၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မန္တလေးထိ မဲသွားထည့်ခဲ့တယ်လို့ပြောပြလာတဲ့ ရွှေသမီးက ကိုယ်မဲထည့်ခဲ့တဲ့ NLD က အနိုင်ရတာမို့ အဲ့ဒါနဲ့ပတ်သက်ပြီး သူမရဲ့ခံစားချက်ကို ခုလို ဖွင့်ဟသွားပါတယ်။
"ရွေးကောက်ပွဲကို မန်းလေးပြန်ပြီး မဲပေးဖြစ်တယ်။ အတွေ့အကြုံကတော့ ပထမဦးဆုံးလို့ပြောလို့ရတယ်။ စိတ်လှုပ်ရှားတယ်။ အတွေ့အကြုံလဲသိပ်မရှိသေးဘူး။ အဲ့ဒီအတွက် မဲရုံထဲဝင်သွားတဲ့အချိန်မှာ အမှားမှား အယွင်းယွင်းတွေဖြစ်မှာလဲကြောက်တယ်။ ဒါပေမဲ့ တကယ်တမ်း မဲရုံထဲဝင်တဲ့ အချိန်မှာတော့ အားလုံးက တစ်ဆင့်ပြီးတစ်ဆင့်ညွှန်ပြကြတယ်။ အားလုံးအဆင်ပြေခဲ့တယ်။
ဒါကတော့ အတွေ့အကြုံကောင်း တစ်ခုလို့ပြောလို့ရပါတယ်။ ၇ရက်နေ့မနက်သွားတယ်။ ၈ ရက်နေ့ညပြန်လာတယ်။ အခုရွေးကောက်ပွဲက ညီမဖြစ်စေချင်တဲ့ ဆန္ဒတစ်ထပ်တည်းကျတယ်လို့ပြောလို့ရတယ်။ အဲ့ဒီအတွက်လည်း အရမ်းဝမ်းသာပါတယ်။ ဒီနေ့မှာဆိုရင်လဲ အမေစုက အနုပညာရှင်တွေကိုခေါ်ပြီးတော့မှ ကျေးဇူးတင်စကားပြောတယ်။ ဒါလေးကလဲ ဖေ့စ်ဘုတ်မှာ ပုံလေးတွေတက်လာတော့ မှမြင်ရတာပေါ့။ အားလုံးပြုံးပျော်နေကြတဲ့ အပြုံးလေးတွေ၊ မျက်နှာလေးတွေကိုမြင်ရတာ တကယ်ကို ပီတိဖြစ်စရာပါ။
အရမ်းလဲ ၀မ်းသာပါတယ်။ ကိုယ်ပေးခဲ့တဲ့အဖွဲ့အစည်းက အနိုင်ရတယ်ဆိုတော့ အရမ်းလဲဝမ်းသာတယ်။ ပျော်လဲပျော်တယ်။ အနိုင်ရစေချင်လွန်းလို့ မန်းလေးကိုကိုယ်တိုင်ပြန်ပြီးမဲပေးဖြစ်တယ်။ အဲ့ဒီအတွက်ဝမ်းသာပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့တော့ မြန်မာနိုင်ငံကြီးကို တိုးတက်စေချင်တယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းမကောင်းရင်တိုးတက်မှာမဟုတ်ဘူး။ တစ်ဦးတစ်ယောက်ချင်းက ကောင်းမှသာလျှင် စိတ်ထားလေးတွေ၊ အကျင့်စာရိတ္တတွေ၊ ကိုယ်ကျင့်တရားတွေပြင်မယ်ဆိုရင် တိုးတက်မှာအမှန်ပါပဲ"လို့ သူမက ဆိုပါတယ်။
အရင်ထက် အနည်းငယ် ပိန်သွားတဲ့ ရွှေသမီးက သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ သူမက "ညီမဖျားနေတာ။ ကားရိုက်တွေဆက်ပြီးတော့ အန်ကယ်လေးနဲ့ဇီးရိုးကားရိုက်နေတဲ့အချိန်မှာ ဖျားတာပေါ့။ ၅ရက်ရိုက် ၅ရက်လုံးဖျား၊ ၅ရက်လုံးဆေးထိုးရတယ်။ ညနေဆို အဖျားကတက်လာပြီ။ ဆေးသွားထိုးရင် သက်သာပြီး ည ၁နာရီဆိုအဖျားကပြန်တက်ပြန်ရော။ မနက် ၇ခွဲဆို ဆေးခန်းပြေးပြီး ဆေးထိုးပြီးရင်တနေကုန် ရှုတင်မှာ ပဲနေနောက်ဆုံးပြီးတဲ့နေ့မှာပဲ နေကောင်းပျောက် သွားတယ်။

ဆေးကို၎ရက်ကပုံမှန်ထိုးပေးတယ်။ နောက်ဆုံးနေကောင်းပြောင်းမဲ့နေ့မှာ ဆရာမက ဆေးအပြင်းတွေပြောင်းပေး လိုက်တယ်။ သောက်ပြီးတဲ့ အချိန်မှာပဲ ပြန်အန်ထွက်တယ်။ ညီမကအရင်ကတည်းက အစာအိမ်ရှိတော့ လက်မခံဘူး။ ပြန်အန်ထွက်သွားတယ်။ အဲ့ဒီမှာ အစာအိမ်က နာပြီးကျန်ခဲ့တယ်။ အဲ့ဒီမှာ အစာအိမ်ဆေးသောက်ပြီး ဆန်ပြုတ်ပဲသောက်ပြီးအားပြန်ယူရတယ်။ အဲ့ဒါကြောင့်ပိန်သွားတယ်။ အခုမှ နည်းနည်းလေးပြန်ပြည့်လာတာပါ"တဲ့။
လက်ရှိမှာ ရွှေသမီးဟာ ဒါရိုက်တာသားညီရိုက်တဲ့ တန်ဖိုးနည်းချစ်သူစီမံကိန်းဆိုတဲ့ ကားမှာ နေတိုးနဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ခင်ဆွေသက် - Trend Myanmar
လက်ရှိမှာ ရွှေသမီးဟာ ဒါရိုက်တာသားညီရိုက်တဲ့ တန်ဖိုးနည်းချစ်သူစီမံကိန်းဆိုတဲ့ ကားမှာ နေတိုးနဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ခင်ဆွေသက် - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon