IS ပါးကွက်သား ဂျွန်၏ ငယ်ဘ၀ရုပ်ပုံကို ဒေးလီးမေးလ် ဖော်ပြ


IS အဖွဲ့ ပါးကွက်သား ဂျွန်မှာ လန်ဒန်မြို့တွင် နေထိုင်ခဲ့သူအမ်ဝါဇီဆိုသူဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။ အမ်ဝါဇီသည် ငယ်စဉ်က လိမ္မာရေးခြားရှိပြီး အတန်းဖော်များကြား ကျော်ကြားခဲ့သည်ဟုအဆိုပါသတင်းဌာနက ရေးသားထားပြီး ၎င်း၏ငယ်ဘ၀ရုပ်ပုံကိုလည်း ဖော်ပြခဲ့သည်။ ဂျွန်၏ အမည်ရင်းမှာ အမ်ဝါဇီဖြစ်ပြီး ခြောက်နှစ်သား အရွယ်တွင် မိသားစုနှင့်အတူ မွေးရပ်မြေ ကူဝိတ်မှ အင်္ဂလန်သို့ ပြောင်းရွှေ့လာခဲ့ကာ လန်ဒန်မြို့ အနောက်ပိုင်းတွင် နေထိုင်ခဲ့ကြောင်း သိရသည်။

လန်ဒန်မြို့အနောက်ပိုင်း မိုင်ဒါဗေးရှိ St Mary Magdalene Church of England မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့စဉ်အတွင်း အင်္ဂလိပ်စကား ကောင်းစွာ မပြောတတ်ခြင်းကြောင့် စကားနည်းသော်လည်း သိမ်မွေ့သည့် အမ်ဝါဇီကို အတန်းဖော်များက ချစ်ခင်ကြပြီး ၎င်း၏အတန်းထဲတွင် အမ်ဝါဇီ တစ်ဦးတည်းသာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြထားသည်။ သို့သော် အမ်ဝါဇီသည် ဘာသာရေး ကိစ္စထက် ဘောလုံးကစားခြင်းကို ၀ါသနာပါပြီး မန်ယူအသင်းကို အားပေးသူ တစ်ဦးဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြသည်။

သို့သော် Westminster တက္ကသိုလ်တွင် ကွန်ပျူ တာဘာသာရပ် သင်ကြားခွင့် ရခဲ့ပြီးနောက် အမ်ဝါဇီ၏ အပြုအမူများ ပြောင်းလဲလာခဲ့ပြီး ဘာသာရေး အစွန်းရောက်များနှင့် ပေါင်းမိခဲ့ကြောင်း၊ ၂၀၀၉ခုနှစ် သြဂုတ်လတွင် ၎င်း၏သူငယ်ချင်းများနှင့် တန်ဇန်းနီးယားသို့ သွားပြီး တောရိုင်းတိရိစ္ဆာန်များ ရှာဖွေရန် ကြိုး ပမ်းခဲ့သော်လည်း အာဏာပိုင်များက ၎င်းတို့ကို ခွင့်မပြုခဲ့ဘဲ ဟော်လန်သို့ ပျံသန်းသည့် လေယာဉ်ပေါ် တင်ပေးခဲ့ကြောင်း၊ အမ်ဝါဇီအနေဖြင့် ဆိုမာလီယာသို့ သွား၍ အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့အ စည်းနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့သည်ဟု ဗြိတိန်အာဏာပိုင် တစ်ဦးက စွပ်စွဲခဲ့ကြောင်း ဒေးလီးမေးလ်က ဆက်လက်ဖော်ပြသည်။

၂၀၁၀ခုနှစ်တွင် ကူဝိတ်သို့ ပြန်ရန် စီစဉ်ခဲ့သော်လည်း ဟီးသရိုးလေဆိပ်တွင် အာဏာပိုင်များက အမ်ဝါဇီကို တားဆီးခဲ့ပြီး စစ်ဆေးမှု ပြုလုပ်ခဲ့စဉ်အတွင်း ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း၊ ရဲဌာန၏ စစ်ဆေးမေးမြန်းမှုနှင့် ပတ်သက်၍ မကျေနပ်ပါက တိုင်ကြားနိုင်သည့် Independent Police Complaints Commission ကို တိုင်ကြားခဲ့သော်လည်း ၎င်းကို တိုက်ခိုက်ခဲ့သည့် ရဲသားကို တစ်စုံတရာ အရေးယူခဲ့ခြင်း မရှိကြောင်း၊ ၂၀၁၀ နှစ်ကုန်ပိုင်းတွင် စက်ဘီး(၅)စီး ခိုးယူသည်ဟူသော စွဲချက်ဖြင့် အမ်ဝါဇီကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် အပြစ်မရှိကြောင်း တွေ့ရ၍ ပြန်လွတ်ပေးခဲ့ကြောင်း၊ လန်ဒန်တွင် နေထိုင်ရစဉ် ကာလအ တွင်း အကျဉ်းသား တစ်ဦးကဲ့သို့ ခံစားခဲ့ရကြောင်း အမ်ဝါဇီက ပြောခဲ့ဖူးသည်။

အမ်ဝါဇီသည် ၂၀၁၃ခုနှစ်တွင် အယ်လ်အာရန်ဟု အမည်ပြောင်းလဲခဲ့ပြီး ကူဝိတ်သို့ သွားရန် ထပ်မံကြိုးစား ခဲ့ကြောင်း၊ သို့သော် ခရီးသွားခွင့် ပိတ်ပင်ခံခဲ့ရပြန်ကြောင်း၊ အမ်ဝါဇီ အိမ်မှ ပျောက်သွားပြီး ၃ရက်အကြာ တွင် ၎င်း၏မိဘများက လူပျောက်ကြေညာခဲ့ကြောင်း၊ နောက် ၄လအကြာတွင် အမ်ဝါဇီကို ဆီးရီးယားတွင် တွေ့သည်ဟု ဗြိတိန်ရဲတပ်ဖွဲ့က အမ်ဝါဇီ၏ မိဘများကို လာရောက်အကြောင်းကြားခဲ့သည်။ သို့သော် ၎င်း၏မိဘများက အမ်ဝါဇီမှာ တူရကီတွင် ဒုက္ခသည်များကို ၀ိုင်းဝန်းကူညီနေခြင်းဖြစ်ပြီး ဆီးရီးယားသို့ ရောက်နေခြင်းမဟုတ်ဟု တုံ့ပြန်ခဲ့သည်။ သို့သော် ဆီးရီးယားသို့ ရောက်နေသည့် ဗြိတိန်နိုင်ငံသား ဆေးအ ဖွဲ့ဝင်နှစ်ဦးက အမ်ဝါဇီကို တွေ့ရှိခဲ့ပြီး အမ်ဝါဇီ၏ပုံစံမှာ “သေမထူး၊ နေမထူး”ဖြစ်နေသည်ဟု ဖွင့်ဟခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ပြထားသည်။

IS ပါးကွက်သား ဂျွန် နှစ်သက်သည့်အရာများ
အကြိုက်ဆုံး တေးဂီတအဖွဲ့ - S Club 7
အကြိုက်ဆုံး အရောင် - အပြာရောင်
၁၀ နှစ်သားအရွယ်တွင် အနှစ်သက်ဆုံးဂိမ်း -Duke Nukem: Time To Kill
အနှစ်သက်ဆုံးစာအုပ် - How To Kill A Monster
အကြိုက်ဆုံး ကာတွန်းကား - The Simpsons
အကြိုက်ဆုံးအစားအစာ - ကြက်သား

Nz ရိုးရာလေး
Previous
Next Post »
Powered by Blogger.