နီပေါ ငလျင် ကယ်ဆယ်ရေး ကြိးပမ်းမှုအပေါ် စိတ်ပျက်မှုတွေ ပေါ်ထွက်



နီပေါနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ငလျင်ဒဏ်ဆိုးဆိုးရွားရွား ခံရတဲ့ ရွာအချို့မှာ ကယ်ဆယ်ရေး အထောက်အပံ့တွေ မရရှိကြသေးဘဲ ကယ်ဆယ်ရေး ကြိုးပမ်းမှု အရှိန်အဟုန်တွေနဲ့ ပတ်သက်ပြီး ဝေးလံခေါင်သီတဲ့ နေရာ ဒေသတွေမှာ စိတ်ပျက်ဒေါသထွက်မှုတွေ တိုးပွားလာနေပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့နေရသူ တချို့ဟာ ဒေါသထွက်နေကြပြီး သူတို့ထံ ဆေးဝါးနဲ့ အစားအသောက်တွေ ဘာမှ မရောက်လာသေးဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

ကုလသမ္မဂ ကတော့ နီပေါမှာ နောက်သုံးလအတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ထောက်ပံ့ ကူညီဖို့ ဒေါ်လာ ၄၁၅ သန်း တောင်းခံထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ယခုအချိန်အထိ လူပေါင်း
၅ ၅၀၀ ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး လူပေါင်း ၁ ၁၀၀၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

ပြင်းအား ရစ်ခ်ျတာ စကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ကြုံရသူပေါင်း ၈ သန်းကျော် ရှိပြီး အိုးအိမ်ပေါင်း ၇ သောင်း ပျက်စီးခဲ့တယ်လို့ ကုလသမ္မဂ က ပြောပါတယ်။

နီပေါအစိုးရကတော့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်သူတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

ခတ္တမန္ဒူ မြို့ရဲ့ အရှေ့မြောက်ဘက်ရှိ ရွာအတော်များများမှာ အဆောက်အဦးတွေဟာ အားလုံးပျက်စီးနေပြီး အလောင်းတွေဟာ အပျက်အစီးတွေအောက်မှာ ရှိနေသေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီ ဒေသမှာ အကူအညီတွေကို ကားလမ်းကဖြစ်စေ ရဟတ်ယာဉ်နဲ့ဖြစ်စေ အလွယ်တကူ သယ်ယူနိုင်ပေမယ့် နီပေါအစိုးရထံကရော ကယ်ဆယ်ရေးအဖွဲ့တွေ ဆီကပါ ဘာအကူအညီမှ မရောက်သေးပါဘူးလို့လည်း ပြောဆိုပါတယ်။

BBC Burmese
Previous
Next Post »
Powered by Blogger.