နိုင်ဂျီးရီးယားနိုင်ငံ Damasak မြို့က အမျိုးသမီးနဲ့ ကလေးငယ် အယောက် ၅၀၀ ကျော်ကို ဘိုကိုဟာရမ် အဖွဲ့ က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အဲဒီမြို့ကို ဘိုကို ဟာရမ် အဖွဲ့က သိမ်းပိုက်ထားပြီး ဒီလအတွင်းမှာပဲ ချက်တ်နိုင်ငံနဲ့ နီဂျဲ နိုင်ငံတို့ ပူးပေါင်းပြီး ဘိုကိုဟာရမ် လက်ထဲကနေ ပြန်ရယူနိုင်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။
အဲဒီမြို့က ကုန်သွယ်ရေးသမား Souleymane Ali က ဘိုကိုဟာရမ်အဖွဲ့အနေနဲ့ အမျိုးသမီးနဲ့ ကလေးငယ် ၅၀၆ ယောက်ကို ဘိုကို ဟာရမ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီအထဲက ၅၀ ကတော့ ဒီမြို့ကနေ မထွက်ခွာခင်မှာပဲ အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
Mohamed Ousmane ဆိုတဲ့ ကုန်သွယ်ရေးသမား နောက်တစ်ယောက်ကလည်း သူ့ဇနီး နှစ်ယောက်နဲ့ ကလေး သုံးယောက်ကိုပါ ဘိုကိုဟာရမ် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီလို့ ပြောပါတယ်။
ဘိုကိုဟာရမ် အဖွဲ့ဟာ ဗလီကျောင်းကြီး တစ်ကျောင်းကို ဝိုင်းပြီးနောက် အမျိုးသမီးနဲ့ ကလေးငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယား အစိုးရက တရားဝင်ပြောဆို ထားတာ မရှိသေးပါဘူး။
ဘိုကိုဟာရမ် အဖွဲ့ဟာ အရင်နှစ် ဧပြီလတုန်းကလည်း ကျောင်းသူ အယောက် ၃၀၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးပါတယ်။
ဘိုကိုဟာရမ်ကို နှိမ်နင်းဖို့ ချက်တ်နိုင်ငံ၊ နီဂျဲ အစရှိတဲ့ အာဖရိက နိုင်ငံတွေ စုပေါင်းပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့ရာက တချို့နေရာတွေကို ပြန်လည် သိမ်းပိုက်နေပေမယ့် တဖက်မှာလည်း အခုလို ဖမ်းဆီးမှုတွေ ထပ်မံ ခံနေရတာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံမှာ အရင်လတုန်းက ရွေးကောက်ပွဲ ကျင်းပဖို့ရှိပေမယ့် အကြမ်းဖက်မှုတွေ များလွန်းတဲ့ အတွက် ဒီလာမယ့် စနေနေ့မှာ ကျင်းပဖို့ ရက်ရွှေ့ဆိုင်းခဲ့ကြပါတယ်။
ဘိုကိုဟာရမ် အဖွဲ့ကတော့ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးသလို အကြမ်းဖက် တိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon