားရုံးတွင် စကားပြန်ကရင်အမျိုးသမီး (ယာစွန်) နှင့်အတူ တွေ့ရပုံ ဖြစ်ပါသည်။
မက်ဆာချူးဆက်ပြည်နယ်၊ စပရင်းဖီးလ်မြို့ရှိ လူထုအပန်းဖြေ ပန်းခြံထဲတွင် လေးခွဖြင့် ကျေးငှက်သားကောင်ပစ်သောကြောင့် ဖမ်းဆီးအရေးယူခံထားရသော ကရင်အမျိုးသားသုံးဦးအား ဇွန်လ ၁၁ ရက်၊ ကြာသပတေးနေ့တွင် တရားရုံးက ဒဏ်ငွေ ဒေါ်လာ ၅၀ စီ ချမှတ်လိုက်ပါသည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ ပြောင်းရွှေ့လာသော ကရင်အမျိုးသား ပက်တီ ပူး (၅၄ နှစ်)၊ ခဲနီ မူး (၃၈ နှစ်) နှင့် ဆာဝါး (၆၀ နှစ်) တို့ကို မေလ ၂၇ ရက်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့၏ အမှုကို စစ်ဆေးရန် ဘာသာစကား အခက်အခဲရှိသောကြောင့် ဇွန်လ ၁၁ ရက်သို့ ရွှေ့ဆိုင်းခဲ့ရသည်။ ဘာသာစကား အခက်အခဲကြောင့် ၎င်းတို့ကို ဖမ်းဆီးချုပ်နှောင်ခြင်း မပြုဘဲ အချုပ်လွတ် တရားစီရင်ခဲ၏။

စီရင်ချက်ချမည့်နေ့မှာလည်း တရားရုံးအသိအမှတ်ပြု လက်မှတ်ရ ကရင်စကားပြန် မရရှိသောကြောင့် ကရင်စကားတတ်သော အမျိုးသမီးတစ်ဦး၏ အကူအညီဖြင့် တရားသူကြီး ဝီလျံ ဘွိုင်းလ်က အမှုစစ်ဆေး စီရင်ခဲ့ရခြင်း ဖြစ်သည်။

အမှုဖြစ်ပွားပုံမှာ မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့က စပရင်းဖီးလ်မြို့၊ ဖောရက်စ်ပတ်ခ် အများပြည်သူပန်းခြံတွင် အမျိုးသားသုံးဦးသည် ကျေးငှက်တိရစ္ဆာန်များကို လောက်လေးခွဖြင့် ပစ်ခတ်သတ်ဖြတ်နေကြောင်း ပန်းခြံသို့လာသူများက ရဲထံ ဖုန်းဆက်တိုင်ကြားခဲ့သည်။ ကရင်အမျိုးသားသုံးဦးထံမှ လောက်လေးခွ၊ လောက်စာလုံးအဖြစ် အသုံးပြုသော ကျောက်ခဲများ၊ မူလီခေါင်းများကို တွေ့ရှိသဖြင့် ရဲက ဖမ်းဆီးခဲ့ပါသည်။ ၎င်းတို့၏ အိတ်များထဲတွင် လိပ်အသေများ၊ ဖားများနှင့် ငှက်များကို တွေ့ရှိခဲ့သည်။

နားလည်မှုရှိသော ဥပဒေဘက်တော်သားများ

ကရင်အမျိုးသား သုံးဦးအပေါ် တိရစ္ဆာန်များကို ညှဉ်းပမ်းနှိပ်စက်မှု၊ ငြိမ်သက်အေးချမ်းမှု ထိခိုက်အောင် လေးခွလက်နက် ကိုင်ဆောင်မှု၊ အမဲပစ်လိုင်စင် ခွင်ြ့ပုချက်မရှိဘဲ ကျေးငှက်သားကောင် ပစ်ခတ်ဖမ်းဆီးမှုတို့ဖြင့် အမှုစွဲချက်တင်ထားရာတွင် အမှုလိုက်ဥပဒေအရာရှိများက တိရစ္ဆာန်ညှဉ်းပမ်းမှုကို ရုပ်သိမ်းပေးခဲ့ပါသည်။ ကျန်အမှုနှစ်ခုကို တရားသူကြီးက လူမှုဆိုင်ရာ ဖောက်ဖျက်ကျူးလွန်မှုအဖြစ် လျှော့ပေါ့သတ်မှတ်ပေးခဲ့သည်။

တရားခံသုံးဦးက လိုင်စင်မရှိဘဲ သားကောင်ပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့ကြသဖြင့် တစ်ဦးလျှင် ဒဏ်ငွေ ဒေါ်လာ ၅၀ စီ တရားရုံးက အပြစ်စီရင်ခဲ့သည်။ “အပြစ်ပေးပြီး အမှုကို ပိတ်လိုက်ပြီ။ နောက်တစ်ကြိမ် အလားတူ ပြစ်မှုမျိုးနှင့် တရားရုံးကို ရောက်လာလျှင် ပြစ်ဒဏ်တိုးမြင့်သွားလိမ့်မည်” ဟု တရားသူကြီး ဘွိုင်းလ်က တရားခံများအား ပြောကြားပါသည်။

တရားခံ ကရင်အမျိုးသားများကို ကူညီဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့မှ ဒီယာဒရီ ဂရစ်ဖင်က ၎င်းတို့သည် ပန်းခြံအတွင်း ကျေးငှက်သားကောင် ပစ်ခတ်ဖမ်းဆီးခြင်းမှာ ဥပဒေချိုးဖောက်ရာရောက်သည်ကို မသိနားမလည်ကြောင်း ပြောကြားပါသည်။ ၎င်းတို့၏ ဇာတိအရပ်ဒေသတွင် သားကောင်ပစ်ခတ် အမဲလိုက်ခြင်းမှာ သဘာဝသာ ဖြစ်ကြောင်း ရှင်းပြသည်။

၎င်းတို့အပေါ် နားလည်ပေးခြင်းအတွက် ဒေသဆိုင်ရာ ဥပဒေအရာရှိ အန်ထော်နီ ဂူလန်နီ၏ ရှေ့နေရုံးကို ကျေးဇူးတင်ကြောင်းလည်း တရားခံများကိုယ်စား ပြောကြားခဲ့သည်။

kabarthit.com

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.