ထိုင်းနိုင်ငံ တောနက်အတွင်းက လူကုန်ကူးခံရသူတွေကို ထားတဲ့ စခန်းတွေမှာ ကလေးငယ်တွေလည်း နေထိုင်ခဲ့ရတယ်ဆိုတာကို အေဘီစီ သတင်းဌာနက တွေ့ခဲ့ရပါတယ်။
အဲဒီ စခန်း တွေကို လေ့လာတဲ့ အခါမှာ မြေပြင်ပေါ်မှာပဲ မိုးကာတွေ ခင်းပြီး အိပ်စက်ရတာတွေ၊ ဝါးတွေနဲ့ ပြုလုပ်ထားတဲ့ နေရာမှာ ခက်ခက်ခဲခဲ နေထိုင်ရတယ် ဆိုတာကို မြင်နိုင်တယ်လို့ သတင်း ယူခဲ့တဲ့ အေဘီစီ သတင်းထောက် Samantha Hawley က ပြောပါတယ်။
ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းမှာ ရှိပြီး မလေးရှားနိုင်ငံနဲ့ နီးတဲ့ Padang Besar ဆိုတဲ့ မြို့အနားက တောနက်ထဲမှာ လူကုန်ကူးသူတွေ အသုံးပြုတဲ့ စခန်းကို ထားရှိတာ ဖြစ်ပါတယ်။
ထိုင်းရဲတွေ ဝင်စီးမယ်လို့ ကြိုတင်သတင်းရလို့ ပစ္စည်းသိမ်းချိန် မရလိုက်ပဲ ထွက်ပြေးခဲ့ရတယ်ဆိုတာကိုတော့ ကျန်ခဲ့တဲ့ ပစ္စည်းကို ကြည့်ပြီး သိနိုင်ပါတယ်။
လှမ်းထားတဲ့ အဝတ်အစားတွေ၊ ကလေးဖိနပ်တွေဆိုရင်လည်း နှစ်ဖက်စလုံး ကျန်ခဲ့တာတွေကို တွေ့ခဲ့ရပါတယ်။
Padan Besar ဒေသခံတွေကတော့ သူတို့ ဒေသမှာ လူကုန်ကူးမှု လုပ်ငန်း ရှိတယ်ဆိုတာကို နှစ်ပေါင်းများစွာ ကတည်းက သိကြပေမယ့် ဘယ်သူမှ မပြောရဲဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အကြောင်းရင်းကတော့ လူကုန်ကူးမှုမှာ ပါဝင်တဲ့ လူတွေဟာ သြဇာ အာဏာ ကြီးမားသူတွေ၊ ငွေကြေး ချမ်းသာသူတွေ ဖြစ်တာကြောင့် မပြောရဲကြဘူးလို့ ဆိုပါတယ်။
ထိုင်းစစ်အစိုးရက လူကုန်ကူးမှု တိုက်ဖျက်လာပြီး နောက်ပိုင်းမှသာ လူကုန်ကူးသူတွေ အသုံးပြုတဲ့ စခန်းဟောင်းတွေကို တောထဲမှာ တွေ့ရှိပြီး အလောင်းပေါင်း ၁၀၀ ကျော်ကိုလည်း တူးဖော်နိုင်ခဲ့ပါတယ်။
အဲဒီလို စခန်းတွေကနေ ပင်လယ်ထဲ ထွက်ပြေးကြရင်း ပင်လယ်ပြင်မှာ ထောင်နဲ့ချီ သောင်တင်ကြရာက ဒီကိစ္စကို ကမ္ဘာက သိသွားတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ အဲဒီနေရာမှာ ပို့ဆောင်ခံရပြီး တခါတလေ တခြား နိုင်ငံကို ရောက်သွားပေမယ့် တခါတလေ လူကုန်ကူးသူတွေက သူတို့ရဲ့ မိဘဆွေမျိုးတွေကို ငွေတောင်းပြီး ငွေကြေးရမှပဲ ပြန်လွတ်ပေးတာတွေ ခံရတဲ့ နေရာလည်း ဖြစ်ပါတယ်။
အဲဒီ စခန်းမှာ ရောက်လာတဲ့ ရိုဟင်ဂျာ အမျိုးသမီးငယ်တွေကို အစောင့်တွေက အစုလိုက် အပြုံလိုက် မုဒိမ်းကျင့်လို့ ကိုယ်ဝန်ရသွားတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေး ဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်း လူကုန်ကူး စခန်းကို ရောက်ရှိလာသူတွေ ပိုများပြီး လူကုန်ကူးတဲ့ စီးပွားကလည်း ပိုပြီး တွင်ကျယ်လာတယ်လို့ ဒေသခံတွေက အေဘီစီကို ပြောပြခဲ့ပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon