ဘာလင်မြို့ရှိ သီးသန့်ငှားရမ်းထားတဲ့ အခန်းတစ်ခန်းရဲ့ မီးရောင်အောက်မှာ အမျိုးသမီးတွေ တစ်ဦးနဲ့တစ်ဦး ကြမ်းကြုတ်စွာ သတ်ပုတ်နေကြရတာကို တွေ့ရမှာပါ။ တစ်ခါတစ်လေ သွေးသံရဲရဲနဲ့ တိရိစ္ဆာန်တွေလိုပဲ တိုက်ခိုက်နေကြတာပါ။
ဒီအမျိုးသမီးတွေရဲ့သတ်ပုတ်ပွဲတွေမှာ တရားဝင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တွေ့ရမှာမ ဟုတ်ပါဘူး။ သတ်ပုတ်တဲ့ အမျိုးသမီးတွေထဲမှာ အခုမှ စတင်သတ်ပုတ်ဖူးတဲ့သူတွေ ပါသလို ယှဉ်ပြိုင်သတ် ပုတ်မှုမှာ ၀ါရင့်နေတဲ့ အမျိုးသမီးတွေလည်းပါဝင်ပါတယ်။ ဒီမှာ အသက် (၂၀)ကနေ (၅၀)အထိ အမျိုးသမီး များပါတယ်လို့ အဲဒီသတ်ပွဲကလပ်တွေအကြောင်းကို (၂၀၁၃) က စလို့ (၂၀၁၄) ထိတိုင် လနဲ့ချီလို့ မှတ် တမ်းတင်ထားတဲ့ ဓါတ်ပုံဆရာမ ကတ်တာဇီနား မာဇာက ပြန်ပြောင်းပြောပြပါတယ်။
အန်နာ ကိုဒါ နဲ့ အနီရောင်နတ်ဆိုးမ ဆိုတဲ့ အမျိုးသမီးနှစ်ဦးက အဲဒီ သတ်ပုတ်ပွဲကလပ်ကို စတင် တည်ထောင်ဦးဆောင်နေသူတွေဖြစ်ပါတယ်။ ကိုယ်ကာယအလှကစားသမားတွေနဲ့ ကိုယ်ခံပညာကစား သမားတွေကို ပွဲစီစဉ်ပေးပြီး ယှဉ်ပြိုင် သတ်ပုတ်စေတာတွေလည်း ရှိပါတယ်။ သူတို့တတွေဟာ နပန်းသတ်လို့လည်းရတယ်၊ ထိုးကြိတ်လို့လည်းရတယ်၊ ကုတ်ခြစ်ခွင့်လည်းရှိတယ်။ ဒိုင်သူကြီးမထားဘဲ ကစားနေတဲ့ ကစားပွဲရဲ့ အခြေအနေကို သိရှိတဲ့သူတစ်ယောက်ယောက်ကိုပဲ ဒီပွဲအတွက် အကဲဖြတ်ခိုင်း တာပါ။ အနည်းငယ်သော ပွဲကြည့်ပရိတ်သတ်တွေကတော့ ယောကျာ်းတွေဖြစ်ပြီး ကိုယ့်ရဲ့ပြင်ပက ရှင် သန်နေရတဲ့ဘ၀တွေကို ခွာချကာ ယှဉ်ပြိုင်သတ်ပုတ်လိုတဲ့ ပြိုင်ပွဲဝင်တွေကတော့ အမျိုးသမီးတွေသာ ဖြစ်ပါတယ်။
“ဒီလို သတ်ပုတ်ပွဲကို ပထမဦးဆုံးမြင်တွေ့ရတော့ ကျွန်မ တော်တော် ထိတ်လန့်အံ့သြမိပါတယ်။ ဒီလို သတ်ပုတ်ပွဲမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေမယ့် ခုလို အနီးကတ်မြင်ခွင့်ရတာကိုက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သတ်ပုတ်ကွင်းရဲ့ စည်းဝိုင်းထဲမှာ တားမြစ်ချက်တွေ၊ ချုပ်တည်းထားရတာတွေ အကြောက် တရားတွေ လုံးဝကိုမရှိကြတာပါ”လို့ ဓာတ်ပုံသင်တန်းကျောင်း အောင်လက်မှတ်ရဖို့အတွက် သတ်ပုတ် ပွဲတွေကို ဓါတ်ပုံလာရောက်ရိုက်ကူးနေရတဲ့ မူဇာက ဆိုပါတယ်။
အစ ပထမတော့ သတ်ပုတ်ပွဲကပုံတွေကို အရောင်တွေနဲ့ ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစည်း ၀ိုင်းပေါ်မှာ ခင်းထားတဲ့ အပြာရောင်ဖျာတွေနဲ့ နီယွန်မီးရောင်တွေကြောင့် စိတ်တိုင်းကျတဲ့ ဓာတ်ပုံတွေကို မရခဲ့ဘူး။ ဒါကြောင့် နောက်ပိုင်းမှာ အရောင်ပါတဲ့ ပုံတွေအစား အဖြူအမည်းပုံတွေကို ရိုက်ကူးခဲ့ပြီး အဝေးကနေ ရိုက်ထားတဲ့ ပုံစံမျိုးထက် လှုပ်ရှားမှုတွေကိုသာ အဓိကအသားပေးတဲ့ အနီးကတ်ပုံတွေကို ရိုက်ကူးလာခဲ့တယ်လို့ မူဇာက ရှင်းပြထားပါတယ်။
“အဲဒီလိုရိုက်ကူးဖို့လည်း မလွယ်ကူလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပွဲတွေက ခဏလေးနဲ့ ပြီးဆုံးသွား တတ်ပြီး ခန့်မှန်းရလည်း အလွန်ခက်ပါတယ်။ သတ်ပုတ်နေတဲ့အမျိုးသမီးတွေက တစ်ဦးကိုတစ်ဦး လေးစား ကြတဲ့အပြင် တစ်ယောက်ယောက်က အလွန်အမင်း အထိနာသွားပြီ ဆိုတာနဲ့ ကစားပွဲကို ရပ်လိုက်ကြတာ ပါ။ ကျွန်မကိုယ်တိုင်ကလည်း ကိုယ့်ကိုလာ မထိခိုက်အောင် အထူးသတိထားရပါတယ်။ ဘေးနားမှာခုံတွေ ရှိနေလို့ တော်သေးတာပေါ့။ သူတို့ သတ်ပုတ် လုံးထွေးတာတွေက ကျွန်မခြေထောက်နားကို ရောက်လာပြီ ဆိုတာနဲ့ ကျွန်မဖြင့် ခုံပေါ်ကို ခုန်တက်ရတော့တာပါပဲ” လို့ ဓာတ်ပုံဆရာမက ဆိုထားပြန်ပါတယ်။
“ကျွန်မရဲ့ ဓါတ်ပုံပရောဂျက်အတွက် ပုံကောင်းတွေရဖို့ သတ်ပွဲမှာတွေ့ရတဲ့ ပြင်းထန်မှုတွေကို အကင်း ပါးပါးနဲ့ ကြည့်တတ်ဖို့လိုပါတယ်။ ကျွန်မဘယ်လိုပုံတွေကို အမိဖမ်း ရိုက်ကူးလိုက်ချင်တာလည်း ဆိုတာတောင် တခါတလေမသိဘူး။ သူ့အလှည့် ကိုယ့်အလှည့် သတ်ပုတ်နေတဲ့ အခြေအနေကို ဖမ်းယူချင်တာလား။ ဒါမှမဟုတ် သတ်ပုတ်နေတုန်း ကစားသမားတွေမှာ ဖြစ်ပေါ်လာတဲ့ စိတ်အားထက် သန်မှုကိုပဲ ရိုက်ကူးချင်တာလားတောင် သိဖို့ခက်ပါတယ်။ အခန်းထဲမှာရှိတဲ့ မြင်ကွင်းတွေကို အဓိပ္ပါယ်အမျိုး မျိုးဖွင့်ဆိုလို့ ရနေတယ်။ ကိုယ့်အားနည်းချက်ကိုလည်း ပြန်ဆန်းစစ်ကြည့်ရတယ်။ ငါ ဘယ်အထိ လိုက်ရိုက် နိုင်မလဲ။ သူတို့ကရော ငါ့ရဲ့ လုပ်ဆောင်ချက်တွေကို ယုံကြည်ပါ့မလား။ ငါ ဓါတ်ပုံရိုက်နေတာကိုရော တကယ်ခွင့်ပြုရဲ့လား ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်”လို့ မူဇာက သူ့ရဲ့အတွေ့အကြုံကို ပြန်ပြောင်းပြောဆိုထားပါတယ်။
“နှစ်တွေကြာမြင့်ခဲ့ပေမယ့် အဲဒီသတ်ပုတ်တဲ့ကလပ်ကတော့ ရှင်သန်နေဆဲ ဖြစ်ပြီး အရင်ကထက် တောင် ပိုကောင်းလာပါသေးတယ်။ အဲဒီမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို တည်းဖြတ်တိုင်း ဒီ သတ်ပုတ်ပွဲ တွေဟာ တကယ်ဖြစ်ခဲ့တာတွေပဲလို့ ပြန်သတိရမိပါတယ်။ ပြီးတော့ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ကျွန်မရိုက် ကူးလိုတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားမှုတွေ လွတ်လပ်ပွင့်လင်းတဲ့အတွေးအခေါ် တွေနဲ့ ချဉ်းကပ်ဖို့လိုတယ်လို့ အဲဒီသတ်ပုတ်ပွဲတွေက ကျွန်မကို အမြဲသတိပေးလျက်ရှိပါတယ်” လို့ သူမက ဆိုထားပါသေးတယ်။
ခင်အေးမြလွင် - ဧရာဝတီ
Sign up here with your email
ConversionConversion EmoticonEmoticon