ထိုင်းနိုင်ငံတွင် ထီပေါက်ဂဏန်းများကို ယုံကြည်သူများအား ပေးနိုင်ရန် အောက်လမ်းနည်းဖြင့် ဆေးစီရင်၍ ထီဂဏန်းများ ဖော်ထုတ်ရန်အတွက် ဥဒွန်သာနီပြည်နယ်တွင်းရှိ သချိုင်းများမှ လူသေလောင်းများကို ခိုးယူတူးဖော်သည့် ဘုန်းကြီးတစ်ပါးနှင့် လူနှစ်ဦးတို့ကို ရဲများက ဖမ်းဆီးခဲ့ရသည်။
ခွမ်ပါဝါပီခရိုင်မှ သချိုင်းမှ လူသေလောင်း လေးလောင်းနှင့် ပရာချတ်ဆီပတ်ခွမ် ခရိုင် သချိုင်းမှ အလောင်း တစ်လောင်းတို့ကို ဖော်ယူခိုးယူမှုဖြင့် အသက် ၆၅ နှစ်ရှိ ဘုန်းကြီး ဖရာအွန်အက်ဖီယို၊ အသက် ၂၀ ရှိ လူငယ် ဝါရာဖွန်ဆီနာပွန်နှင့် အသက် ၃၂ နှစ်ရှိ ခွန်သောင်ခတ်နုတို့ ဆိုသူများကို ပြီးခဲ့သည့် သောကြာနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဥဒွန်သာနီပြည်နယ် ရဲတပ်ဖွဲ့က ပြောသည်။
နန်ဆာကျေးရွာတွင် အမျိုးသမီးကြီး တစ်ဦးက သူ၏ သားဖြစ်သူအလောင်းနှင့် ဘေးရှိ အလောင်းတစ်လောင်းတို့ တူးဖော်ခြင်းခံထားရ သည်ကို တွေ့ရှိတိုင်ကြားရာမှ ယခုကဲ့သို့ ဖမ်းဆီးမှုပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဘုန်းကြီး ဖရာအွန်ကို ဝင်ရောက်ဖမ်းဆီးရာတွင် ဆင်များကို မောင်းနှင်စေခိုင်ရာဖြစ်သည့် ချွန်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
ဖရာအွန်ကို လူဝတ်လဲပေးထားခဲ့ပြီဖြစ်ပြီး ၎င်းက အလောင်းများကို ခိုးယူခြင်းကို ငြင်းဆန်သော်လည်း ဒေသခံများကို ထီဂဏန်း ပေးနိုင်ရန်အတွက် သချိုင်းမြေကို အသုံးပြုခဲ့ကြောင်းကို ဝန်ခံထွက်ဆိုထားသည်။ ဖရာအွန်နှင့် အတူဖမ်းခံရသူ နှစ်ဦးကလည်း အလောင်းတူးဖော်သည် ဆိုခြင်းကို ဝန်ခံမှုပေးသော်လည်း ယင်းအလောင်းများကို ခိုးယူခြင်းတော့ မရှိကြောင်း ငြင်းဆန်ထွက်ဆိုထားသည်။
Mizzima
Sign up here with your email
ConversionConversion EmoticonEmoticon