နှစ်ပေါင်းသုံးထောင်မျှ သက်တမ်းရှိ အနုပညာ လက်ရာများကို အိုင်အက်စ်တပ်ဖွဲ့များ ဖျက်ဆီး


သက်တမ်းနှစ်ပေါင်း သုံးထောင်မျှ သက်တမ်းရှိသည့် ရုပ်တုများ အပါအဝင် ရှေးဟောင်းအနုပညာ လက်ရာ မွန်များကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက ဖျက်ဆီးပစ်ခဲ့ကြောင်း သိရှိရသည်။

ဆွန်နီအစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများသည် အီရတ်ရှိ ၎င်းတို့ သိမ်းပိုက်ထားရာ မိုဆူးလ်မြို့မှ အနုပညာ ပြတိုက်အတွင်း ပြသထားသော ရှေးဟောင်းလက်ရာများကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ အိုင်အက်စ် တပ်ဖွဲ့ဝင်များသည် တူများ၊ လွန်ပူစက်များကို အသုံးပြုကာ တန်ဖိုးမဖြတ်နိုင်သည့် ရှေးလက်ရာ များကို ဖြိုဖျက်ပစ်ခဲ့ခြင်း ဖြစ်သည်။

ရှေးဟောင်း ရုပ်တုများသည် ရုပ်တုကိုးကွယ်မှုကို အားပေးလှုံ့ဆော်သည်ဟု အိုင်အက်စ်တို့က စွပ်စွဲကာ နင်နီဗာ ပြတိုက်အတွင်းရှိ ရှေးဟောင်းလက်ရာများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်ကို မှတ်တမ်းတင် ရိုက်ကူးထားသည့် ဗီဒီယိုများအရ အိုင်အက်စ်တို့ လက်ချက်ကြောင့် ကြေမွသွားသည့် သမိုင်းဝင် အနုပညာ လက်ရာများတွင် ဘီစီကိုးရာစုလက်ရာဖြစ်သည့် တောင်ပံပါ နွားသိုးရုပ်တုလည်း အပါအဝင် ဖြစ်သည်။

“တမန်တော်က ရုပ်တုတွေ၊ ဓာတ်တော်တွေဆိုရင် ဖျက်ဆီးပစ်ဖို့ ကျွန်ုပ်တို့ကို အမိန့်ပေးထားတယ်။ တမန်တော်ရဲ့ နောက်လိုက်တွေကလည်း သူသိမ်းယူခဲ့တဲ့ နိုင်ငံတွေမှာ အလားတူ လုပ်ဆောင်ခဲ့တာပဲ ဖြစ်တယ်”ဟု အမည်မသိ စစ်သွေးကြွ တစ်ဦးက ဗီဒီယိုထဲတွင် ပြောကြားထားခဲ့သည်။

အိုင်အက်စ် တပ်များသည် မိုဆူးလ်ကို သိမ်းပိုက်ပြီးနောက် အစ္စလာမ်မစ် ဘာသာရေးအရ မြင့်မြတ်သည့် ဝတ်ပြုနေရာအချို့ကိုလည်း ဖျက်ဆီးခဲ့သည်။ အိုင်အက်စ် တပ်များသည် ၎င်းတို့ သိမ်းယူထားသည့် နယ်မြေ များမှ ရှေးလက်ရာများကို မှောင်ခိုဈေးကွက်တွင် ရောင်းချခြင်းဖြင့်လည်း ဘဏ္ဍာငွေ ရှာဖွေနေသည်ဟု ယူဆ ရသည်။

အိုင်အက်စ် တပ်များသည် မိုဆူးလ် ပြည်သူ့စာကြည့်တိုက် အတွင်းရှိ စာအုပ်ပေါင်း တစ်သောင်းကျော်နှင့် ရှားပါး လက်ရေးမူ ခုနစ်ရာကျော်ကိုလည်း မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း သိရှိရသည်။

7Day
Previous
Next Post »
Powered by Blogger.