နမ့်ခမ်းမြို့၌ သတ္တုကျောက်တင်ကားတစ်စီး ဗုံးခွဲဖျက်ဆီးခံရ


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်အတွင်း သတ္တုကျောက်တင်ကားတစ်စီး ဗုံးခွဲ ဖျက်ဆီးခံရကြောင်းသတင်းရရှိသည်။

မတ်ခ်ျလ ၁၀ ရက် ၁၉း၂၀ နာရီက ဗုံးခွဲခံရသောကားမှာ ဆီလီကွန် သတ္တုကျောက်တင်ဆောင်ထားသော ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ တရုတ်လုပ် ၆ ဘီးကား ဖြစ် ကြောင်း နမ့်ခမ်းမြို့ဒေသခံ စိုင်းယီ ကဆိုသည်။

“ကား ရဲ့ စက်ခေါင်းအောက်ပိုင်းမှာ ဗုံးခွဲခံရပြီး ကားအင်ဂျင်ပိုင်း တစ်ချို့ပျက်စီးတယ်၊ လူထိခိုက်သေဆုံး မှုတော့ မရှိပါဘူး၊ ကားပိုင်ရှင်က အောင်မေတ္တာရပ်ကွက်က စိုင်းပီးပါ။ သူ့အိမ်ရှေ့မှာဘဲ သူ့ကား ဗုံးခွဲခံ ရတာ။ ဗုံးက ပြင်းတယ်တဲ့။ မြေကြီးတောင် တုန်သွားတယ်ပြောတယ်၊ ဗုံးပေါက်ကွဲပြီးတော့ မြို့ထဲမှာ ချက်ချင်း တိတ်ဆိတ်သွား ပါတယ်။ လူသွား လူလာမရှိသလောက်ပဲ ” ဟု ၄င်းကပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ဒေသခံပြည်သူလူထု စုပေါင်းပြီး သတ္တုကျောက်တင်ကားများကိုတားဆီးခဲ့ကြောင်း၊ တားဆီးခံရသောကားများတွင် ယခုဗုံးခွဲခံရသောကားလဲပါဝင်ကြောင်း၊ မည်သည့် အဖွဲ့ ကလာရောက်ပြီး ဗုံးခွဲသည်ကိုမသိရသေးကြောင်း အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဗုံးကတော့ တောင်ဖြိုတဲ့ မိုင်းပဲ ၊ ပြီးခဲ့တဲ့နှစ် မြို့နယ်အုပ်ချုပ်ရေးအထောက်အကူပြု အဖွဲ့ ၀င်၊ SNLD ကျားခေါင်းပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းအောင်ဝင်း နေအိမ်မှာ ပေါက်တဲ့ ဗုံးအမျိုးအစားနဲ့ အတူ တူပဲဖြစ်တယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့် အားပြောသည်။

နမ့်ခမ်းမြို့တွင် မကြာခဏ ဗုံးများပေါက်ကွဲလေ့ရှိပြီး သို့သော် ဗုံးခွဲတရားခံကို အာဏာပိုင်ဘက် တစ်ကြိမ် တစ်ခါ မျှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်းဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် / စိုင်းလုံ
Previous
Next Post »
Powered by Blogger.