ယီမင်ရှိ ဟိုသီသူပုန်များကို တိုက်ခိုက်နေသည့် လေကြောင်းထိုးစစ် ရပ်ဆိုင်းကြောင်း အာရပ်မဟာမိတ် နိုင်ငံများ ကြေညာ


ဆော်ဒီအာရေးဗီးယား ဦးဆောင်သည့် အာရပ်မဟာမိတ်နိုင်ငံများက ယီမင်ရှိ ဟိုသီသူပုန်များကို လေကြောင်းမှ တိုက်ခိုက်နေသည့် စစ်ဆင်ရေးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း အီရန်က ကျောထောက်နောက်ခံပြုထားသည့် ရှီးဟိုက် မွတ်ဆလင် သူပုန်များ၏ ခြိမ်းခြောက်မှုကို မိမိတို့အနေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေမည်ဟု ဆော်ဒီက သတိပေးထားသည်။ ဟိုသီတို့သည် လက်ရှိ ယီမင်အစိုးရကို ဖြုတ်ချရန် အားထုတ်ခဲ့ပြီး ယင်းအခြေအနေတွင် ယီမင်အစိုးရ၏ ပန်ကြားမှုကြောင့် ဆော်ဒီအာရေးဗီးယားနှင့် ဆွန်နီ မွတ်ဆလင် မဟာမိတ် အာရပ်နိုင်ငံများက ဟိုသီတို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၂၁ ရက်တွင်မူ ယီမင်၌ ပြုလုပ်နေသည့် လေကြောင်းစစ်ဆင်ရေးများ အားလုံးကို ရပ်တန့်ထားတော့မည်ဟု အဆိုပါ အာရပ်မဟာမိတ်အဖွဲ့က ကြေညာသည်။ အကယ်၍ ဟိုသီတို့က စစ်ရေးလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာမည် ဆိုပါက နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်ရန် အသင့်ရှိကြောင်းလည်း ဆော်ဒီစစ်ဘက်က ပြောကြားခဲ့သည်။

ဆော်ဒီ၏ မဟာမိတ် အမေရိကန်သည် လေယာဉ်တင် သင်္ဘောတစ်စီးကို အာရေးဗီးယားပင်လယ်ဘက် စေလွှတ်ကာ ဟိုသီတို့ထံ အီရန်က လက်နက်တင်ပို့ရန် အားထုတ်မှုတိုင်းအား ကြားဖြတ် ဟန့်တားရန် စီစဉ်ခဲ့ပြီးနောက် မဟာမိတ်တပ်များက လေကြောင်းထိုးစစ်ကို ရပ်နားလိုက်ခြင်း ဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးသည် မတ်၂၆ ရက်က စတင်ပြီး ဧပြီ ၂၁ ရက် ညသန်းခေါင်ထိ ကြာမြင့်ခဲ့သည်။

ဆော်ဒီ ဦးဆောင်သည့် မဟာမိတ် နိုင်ငံများက မိမိတို့သည် ယီမင်နိုင်ငံတွင် နိုင်ငံရေး မူဝါဒများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးအတွက် အကူအညီများ ပေးသွားမည်ဟုလည်း ကြေညာသည်။ ယီမင်သည် အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့၏ အင်အားအကြီးဆုံး တပ်စွဲ အခြေစိုက်ထားရာ နိုင်ငံတစ်ခုလည်း ဖြစ်သည်။

ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီက ဟိုသီသူပုန်တပ်ဖွဲ့ကို အာရပ်မဟာမိတ် နိုင်ငံများက ပူးပေါင်းတိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးအတွင်း လူ(၉၀၀)ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

7day Daily
Previous
Next Post »
Powered by Blogger.