ကေအိုင်အေ နှင့် တပ်မတော်တိုက်ပွဲများကြောင့် အပစ်ရပ်စာချုပ်ရေးထိုးရေး မပျက်ပြားနိုင်ဟုဆို


တစ်နိုင်ငံလုံးအပစ်ရပ်ရေး ဆွေးနွေးနေချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း ယင်းတိုက်ပွဲများကြောင့် တစ်နိုင်ငံလုံးအ ပစ်ရပ်စာချုပ် (NCA) ရေးထိုးရေးကို ပျက်ပြားစေနိုင်မည် မဟုတ်ဟု တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ခွန်ဥက္ကာက မတ် ၂၄ရက်က ပြောသည်။

"တိုင်းပြည်နဲ့နိုင်ငံတကာအခြေအနေ ပြည်တွင်းလူထုအခြေအနေ မလွဲမသွေ အပစ်အခတ်ရပ်စဲရေးကို ချုပ်ဆိုရတော့မယ်။ တောင်းဆိုချက်တွေအရ ချုပ်ဆိုတော့မယ် ဆိုတော့ လိုက်နာရတော့မယ်။ လိုက်နာ ရတော့မယ်ဆိုတော့ ပစ်နေတာ လျှော့သွားနိုင်တယ်။ ရပ်သွားနိုင်တယ်" ဟု ခွန်ဥက္ကာက ပြောသည်။

၎င်းက ဆက်လက်၍ "အဓိက ကတော့ အကျိုးစီးပွားပဲ တပ်မတော်က တိုက်တယ်ဆိုတာကလည်း သူတို့မှာ စစ်ရေးမျှော်မှန်းချက် ရှိလို့။ စစ်စင်ရေးလုပ်တယ်ဆိုတာ အလကားလုပ်တာမဟုတ်ဘူး၊ တိုင်းရင်းသားတွေ ဘက်ကလည်း မိမိကိုယ်ကို ခုခံကာကွယ်ရတယ် မိမိနိုင်ငံရေး ရှင်သန်ဖို့အတွက် စစ်ရေးကို အသုံးပြုရ တယ်။"ဟု ၎င်းက အခြေအနေကို ရှင်းပြသည်။

လက်ရှိအပစ်ရပ်ရေး လက်မှတ် မထိုးမီအချိန်တွင် နှစ်ဖက်စလုံးက ပစ်ခတ်တိုက်ခိုက်မှုများ မရှိရန် ကတိ ကဝတ် မရှိသည့်အတွက် အောက်ခြေတပ်အချင်းချင်း ပစ်ခတ်မှုမျိုး ရှိနိုင်သေးသည်ဟု ဆိုသည်။

လက်ရှိတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေ မန်စီမြို့နယ် မဒန်ယန်နှင့် မထက်ဒူး ခိုကျေးရွာ နှစ်နေရာတွင် ကေအိုင်အေ နှင့် တပ်မတော်တို့ မတ်လ ၂၂ရက်မှ စတင်၍ လေးရက်ကြာ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး တပ်မတော်မှ လေကြောင်း တိုက်ခိုက်မှုပင် ရှိသည်ဟု ကေအိုင်အေ၏ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်းအောင်က ဆိုသည်။

ယင်းအပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA နှင့်လည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လင်းကျေးရွာအနီးနှင့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကွမ်းစလန်းကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာအနီးတို့တွင် တအာင်းတပ်နှင့် အစိုးရ စစ်တပ်တို့ မတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မတ်လ ၁၇ရက်မှ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့သည် တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုနိုင်ရန် ယင်းစာချုပ်ပါ အချက်များကို ၆ရက်ကြာ ညှိနှိုင်းခဲ့ကြသည်။ လက်ရှိတွင် ဆွေးနွေးမှုကို တစ်ပတ်တာ ရပ်နားထားပြီး ကျန်ရှိနေသည့် အခန်း ၆ နှင့် ၇ကို ဆက်လက်ဆွေးနွေးဦးမည်ဖြစ်သည်။

ခင်မြတ်မြတ်ဝေ - mizzima
Previous
Next Post »
Powered by Blogger.