ယူကရိန်းနိုင်ငံအရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေါ့ညှက်စ်မြို့မှာ မတ် ၄ ရက်နေ့က ကျောက်မီး
သွေးတွင်းတခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တွင်းလုပ်သား အယောက် ၃၀ သေဆုံးတယ်လို့ သူပုန်တွေက ပြောပါတယ်။
ပေါက်ကွဲမှုဟာ မနက်အစောပိုင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဓာတ်ငွေ့ပေါက်ကွဲမှုလို့ ယူဆရကြောင်း၊ လောလော ဆယ် တွင်းလုပ်သား ၁ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရတယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။
ကျောက်မီးသွေးတွင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်၊ ၂၀၀၇ ခုနှစ်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တွင်းလုပ်သား ၁၀၁ ယောက် သေဆုံးခဲ့တဲ့တွင်းလည်း ဖြစ်ပါတယ်။
သူပုန်ထိန်းချုပ်ဒေသ ဖြစ်လို့ အခုလို အရေးပေါ်ကိစ္စတွေမှာ သူပုန်တွေ မစီမံခန့်ခွဲနိုင်မှာကို ဒေသခံတွေ စိုးရိမ်နေကြပြီး ယူကရိန်းသမ္မတ ပိုရိုရှန်ကိုကတော့ အစိုးရက ကယ်ဆယ်ရေး အဖွဲ့တွေကို စေလွှတ်ခွင့်ပေး ဖို့ သူပုန်တွေကို တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်တွေက ကျောက်မီးသွေးတွင်းအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်းတော့ မရှိဘူးလို့ ကျောက်မီးသွေးတွင်း အာဏာပိုင်တဦးက ပြောဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့အချိန်မှာ တွင်းလုပ်သားအားလုံး ၂၃၀ ကျော်အလုပ်လုပ်နေပြီး အဲဒီက ၂၀၀ လောက် ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။
ကျောက်မီးသွေးတွင်းဟာ ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံးတွင်းတွေထဲက တတွင်းဖြစ်ပြီး ယူကရိန်းနိုင်ငံရဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင် ရီနတ် အက်ခမီတောဗ့် (Rinat Akhmetov) ရဲ့ ဒေသတွင်းစီးပွားရေး လုပ်ငန်းတွေကို ကျောက်မီးသွေးထောက်ပံ့နေတဲ့တွင်းလို့လည်း သိရပါတယ်။
DVB

Sign up here with your email
ConversionConversion EmoticonEmoticon