မန္တလေး မီးလောင်မှုတွင် မီးသတ်သမား ၇ ဦး အသက်ရှူကျပ်သဖြင့် ဆေးရုံတင်




မန္တလေးမြို့ စက်မှုဇုန် (၁)၊ ဖိုးရာဇာလမ်းမှာရှိတဲ့ တရုတ်လူမျိုး တယောက်ပိုင် ဂိုဒေါင်တလုံးကို မီးငြိမ်း သတ်ရင်း အသက်ရှူကျပ်လို့ မီးသတ်သမား ၇ ယောက် ဆေးရုံ တင်ထား ရပါတယ်။

မေလ ၁၆ ရက်မွန်းလွဲပိုင်းမှာ စက်မှုဇုန်-၁က ဂိုဒေါင် မီးစတင် လောင်ကျွမ်း တာဖြစ်ပြီး ဂိုဒေါင်မှာရှိတဲ့ ဓာတုပစဿည်းတမျိုးကြောင့် မီးသတ်သမားတွေ မီးငြိမ်းသတ်ရင်း အသက်ရှူကျပ်လဲကျ ကုန်တာလို့ အဲ့ဒီနေရာကို သတင်းသွားယူခဲ့တဲ့ မန်းသတင်းသမား ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

“ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိတ်လို့ ပြောတယ်။ သူတို့အပြောကတော့ စွပ်ကျယ်တို့ ချည်တို့မှာ ချွတ်ဆေးအဖြစ်သုံးတယ်လို့ ဆိုတယ်။ ဂိုဒေါင်ထဲမှာ အပြာရောင်ပုံးအ၀ိုင်းတွေထဲ ထည့်ထားတဲ့ အဖြူရောင်အမှုန့်တွေ အဲ့ဒီမှာ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိတ် ၈၈ ရာခိုင်နှုန်းလို့ ရေးထားတယ်။ အဲ့ဒီအဖြူမှုန့်တွေက ရေနဲ့ထိရင် မီးခိုးငွေ့တွေထွက်လာပြီး အဲ့ဒီအငွေ့က အီလည်လည်ကြီးဖြစ်ပြီး ဇောချွေးတွေကျလာရင်း တအောင့်လဲနေရော အသက်ရှူကျပ်ပြီး လဲကျကုန်တာပေါ့ဗျာ။”

မီးငြိမ်းသတ်နေတာနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ၀ိုင်းငြိမ်းသတ်ပေးတဲ့ လူမှုရေးအသင်းကလူတွေ စုစုပေါင်း ၁၄ ယောက်လောက် အသက်ရှူကျပ်ပြီး လဲကျကုန်တာလို့ ပြောပါတယ်။

မန္တလေးမြို့က မီးသတ်ဦးစီးဌာနမှူးကတော့ အသက်ရှူကျပ်လို့ ဆေးရုံတင်ထားရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကျန်းမာရေးက မစိုးရိမ်ရဘဲ ၂၄ နာရီစောင့်ကြည့်ပြီး ဆေးရုံ ဆင်းနိုင်လိမ့်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေး၊ စက်မှုဇုန်-၁အပိုင် ပြည်ကြီးတံခွန်ရဲစခန်းက မီးလောင်မှုနဲ့ပတ်သက်လို့ ဂိုဒေါင်တာဝန်ခံကို အမှုဖွင့်အရေးယူထားတယ်လို့ ပြောပေမယ့် အသေးစိတ်ပြောဆိုခြင်းတော့ မရှိပါဘူး။

ရွှေအောင် - DVB
Previous
Next Post »
Powered by Blogger.